Ads (728x90)

Photo: စည်းကမ်းမဲ့ယာဉ်တွေ၊ ခေတ်မမီတော့တဲ့ လမ်းစနစ်တွေနဲ့ ဖြေရှင်းလို့မရသေးတဲ့ ယာဉ်ကြောကျပ်မှု ပြဿနာ

ရန်ကုန်မြို့အတွင်းရှိ ပြည်သူလူထု အဓိက ကြုံတွေ့နေရသော ပြဿနာတစ်ခုဖြစ်သည့် ယာဉ်ကြောကျပ်တည်းခြင်းကို တာဝန်ရှိသူများ အနေဖြင့် ယခုအချိန်ထိ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အတွက် နေ့စဉ်ခရီးသွားလာနေသည့် ပြည်သူများ လူမှုဘ၀ အခက်အခဲများစွာဖြင့် ကြုံတွေ့နေရဆဲဖြစ်သည်။

အစိုးရတာဝန်ရှိသူများ အနေဖြင့် ယင်းပြဿနာကို ကုစားနိုင်ရန် အချိန်ယူလုပ်ဆောင်လျက် ရှိသော်လည်း လက်ရှိအချိန်ထိ ပီပီပြင်ပြင် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် နေ့စဉ်နှင့်အမျှ များပြားလာသော စည်းကမ်းမဲ့ယာဉ်များ၊ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် လမ်းစနစ်များကြောင့် ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှု ပြဿနာမှာ ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်လာရခြင်းလည်းဖြစ်သည်။

ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောရှုပ်ထွေး ကျပ်တည်းနေရသည့် ပြဿနာ ဖြစ်ပွားနေရခြင်း၏ အကြောင်းအရာများမှာ အချက်အလက်အများစု ရှိနေပြီး စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကြောင့် ယာဉ်သွားလမ်းကို အပြည့်အ၀ အသုံးမပြုနိုင်ခြင်း၊ လမ်းစနစ်အား တွက်ချက်မှု အားနည်းခြင်းကြောင့် ခုံးကျော်တံတားများ ပြုလုပ်သော်လည်း ယင်းခုံးကျော်တံတားများ အလွန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ထပ်မံဖြစ်ပွားနေခြင်း၊ မီးပွိုင့်စနစ်များ အားနည်းမှုရှိနေခြင်း စသည့်အချက်များလည်း ပါဝင်နေသည်။

လွန်ခဲ့သော လေးနှစ်ဝန်းကျင်က စတင်ခဲ့သော အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကျယ်ဝန်းသည့်ပလက်ဖောင်းများကို လူသွားလာနိုင်သည့် အကျယ်အ၀န်းအထိဖျက်ပြီး လမ်းမကြီးနံဘေး၌ ကားပါကင် ပြုလုပ်ပေးခြင်းနှင့် လမ်းအချို့ကို နေရာချဲ့ထွင်ခြင်း စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို ကရိန်းဖြင့် အရေးယူပြီး ဒဏ်ငွေဆောင်စေခြင်းများ စသောနည်းလမ်းမျိုးစုံ ဖြင့်ဖြေရှင်းနေသော်လည်း လက်ရှိအချိန်ထိ ပြည်သူများမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

ရွှေဂုံတိုင်ခုံးကျော်တံတား၊ လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတား နှစ်စင်းဖြင့် ခုံးကျော်တံတားလေးစင်း တည်ဆောက်ကာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သ်ာလည်း ယင်းခုံးကျော်တံတားများနှင့် အနီးတစ်ဝိုက် လမ်းဆုံများတွင် ယာဉ်ကြောပိတ်ဆို့မှုများမှာ ဆက်လက်ဖြစ်ပေါ်နေသည်။

၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကားတင်သွင်းမှု မူဝါဒများ ပြောင်းလဲလာခြင်းကြောင့် ရန်ကုန်မြို့တွင်းသို့ ပြည်ပမှ ကားတင်သွင်းမှု များပြားလာပြီး ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေမှာ ယခင်ကထက် ပိုမိုသိသာစွာ ဆိုးရွားလာခဲ့သည်။

