Ads (728x90)



တည်ဆောက်ခြင်းအစိတ်အပိုင်းများ 

ဖွဲ့စည်းခြင်း

 ဘောလုံးအသင်းတစ်သင်းရဲ့ လုပ်ဆောင်ပုံစနစ်ဟာ နျူကလီးယားရေငုပ်သင်္ဘောတစ်စီးဒီဇိုင်းရေးဆွဲတာလောက်၊ မိုဘိုင်းလ်ဖုန်း အလုံးရေ သန်း ၅၀ ထုတ်လုပ်တာလောက်၊ ဒါမှမဟုတ်ရင်လည်း ဆေးဝါးအသစ်တစ်မျိုး ရှာဖွေစမ်းသပ် တာလောက် မရှုပ်ထွေးဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့တခြားသော အဖွဲ့အစည်းတွေလိုပဲ ကျွန်တော်တို့ဟာလည်း ကောင်းကောင်းမွန်မွန်လည်ပတ်နေဖို့နဲ့ သေသေချာချာအသားကျနေဖို့ လိုအပ်တာပါပဲ။ ကျွန်တော်တို့ထုတ်လုပ်ရတာက ဘောလုံးအသင်းတစ်သင်းပါ။ ကားတစ်စီး၊ အ၀တ်လျှော်စက်တစ်လုံးမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ အမျိုးမျိုးသောအစိတ်အပိုင်းတွေလို့ဆိုရမယ့် မတူညီတဲ့ကစားသမားတွေအားလုံးကို အံဝင်ဂွင်ကျ ထားရှိတပ်ဆင်နိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောရည်မှန်းချက်ကြီးပါပဲ။

တကယ်လို့ ထူးခြားကောင်းမွန်တဲ့ဖွဲ့စည်းမှုတစ်ရပ်မရှိဘူးဆိုရင် ထူးခြားကောင်းမွန်တဲ့ဘောလုံးအသင်းတစ်သင်းကို ဘယ်လိုမှတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်အမြဲတွေးထင်ထားခဲ့ပါတယ်။ အသင်းပိုင်ရှင်တွေနဲ့ မန်နေဂျာ အများစုဟာ အခြေခံရည်ရွယ်ချက်မရှိဘဲနဲ့ ကစားသမားရွေးချယ်မှုတွေလျှောက်လုပ်လေ့ရှိပါတယ်။ သူတို့ဟာ အစီအစဉ်တွေကို ရှေ့၊နောက်တလွဲလုပ်ကြပြီး လိုချင်တဲ့ရလဒ်ရလာဖို့ကိုလည်း စိတ်ရှည်ရှည်မစောင့်နိုင်ကြပါဘူး။ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းမတည်ဆောက်နိုင်ခင်မှာ ထူးခြားကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ရပ်ကို အရင်တည်ဆောက်ပြီး အစိတ်အပိုင်းတွေအားလုံးကို သူ့နေရာနဲ့သူ မှန်မှန်ကန်ကန်တပ်ဆင်ရမှာပါ။ အဲဒီလိုလုပ်ဖို့အတွက် အချိန်ယူဖို့လိုပါတယ်။ အထူးသဖြင့် စီးပွားရေးပညာရပ်ဆိုင်ရာစာအုပ်တွေမှာ စောင့်ဆိုင်းချိန်လို့ ဖော်ပြလေ့ရှိတဲ့ အချိန်မျိုး အတွက်အချိန်ယူဖို့ လိုအပ်ပါတယ်။ အမှုဆောင်အရာရှိချုပ် မာတင်အက်ဒ်ဝပ်လက်ထပ်မှာရော၊ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဒေးဗစ်ဂီးလ်က အသင်းကိုလွှဲပြောင်းယူလိုက်ပြီးတဲ့နောက်မှာပါ ယူနိုက်တက်မှာ ကျွန်တော့်ရဲ့ တာဝန်က အသင်းအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ 
ကျွန်တော်ယူနိုက်တက်ကို စရောက်တဲ့အချိန်တုန်းက အသင်းမှာ ဌာနက ၄၊ ၅ ခုပဲ ရှိပြီး သန့်ရှင်းရေးသမား၊ လျှော်ဖွပ်အဖွဲ့၊ စားဖိုဆောင်နဲ့ စီမံခန့်ခွဲရေးဝန်ထမ်းတွေအားလုံးပေါင်းမှ ၀န်ထမ်းက ၈၅ ယောက်လောက်ပဲရှိပါတယ်။ တစ်ရာသီစာလက်မှတ်ရောင်းချမှုတွေ၊ ကွင်းဝင်ကြေးတွေကနေ အသင်းက ၀င်ငွေရပါတယ်။ တကယ်လို့ ကျွန်တော်တို့ အသင်းရဲ့ ပွဲကို ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ရင် တစ်ပွဲစာအတွက် ထောင်ဂဏန်းလောက်ရတတ်ပါတယ်။ ဒါပေမဲ့ ၁၉၈၀ လွန်နှစ်တွေမှာ ဘောလုံးပွဲကို ရုပ်သံကထုတ်လွှင့်မှုတွေက အတော်လေးရှားပါးပါသေးတယ်။ အခြေအနေကို အကဲဖြတ်သုံးသပ်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ အသင်းကိုတည်ဆောက်ဖို့ထက် ကလပ်တစ်ခုလုံးကိုပြန်တည်ဆောက် ဖို့ပဲ ရည်မှန်းချက်ချခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ ပထမအပိုင်းကို မှန်မှန်ကန်ကန်လုပ်နိုင်ခဲ့မယ်၊ လူတွေကလည်း စိတ်ရှည်မယ်ဆိုရင် အကောင်းဆုံးအသင်းတစ်သင်းကိုတည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ဟာ တစ်ညတည်းနဲ့ ဖြစ်မြောက်လာမယ့်ကိစ္စမျိုးမဟုတ်ဘူးဆိုတာတော့ သိပ်ကို ရှင်းပါတယ်။

 ဒီနေ့ခေတ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ သူတို့ရဲ့ အရည်အသွေးကိုမြှင့်တင်ဖို့ အသည်းအသန်ကြိုးစားနေကြပါတယ်။ လီဗာပူးလ်လို ခမ်းနားတဲ့သမိုင်းကြောင်းမရှိသလို၊ ယူနိုက်တက်ရဲ့ အရိပ်အောက်မှာပဲ ကာလရှည်နေလာခဲ့ရတဲ့ မန်စီးတီး ဆိုရင် အောင်မြင်မှုတွေရယူနိုင်ဖို့ အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားနေပါတယ်။ ရှိတ်ခ်မန်ဆော်က ၂၀၀၈ မှာ အသင်းကိုဝယ်ယူလိုက်ပြီး နောက်နေ့မှာပဲ မန်စီးတီးဟာ ပေါင် ၃၂.၅ သန်းနဲ့ရော်ဘင်ဟိုကို ခေါ်ယူလိုက်ကာ အဲဒီနောက်ပိုင်းမှာလည်း ပေါင် သန်း ၆၀၀ ကျော်လောက်အထိအသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့အဲဒီလို ငွေတွေအမြောက်အများ သုံးတာက ကစားသမားကောင်းအစုအဖွဲ့တစ်စုထက်ပိုပြီး တခြားဘာကိုမှဝယ်လို့ရနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြီးတော့အဲဒီိလိုငွေအမြောက်အများသုံးပြီးဝယ်လိုက်တဲ့ကစားသမားတွေက ပြီးခဲ့တဲ့နှစ်ရာသီကုန်ချိန်မှာ တန်ဖိုးလျော့ကျ သွားပြီး ငွေတွေဆုံးရှုံးရတော့မယ့်လက္ခဏာတွေ ပြနေပါပြီ။ ကာလတိုအောင်မြင်မှုတစ်ခုကို ၀ယ်ယူလို့ရကောင်းရနိုင် ပေမယ့် အဲဒီလိုဝယ်ယူထားတဲ့အောင်မြင်မှုက အချိန်ကြာလာတဲ့အခါမှာ ဘယ်လိုမှအလုပ်မဖြစ်နိုင်ပါဘူး။ ရေရှည်တည်တံ့ တဲ့အောင်မြင်မှုတစ်ရပ်ကို တည်ဆောက်ဖို့အတွက် စိတ်ရှည်ဖို့လိုသလို ပြီးပြည့်စုံတဲ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ယူဖို့ လည်းလိုပါတယ်။