ကားတင်သွင်းမှု မူဝါဒ မပြောင်းလဲခင်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသော ရန်ကုန်မြို့တော်အတွက် ကားသစ်အစီးရေ နှစ်သိန်းကျော် ထပ်မံဝင်ရောက်လာခဲ့ကြောင်း၊ ယင်းသို့ ကားအစီးရေ လျင်မြန်စွာ တိုးတက်လာခြင်းအပေါ် လမ်းများဆင့်သင့် မဖြစ်သေးခြင်း၊ လမ်းများကို ချဲ့ထွင်အသုံးပြု၍ မရတော့ဘဲ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်မှု၊ ကားပါကင် လုံလောက်မှု မရှိခြင်းတို့က ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွားလာစေခြင်းဖြစ်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ကားအသစ်များ ၀င်ရောက်လာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်း မဟုတ်ဘဲ ကားအတွက် အဆင်သင့် မဖြစ်သေးသော လမ်းစနစ်ကြောင့်သာ အဓိကဖြစ်နေသည်ဟုလည်း ဝေဖန်ထောက်ပြကြသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၁၃ ခုနှစ်ကုန်အထိ အတွင်းတွင် မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သော ယာဉ်အစီးရေမှာ ၂ သိန်း ၃ သောင်းကျော် ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များထံမှ သိရပြီး ယင်းသို့ယာဉ်တင်သွင်းမှုများ ရှိနေသော်လည်း ယာဉ်ကြောပိတ်ဆို့ရသည့် အဓိကအကြောင်းရင်းမှာ လမ်းပြဿနာနှင့် မီးပွိုင့်အချက်ပေးမှု စနစ်များတွင် အားနည်းနေခြင်းများက အဓိကဖြစ်နေကြောင်း ထောက်ပြကြသည်။

မထသ ဗဟိုဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က “ရန်ကုန်မြို့အတွင်းမှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ ခုံးကျော်တံတားတွေ ဆောက်လုပ်ခဲ့တယ် ဆိုတာကလည်း အစိတ်အပိုင်းတစ်ခုသာ ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံအောင်လို့တော့ မပြေလည်နိုင်ပါဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် စစ်တမ်းတွေကို တိတိကျကျ ကောက်ယူရမယ်။ မီးပွိုင့်စနစ်တွေကို ပြန်ပြီးပြုပြင်ရမယ်။ လမ်းနဲ့ယာဉ်တွေရဲ့ အချိုးအစားတွေကို ပြန်ပြီးတွက်ချက်ရမယ်။ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေမှာ ကားပါကင်တွေ စနစ်တကျ ရှိရမယ်။ ခရီးသည်တင်ယာဉ်တွေကလည်း စည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရမယ်။ လူကူးမျဉ်းကြားတွေ စနစ်တကျရှိဖို့ လိုတယ်။

ဘတ်စ်ကားတွေကလည်း လမ်းပြောင်းပြန်မောင်းနှင်တာတွေ မလုပ်သင့်သလို၊ တက္ကစီတွေ၊ အိမ်စီးယာဉ်တွေကလည်း ဘတ်စ်ကားဂိတ်တွေမှာ ရပ်တာတို့ စတဲ့စည်းကမ်းချိုးဖောက်မှုတွေ မလုပ်ဖို့လိုတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တိတိကျကျ လိုက်နာဖို့ လိုကြသလို ယာဉ်၊ လမ်းစနစ်တွေကို တာဝန်ရှိသူတွေက တွက်ချက်တာတွေ စစ်တမ်းကောက်တာတွေ လုပ်နိုင်မှ ဒီယာဉ်ကြောပိတ်ဆို့မှုက ပြေလည်မှာပါ” ဟု ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို သုံးသပ်သည်။

ရန်ကုန်မြို့၌ ဆိုးရွားလာသော ယာဉ်ကြောပိတ်ဆို့မှုများကို ကုစားရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား လေးလအတွင်း အပြီးဆောက်လုပ်သွားမည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခင်အမှတ် (၁) (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ယင်းတို့အနက် ပထမဆုံးဖြစ်သော လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှသာ ပန္နက်တင်၍ စတင်ဆောက်ခဲ့ပြီး ၂၀၁၃ ဧပြီတွင် စတင်အသုံးပြုနိုင်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်ခဲ့ခြင်း မရှိဘဲ ခုံးကျော်တံတားနှင့် ဆက်စပ်နေရာများဖြစ်သော အင်းစိန်လမ်း၊ နာနတ်တောလမ်းအပြင် ပြည်လမ်း၌ပါ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဘုရင့်နောင်ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပန္နက်တင်ခဲ့ပြီး ၂၀၁၃ အောက်တိုဘာ ၃၁ ရက်တွင် စတင်အသုံးပြုခွင့် ရခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင်အသုံးပြုခွင့် ပေးခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောကြားသည်။

“ယာဉ်ကြောပိတ်ဆို့မှုတွေကို ကုစားဖို့ ခုံးကျော်တံတား ဆောက်လုပ်ပေမယ့် ပြေလည်ခြင်း မရှိသေးပါဘူး။ တံတားပေါ်မှာသာ ယာဉ်ကြောရှင်းပေမယ့် တံတားအဆင်း ရှေ့နည်းနည်းဆိုရင် ပြန်ပိတ်သွားပြီ။ အမှန်က ခုံးကျော်တံတားတွေက ဒီလမ်းဆုံလေးကိုပဲ ခွပြီးဆောက်မယ့်အစား ထိုင်းနိုင်ငံမှာလို ယာဉ်ကြောကျပ်နိုင်တဲ့ နေရာတွေကို အရှည်ထိုးပြီး ဆောက်သင့်တာ။ အစိုးရ တာဝန်ရှိသူတွေက ဘယ်လိုစိတ်ကူးမျိုးနဲ့ ဆောက်ကြလဲတော့ မသိဘူး။ ဒါကြောင့် အခုမြေနီကုန်းမှာ ထပ်ဆောက်လည်းပဲ ဒီပုံစံအတိုင်းသာ ဆောက်မယ်ဆိုရင် ဘတ်ဂျက်ကုန်တာပဲရှိမယ်။ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။

မြေနီကုန်းလမ်းဆုံတွင်လည်း ခုံးကျော်တံတားတစ်စင်းကို ၂၀၁၄-၂၀၁၅ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်းအဖြစ် ဖော်ဆောင်မည်ဟု လျာထားပြီး ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံသုံးစွဲရန် လျာထားပြီး လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားတို့ အတွက်လည်း ငွေကျပ် ၄၉ ဘီလျံကျော် ကုန်ကျခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ကတ္တရာလမ်း အရေအတွက် ၂၀၀၀ ကျော် ရှိသော်လည်း ယင်းအထဲတွင် အဓိက ခြောက်လမ်းသွား လမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ဗညားဒလလမ်း၊ ကမ်းနားလမ်း စသည်တို့သာရှိပြီး ကျန်ရှိသည့် လမ်းအများစုမှာ လေးလမ်းသွားအဆင့်သာရှိကြောင်း၊ လေးလမ်းသွားဟု ဆိုသော်လည်း လေးလမ်းအပြည့်အ၀ သုံးနိုင်ခြင်းလည်း မရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင်မူ လေးလမ်းသွားများ လမ်းများဖြစ်သည့် အနော်ရထာလမ်း၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အပါအ၀င် လမ်းများကို ယာဉ်ရပ်နားမှု အဆင်ပြေစေရန်အတွက် လမ်းတစ်လမ်းလုံးကို မဟုတ်ဘဲ အပိုင်းလိုက် အနည်းငယ် ချဲ့ထွင်မှုများသာ ရှိခဲ့ကြောင်း သိရသည်။

“မြို့တွင်းတွေမှာ ကားရပ်နားဖို့ အဆင်ပြေအောင် လမ်းဘေးပလက်ဖောင်းတွေကို လှီးထုတ်ပြီး ကားပါကင်လုပ်ခဲ့တယ်။ အခုတော်တော်များများလည်း လုပ်ခဲ့ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကတော့ အကုန်တော့ မဟုတ်ဘူး။ ၃၀ ရာခိုင်နှုန်းလောက်တော့ ပြေလည်တယ်။ ဒါပေမဲ့ ချဲ့လိုက်တဲ့ နေရာတွေမှာ လမ်းဘေးဈေးသည်တွေက ဈေးတက်ရောင်းနေတော့ ချဲ့တာလည်း အလကား ဖြစ်သွားတာပေါ့။ သူတို့ကိုလည်း အချိန်နဲ့ ဈေးရောင်းချခွင့်ပေးထားတာပဲ။ အဲဒီကြားထဲကနေကို ပလက်ဖောင်းတွေပေါ် တက်ရောင်းနေတာ။ အဲဒီကိစ္စကို ရှင်းပြန်တော့လည်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အားမပေးဘူးတို့ဘာတို့ ဖြစ်လာတော့ တော်တော်ကို ခက်ခဲပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများအပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယာဉ်စည်းကမ်းချိုးဖောက်မှုများအဖြစ် မောင်းနှင်နေသောယာဉ်များကို စစ်ဆေးခဲ့ရာတွင် ရာခိုင်နှုန်း ၃၀ မှာ နယ်လိုင်စင်ဖြင့် ၀င်ရောက်မောင်းနှင်သူများ ဖြစ်နေခြင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲသူများ ဖြစ်နေခြင်းများကိုလည်း တွေ့ရှိရပြီး ရန်ကုန်မှတ်ပုံတင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ယာဉ်စုစုပေါင်းမှာ ၃၅၁၉၈၅ စီးရှိကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုနှင့်အတူ ယာဉ်မဆင်မခြင် မောင်းနှင်မှုများကြောင့်လည်း ရန်ကုန်တိုင်းအတွင်း ယခုနှစ် ဇန်န၀ါရီလအတွင်း ၄၄ ဦး၊ ဖေဖော်ဝါရီလအတွင်း ၄၉ ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် ယာဉ်မောင်းသူ၏ စည်းကမ်းမဲ့ ပေါ့ဆမှုကြောင့် အများဆုံးဖြစ်နေပြီး ကျန်ရှိသည့် ယာဉ်တိုက်မှုများတွင် လမ်းအခြေအနေနှင့် ယာဉ်များ၏ကြံ့ခိုင်မှု အခြေအနေများကြောင့်ဖြစ်ပြီး အချို့နေရာများတွင် မီးပွိုင့်အချက်ပြစနစ်များ ချို့ယွင်းနေခြင်းများကလည်း ယာဉ်တိုက်မှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်နေကြောင်း သိရသည်။