ကြိုတင်ပြင်ဆင်မှု (အပိုင်း၁)
ကျွန်တော်တို့စနစ်ရဲ့ အရေးကြီးဆုံးကဏ္ဍကတော့ လေ့ကျင့်မှုပါပဲ။ စနေနေ့နေ့လယ်ခင်းမှာဖြစ်လာတဲ့ အဖြစ်အပျက်တွေ အားလုံးက လေ့ကျင့်ရေးကွင်းမှာ ဖြစ်ခဲ့ပြီးသားတွေပါပဲ။ ကျွန်တော်သာ ခုချိန်မှာ မန်နေဂျာတစ်ယောက်အဖြစ် ပြန်ပြီးလုပ်ကိုင်ရမယ်ဆိုရင် လေ့ကျင့်ရေးအစီအစဉ်တွေအတွင်းမှာဖြစ်ပေါ်နေတဲ့ ကစားသမားတွေရဲ့ စိတ်အခြေအနေနဲ့ သဘောထားအမြင်ကို ကျွန်တော်အဓိကထားပြီးအာရုံစိုက်သွားမှာပါ။ သူတို့ဟာ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ အာရုံစိုက်ပြီးလုပ်နေတယ်၊ လိုအပ်တဲ့အရည်အချင်းနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုလည်းရှိနေတယ်ဆိုရင် ရလဒ်ကောင်းတွေထွက်ပေါ် လာတော့မှာပါ။ တကယ်လို့သူတို့ဟာ ပျင်းရိနေပြီဆိုရင်တော့ ပွဲချိန်အတွင်းမှာလည်း ဘယ်လိုမှ ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးကွင်းဟာ ကျွန်တော်တို့တကယ်အလုပ်လုပ်တဲ့နေရာပါပဲ။ ကျွန်တော်တို့မှာ ပုံမှန်လုပ်နေကျလေ့ကျင့်ရေးအစီအစဉ်တစ်ရပ်ရှိထားပြီး အဲဒီအစဉ်အစဉ်ကနေ သွေဖယ်သွားတာမျိုး အင်မတန်ရှားပါတယ်။ ကစားပွဲတစ်ပွဲပြီးသွားပြီဆိုရင် ကစားသမားအားလုံးဟာ ခန္ဓာကိုယ်ဖြေလျှော့တဲ့လေ့ကျင့်ခန်းတွေ လုပ်တာ၊ အနှိပ်ခံတာနဲ့ ရေနွေးစိမ်ကန်မှာရေချိုးတာတွေလုပ်ကြရပါတယ်။ တနင်္လင်္ာနေ့မှာ ပုံမှန်လေ့ကျင့်ရေးအစီအစဉ် တစ်ရပ်လုံးလုပ်ကြပြီး တကယ်လို့ ကြားရက်ကစားပွဲရှိနေရင်တော့ အင်္ဂါနေ့မှာ ပွဲကြိုပြင်ဆင်မှုတွေလုပ်ပြီး ကြာသာပတေး နေ့မှာ ပြန်လည်အားဖြည့်မှုတွေလုပ်ကြရကာ အဲဒီအစီအစဉ်အတိုင်းတစ်ပတ်ပြန်စတင်ကြရပါတယ်။ ကျွန်တော်တို့ဟာ ကစားပွဲတွေပြီးတဲ့နောက်မှာတင်မဟုတ်ဘဲ ကြီးမားတဲ့ပြိုင်ပွဲကြီးတွေပြီးဆုံးသွားတဲ့နောက်မှာပါ ကစားသမားတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့အားအင်ပြန်လည်ဖြည့်တင်းနိုင်ဖို့ သတိထားအာရုံစိုက်လုပ်ဆောင်ရပါတယ်။ ဥပမာ ကမ္ဘာ့ဖလားပွဲပြီးတဲ့နောက်မှာ အဲဒီပြိုင်ပွဲကြီးမှာပါဝင်ကစားခဲ့တဲ့ကစားသမားတွေကို သူတို့အားအင်စိုက်ထုတ်သုံးစွဲခဲ့ရ တာတွေကနေ ပြန်လည်အားပြည့်လန်းဆန်းလာစေဖို့အတွက် နားရက် ၂၈ ရက်အပြည့်ပေးခဲ့ပါတယ်။ တစ်ခါတလေ အသင်းရဲ့ သက်ကြီးကစားသမားတွေကို ကျွန်တော် ဒီဇင်ဘာလထဲမှာ နားရက်တစ်ပတ်ပေးတတ်ပါတယ်။ ၁၉၉၈-၉၉ ဘောလုံးရာသီရဲ့ ဆောင်းတွင်းကာလမှ ပီတာရှောင်မိုက်ကယ်လ်ကို နေရောင်ခြည်ရဖို့နဲ့ အနားယူနိုင်ဖို့ ကျွန်တော် အားလပ်ရက်ပေးခဲ့ဖူးပါတယ်။ တစ်ခါတလေ လူငယ်ကစားသမားတွေကိုလည်း ကျွန်တော် အဲဒီိလိုနားရက်ပေးတတ် ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားပွဲကြီးပြီးတဲ့နောက်မှာကန်တဲ့ ဘောလုံးရာသီအစပိုင်းမှာ ဂယ်ရီနဗီးလ်ကို ကျွန်တော် အားလပ်ရက်တစ်ပတ်ပေးပြီး မော်လ်တာကို ခရီးထွက်စေခဲ့ပါတယ်။ သူ့ပုံက ဘက်ထရီကျနေတဲ့ စက်ပစ္စည်းတစ်ခု ပုံပေါက်နေလို့ပါ။  အဲဒီလိုနားရက်ပေးတာက ကစားသမားတွေကိုအားအင်ပြန်ပြည့်ဖြိုးလာပြီး ကျန်ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ဖြတ်သန်းနိုင်ဖို့ အထောက်အပံ့ဖြစ်ပါတယ်။