“ယာဉ်ကြောပိတ်ဆို့တာကို လမ်းစနစ်ကြောင့်လို့ ပြောတဲ့နေရာမှာ စည်ပင်အနေနဲ့လည်း အားနည်းချက်တွေ အများကြီး ရှိပါတယ်။ အဲဒီအားနည်းချက်တွေကိုလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြတဲ့အခါမှာ လုပ်တာမျိုး မရှိဘူး။ ဒါကြောင့် စည်ပင်ရော ရန်ကုန်တိုင်းဒေသကြီး အစိုးရရော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်ဖို့ တော်တော်ကို အားနည်းနေပြီး ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်သည်။

ထို့ပြင် ရန်ကုန်မြို့တော်အတွင်း ယခုအချိန်အထိ ကားရပ်နားနိုင်သည့် ကားပါကင် အလုံအလောက် မရှိသေးခြင်းကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရာတွင် အားနည်းနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်အား နှစ် ၃၀ စီမံကိန်းဖြင့် ဂျပန်နိုင်ငံ၏ အကူအညီရယူကာ ရေးဆွဲနေသော စီမံကိန်းအတွက် JICA က ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာတွင်လည်း ကားပါကင်အလုံအလောက် မရှိခြင်းကို ထောက်ပြထားကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၃ နှစ်ဆန်းပိုင်းက ရန်ကုန်မြို့တွင်းရှိ နေရာအချို့တွင် ယာဉ်ရပ်နားစခန်းအချို့ ထပ်မံဖော်ထုတ်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ဖူးသော်လည်း အကောင်အထည်ဖော်နိုင်မှု မရှိကြောင်း သိရသည်။

“ရန်ကုန်မြို့တွင်းမှာက သိတဲ့အတိုင်းပဲ မြေနေရာလွတ် ရှားပါးနေတာ။ အသစ်ဆောက်တဲ့ အဆောက်အအုံမှာ လေးထပ်ကျော်ရင် ကားပါကင်ကို အဆင်ပြေတဲ့နေရာမှာ ထည့်ဖို့ပြောထားတယ်။ ပေ ၂၅ လောက်ရှိတဲ့ မြေကွက်မှာ ကားပါကင်ထည့်ဖို့က မြေညီထပ်ကို မရောင်းဘဲနဲ့ ကားပါကင်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ အခြားနေရာမှာ ထည့်လို့မှ မဖြစ်နိုင်တာ။ ဒါပေမဲ့ စီးပွားရေးသမား ကျတော့လည်း မြေညီထပ်ပဲ ဈေးကောင်းရတော့ ဒီကိစ္စကတော်တော်ကို ခက်ခဲတဲ့ အနေအထားပါ” ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသိန်းအောင်က ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သော်လည်း ပြေလည်မှု မရှိသည့် စနစ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို မရှိစေရန် ယာဉ်မရပ်ရလမ်းများ သတ်မှတ်ခဲ့ခြင်းပင်ဖြစ်ပြီး ယခုအခါ ယာဉ်မရပ်ရလမ်းအဖြစ် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဦးဝိစာရလမ်းမကြီးများ အပါအ၀င် လမ်း ၅၇ လမ်းကို သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ယာဉ်များရပ်နားထားဆဲပင်ဖြစ်၍ ၁၀ လမ်းအား ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းလမ်းများတွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားပါက ကရိန်းယာဉ်ဖြင့် ရှင်းလင်းသည့် အစီအစဉ်ကို ၂၀၁၃ နိုဝင်ဘာတွင် စတင်ခဲ့ရာ လမ်းမပေါ်တွင် ယာဉ်မရပ်ရတော့ခြင်းကြောင့် လမ်းသွယ်များထဲတွင် ယာဉ်များဝင်ရောက်ရပ်နားကာ အဆိုပါလမ်းသွယ်များတွင်ပါ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာသည်။

ထပ်မံ၍ ဟံသာဝတီအ၀ိုင်း၊ ဦးထောင်ဘိုအ၀ိုင်း စသည့်နေရာများတွင် မီးပွိုင့်များပြုလုပ်၍ ယာဉ်သွားလာမှု အဆင်ပြေစေရန် ထိန်းချုပ်လုပ်ဆောင်မှုကို ဟံသာဝတီအ၀ိုင်းတွင် စတင်ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ အဆိုပါမီးပွိုင့်ကို သုံးစွဲမှုပင် မရှိတော့ကြောင်း သိရသည်။

“ကျွန်တော် အငှားယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော်ပြီ။ နဂိုကဆို အရမ်းဆွဲလို့ကောင်းတာ။ တစ်နေ့ကို သုံးသောင်းလောက်ကတော့ အသာလေးပဲ။ အခုတော့ ယာဉ်တွေများတာလည်း ပါသလို၊ စည်းကမ်းမဲ့တွေလည်းမောင်း၊ လိုင်စင်အနီတွေကလည်း အလွယ်တကူ သဘောမျိုးတွေ မြန်မြန်ဆန်ဆန် ရနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ တစ်နေ့ကို တစ်သောင်းကျန်အောင်တောင် မနည်းဆွဲနေရပြီ။ ယာဉ်ကြောပိတ်တဲ့ နေရာတွေ ဆိုရင်တော့ ဆောရီးပဲ။ လုံးဝမလိုက်ဘူး။ ဘယ်လိုမှ မကိုက်တာ” ဟု အငှားယာဉ်မောင်း ကိုဇော်ထွေးက ၎င်းနေ့စဉ်ကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုကို ဖွင့်ဟခဲ့သည်။

ရန်ကုန်မြို့ရှိ လမ်းများနှင့် အရှည်

ကတ္တရာကွန်ကရစ်လမ်းပေါင်း - ၁၇၆၀ လမ်း (၅၁၇ မိုင်)
ကတ္တရာလမ်းပေါင်း -၂၁၀၁ လမ်း (၅၈၀ မိုင် ၃၈ ဖာလုံ)
ကွန်ကရစ်လမ်းပေါင်း - ၂၉၀ လမ်း
ဂ၀ံနှင့် မြေသားလမ်း - ၅၂၀၀ လမ်း
လမ်းစုစုပေါင်း - ၁၂၃၅၁ လမ်း၊ ၂၇၆၈ မိုင် ၂ ဖာလုံ
မှတ်ချက်။ ။ ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ချက် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှု အခြေအနေများ

နှစ် ဖြစ်ပွားမှု သေဆုံး ဒဏ်ရာရ
၂၀၁၁ ၉၇၆၂ ၂၈၁၁ ဦး ၁၇၃၇၉ ဦး
၂၀၁၂ ၁၁၆၄၉ ၃၃၂၆ ဦး ၁၉၇၂၅ ဦး
၂၀၁၃ ၁၃၉၀၇ ၃၆၁၂ ဦး ၂၃၄၃၅ ဦး

ရန်ကုန်မြို့တွင်း ယာဉ်အများဆုံး ပြေးဆွဲနေသည့် လမ်းများနှင့် အကျယ်

လမ်းအမည် အကျယ် (ပေ)
၁။ ကမ္ဘာအေးဘုရားလမ်း ၇၂ ပေ
၂။ ပြည်လမ်း ၇၂ ပေ
၃။ အနော်ရထာလမ်း ၅၀ ပေ
၎။ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၆၀ ပေ
၅။ ကုန်သည်လမ်း ၅၀ ပေ
၆။ မဟာဗန္ဓုလလမ်း ၅၀ ပေ
၇။ ကမ်းနားလမ်း ၇၂ ပေ
၈။ ဘုရင့်နောင်လမ်း ၇၂ ပေ
၉။ ပါရမီလမ်း ၅၀ ပေ
၁၀။ အင်းစိန်လမ်း ၇၂ ပေ
၁၂။ စက်ရုံလမ်း ၆၆ ပေ
၁၃။ ဗားကရာလမ်း ၇၂ ပေ
မှတ်ချက် -ယခင် ၂၀၁၂ ခုနှစ် ထုတ်ပြန်ချက် ဖြစ်ပါသည်။

ရန်ကုန်မြို့လယ်ကောင်၌ ယာဉ်ကြောကျပ်မှု မြင်ကွင်းကို မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

  Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...