လေ့ကျင့်ရေးအစီအစဉ်အတွက် အခြေခံစည်းမျဉ်းတွေကို ကျွန်တော်ချမှတ်ထားပြီး ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို လေ့ကျင့်ရေးကွင်းထဲမှာကတည်းက အထမြောက်သည်အထိပုံဖော်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စတိဗ်မက္ကလာရင်ကိုင်တွယ်စဉ်တုန်းက ကျွန်တော်ဟာ သူ့ကို အသေးစိတ်ညွှန်ကြားချက် တွေပေးခဲ့ပါတယ်။ သူ့ကိုလေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမှာမှန်ပေမယ့် လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ပြင်းပြင်းထန်ထန်၊အာရုံစူးစိုက်ပြီး အားသွန်ခွန်စိုက်လုပ်ဆောင်စေဖို့ ကျွန်တော်အလိုရှိတယ်ဆိုတာကို သူသိအောင် သေချာရှင်းပြခဲ့ပါတယ်။ တကယ်လို့ သူစိတ်မကျေနပ်ဘူးဆိုရင် သူစိတ်ကျေနပ်တဲ့အထိ လေ့ကျင့်ရေးအစီအစဉ်ကို နောက်တစ်ကြိမ်ပြန်စတာပဲဖြစ်ဖြစ်၊ ကစားသမားတွေကို အပိုလေ့ကျင့်ရေးဆင်းခိုင်းတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်လို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ ညံ့ဖျင်းတဲ့လေ့ကျင့်ရေးအစီအစဉ်မျိုးတော့ ဖြစ်သွားလို့မရပါဘူး။

ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးစနစ်ကို လူတွေက ဟိုပြင်၊ဒီပြောင်းလုပ်တာမျိုး ကျွန်တော်မလိုချင်ပါဘူး။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ကားလို့စ်ကွီရော့ဇ်စပြီးကိုင်တွယ်ချိန်မှာ တစ်ချို့ကစားသမားတွေက သူ့ရဲ့အစီအစဉ်တွေကို မကြိုက်ကြပါဘူး။ ထပ်ပြန်တလဲလဲလုပ်ရတာတွေများလို့ပါ။ ဒါနဲ့ပဲ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလုပ်နေစဉ်မှာ ကျွန်တော် ခနရပ်ခိုင်းလိုက်ပြီး " ငါကစားသမားဘ၀တုန်းကဆိုရင် ကားလို့စ်ရဲ့ လက်အောက်မှာ ကစားချင်ခဲ့တာ။ အခုငါတို့ ဒီမှာ ထပ်ပြန်တလဲလဲလုပ်သမျှတွေက စနေနေ့ပွဲထဲမှာကစားတဲ့အခါကျတော့ မင်းတို့စဉ်းစားဖို့ အချိန်မရတဲ့အခါမျိုးမှာ အကျင့်ပါနေပြီး အလိုလိုလုပ်မိသွားမယ့် ကစားပုံတွေပဲ " လို့ သူတို့ကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေအားလုံးက ကျဉ်းထဲကျပ်ထဲရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကဗီဇသိစိတ်အရ အလိုအလျောက်တုံ့ပြန် နိုင်ဖို့ အတွက် အသင့်အနေအထားမှာရှိနေစေဖို့ပါပဲ။ ပွဲတစ်ပွဲစတင်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့အခြေအနေမျိုး မဖြစ်တော့ဘူးဆိုတာနဲ့ ကစားသမားတွေ၊ အထူးသဖြင့် လူငယ်လေးတွေဟာ သူတို့ဦးနှောက်နဲ့ ဆင်ခြင်စဉ်းပြီး ဆက်ကစားဖို့ထက်၊ သူတို့ရဲ့စိတ်ခံစားချက်တွေအတိုင်းသာကစားဖြစ်ဖို့ကများပါတယ်။ နည်းပြတွေကတော့ အဲဒီလို စိတ်ခံစားချက်အတိုင်းကစားပုံမျိုးကို မတတ်သာတဲ့အနေအထားမျိုးမလို့သာ လက်ခံကြရတာပါ။ ဒါပေမဲ့ ဘောလုံးဆိုတာ စိတ်ခံစားမှုကိုအခြေခံတဲ့ကစားနည်းဆိုတာမေ့ထားလို့မရပါဘူး။ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုတွေ၊ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက လူတွေအပေါ်သက်ရောက်နိုင်ပါတယ်။ စိတ်ဆန္ဒနဲ့ ပြင်းပြတဲ့အနိုင်ရလိုစိတ်တွေဟာ အံ့အားသင့်လောက်စရာ အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ဆန္ဒတွေကို ခေါင်းအေးအေးနဲ့ ထိန်းချုပ်နိုင်ဖို့ တော့လိုပါတယ်။ ပွဲကစားချိန်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိ ကစားသမားအများစုကအဆင်ပြေကြပါတယ်။ ဒါပေမဲ့ ကစားသမားတွေကို အစီအစဉ်အတိုင်းမကစားတော့ဘဲ စိတ်ရိုင်းဝင်သွားစေနိုင်တဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာ တတ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ရဲ့လေ့ကျင့်မှုတွေ၊ နည်းစနစ်ပိုင်းပြောဆိုဆွေးနွေးမှုတွေ နဲ့ ပြိုင်ဘက် အပေါ်အကဲဖြတ်မှုတွေဟာ ကစားသမားတွေရဲ့ခေါင်းထဲကို ရိုက်သွင်းထားသလိုဖြစ်နေပြီး အစီအစဉ်အတိုင်းလိုက်ပါ ကစားစေပါတယ်။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းနေတဲ့စိတ်ဓါတ်တွေကို စိတ်ရှည်သည်းခံလာအောင်စွဲဆောင်စည်းရုံးဖို့ ဆိုတာသိပ်ခက်ပါတယ်။ ကျွန်တော်တို့မှာ နောက်ဆုံးမိနစ်ရောက်မှ အစွမ်းကုန်ညှစ်ထုတ်ကစားပြီး ပြိုင်ဘက်တွေ ဆီကနေ အနိုင်ပွဲကိုလွှဲပြောင်းရယူနိုင်ခဲ့တဲ့ပွဲတွေလည်း အတော်များများရှိခဲ့ပါတယ်။ တကယ်တော့ ဘောလုံးပွဲတွေထဲမှာလည်း ပြင်ပလူ့ဘ၀လိုပါပဲ။ အခွင့်အရေးကိုစောင့်နေပြီး ပေါ်လာပြီဆိုတာနဲ့ အမိအရဖမ်းဆုပ်နိုင်ဖို့ ကြိုးစားကြရတာပါပဲ။

နှစ်တွေကြာလာတာနဲ့အမျှ လည်ပတ်ပုံစနစ်ကို အရမ်းအကျွမ်းတ၀င်ရှိလာပြီးနားလည်လာတာကြောင့် ကျွန်တော့်ရဲ့ လက်ထောက်တွေကို ကျွန်တော့်အနေနဲ့ သတိပေးတာမျိုးတောင်လုပ်စရာမလိုတော့ပါဘူး။ အဲဒီလို အသားကျပြီး နားလည်မှုရှိရှိလည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ဗီဒစ်၊ အီဗရာ၊ ဖာဒီနန်တို့လို အသင်းနဲ့လက်တွဲလာတာ နှစ်အတန်ကြာပြီဖြစ်တဲ့ကစားသမားတွေနဲ့ စခိုးလ်၊ ဂစ် နဲ့ နဗီးလ် ညီအစ်ကိုတို့လို ယူနိုက်တက်ကလွဲလို့ တခြားဘယ်အသင်းမှာမှ မကစားတဲ့ ကစားသမားတွေ ရှိနေတာက အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေက ကျွန်တော့်ရဲ့တန်ဖိုးထားမှုတွေနဲ့ စံနှုန်းတွေကို သိရှိနားလည်နေကြပြီး သူတို့က အဲဒီစံနှုန်းတွေကို လူငယ်ကစားသမားတွေ၊ ဒါမှမဟုတ် အသစ်ရောက်လာတဲ့ကစားသမားတွေကို သူတို့ဘာသာသူတို့ပဲ တစ်ဆင့်ပြန်ပြောပြ ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ တူညီတဲ့အိုင်ဒီယာတွေပေါ်မှာပဲတစ်သမတ်တည်းလျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Picture

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...