▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ပွိုင့် ၆၀၄၁ နှင့် မဟာဗျူဟာ ဆုတ်လမ်း ★ (မှူးဇော်)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ လမ်းစဉ်(၂)ရပ် ★
ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသို့ ပေးပို့ခဲ့သော အခြေခံမူ ဟုဆိုသည့် ညွှန်ကြားချက်တွင် တပ်မတော်၏ လက်ရှိပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်သည့် နည်းလမ်း များကို လေ့လာသုံးသပ်ခြင်း ဟူ၍ ပါရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပ လေ့လာသူများက ဝေဖန် သုံးသပ်ကြသည့် ဒီဘိတ်များလည်း မြင့်တက်လာခဲ့သည်။
မြန်မာ့နိုင်ငံရေး ဓလေ့ဟောင်း၊ ထုံးတမ်းဟောင်းများအတိုင်း အရှင်းအပြတ် ကြိုက်သူများလည်း ပေါ်ထွက်လာခဲ့သလို တစ်ဆင့်ပြီးတစ်ဆင့် သွားသင့်သည် ဟု ယူဆသူများလည်း ရှိနေခဲ့သည်။ လယ်ရီ ဒိုင်းမွန်း၊ ဘရိုင်ယန်ဂျိုးဇက် စသည့် ဒီမိုက ရေစီအသွင်ကူးပြောင်းရေးသုခမိန်များက တပ်မတော်နှင့် စေ့ စပ်ညှိနှိုင်းပြီး အသွင်ကူးပြောင်းရေးပဋဥာဉ်ခံကာ လျှောက်လှမ်းသင့်သည် ဟု ဆိုသည်။
ပြည်တွင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့ကလည်း ဒီမိုကရေစီတွင် အရပ်သား ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် တပ်မတော်ရှိရမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များသည် တပ်မတော်ကို အလုံးစုံ စီမံခန့်ခွဲပိုင်ခွင့်ပေးထားသည်၊ ထို့ကြောင့် ဒီမိုကရက်တစ်နည်းမကျ ဟု ဆိုကြ သည်။ အရှင်းအပြတ်ကြိုက်သူများနှင့် တစ်ဆင့်ပြီးတစ်ဆင့်သွားလိုသူများ ဟူ၍ အယူအဆကြီး(၂)ရပ် ကွဲ ထွက်လာခဲ့ခြင်း ဟု ယူသော်ရသည်။
အရှင်းအပြတ်လမ်းစဉ်နှင့် တစ်ဆင့်ပြီးတစ်ဆင့် လမ်းစဉ် မည်သည့် လမ်းကို ရွေးမည်နည်း ဟု မေးခွန်းထုတ်နေကြသော်လည်း ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် နိုင်ငံရေး အကျိုးဆက်များ၏ ဖြစ်တန်ရာပုံရိပ်များကို ဆက်လက် မြော်မြင် ဆန်းစစ်သည့် လေ့လာသုံးသပ် ချက်များမူ အတော်ပင် နည်းနေသေးသည်။ ဆိုလိုသည်မှာ ယင်းလမ်းစဉ်(၂)ရပ် တစ်ရပ်ရပ်ကို ကျင့်သုံး လိုက်ပြီးနောက် ဘာဆက်ဖြစ်လာနိုင်သလဲ ဆိုသော သက်ရောက်မှုကို ချင့်တွက်ရန်လိုခြင်း ဖြစ်သည်။
★ ပွိုင့် ၆၀၄၁ တိုက်ပွဲ ★
ဗမာပြည်ကွန်မြူနစ်ပါတီ ခိုင်မာအားကောင်းခဲ့စဉ် ၁၉၇၈ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အထိ တပ်မတော်နှင့် သမိုင်းဝင် ဖြစ်ပွားခဲ့သော ပွိုင့် ၆၀၄၁ တိုက်ပွဲကို သာဓကအားဖြင့် ထုတ်နှုတ် တင်ပြ လိုသည်။ မြန်မာ့တပ်မတော်မှ ခလရ(၂)သည် ၁၉၇၇ ခုနှစ် စက်တင်ဘာလတွင် ရဲမင်းအောင် စစ်ဆင်ရေးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ယင်းတပ်ရင်းမှာ တပ်ခွဲမှူးဗိုလ်ကြီးသိန်းထွန်းတင် ဦးစီးသည့် တပ်ခွဲ ဖြစ်သည်။ ထိုတပ်ခွဲ တပ်စွဲထားသည့် ပွိုင့် ၆၀၄၁ တည်ရှိရာ ပါဖန်-နောင်လိုင်ကျေးရွာကို ဗကပ များက ၁၉၇၈ ခုနှစ် မတ်လ ၆ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်များကို အမိမြေမှသားကောင်းများ အမည်ရှိ တပ်မတော်မှတ်တမ်းရုပ်ရှင်ဇာတ်ကားကြီးတွင် အသေးစိတ် တင်ပြခဲ့ ပြီး ဖြစ်သည်။ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ဗကပအင်အား တစ်ထောင်ကျော်ပါဝင်သော လူလှိုင်းလုံးစစ်ဗျူဟာဖြင့် ဂဏန်းလက်မညှပ်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပွိုင့် ၆၀၄၁ ဟု ဆိုသည့် အတိုင်း (၆၀၄၁)ပေ မြင့်မားသော တောင်ထိပ်ခံစစ်ကုန်း၌ သောက်ရေ လုံးဝပြတ် တောက်သွားသည့် အချိန်တွင် သစ်မြစ်များကို ဓါးဖြင့်ဖြတ်၍ စီးကျလာသော သစ်မြစ်အရည်၊ ကြက်များကို လည်လှီး၍ စီးကျ လာသော ကြက်သွေး စသည်တို့ကို သောက်သုံး၍ ကြံ့ကြံ့ခံခဲ့ကြသည်။
ရေနှင့် စားနပ်ရိက္ခာ အခက်အခဲကြုံခဲ့ရပြီး ဒဏ်ရာရ စစ်သည် ၃ ဦးအပါအ၀င် စုစုပေါင်း အင်အား ၃၈ ဦးသာ ရှိသည့် တပ်ခွဲတစ်ခွဲစာ အင်အားဖြင့် လက်နက်ကြီးပစ်ကူ များသာမက PC-6 လေယာဉ် များဖြင့် လေကြောင်းမှဗုံးကြဲပေးပြီး ပတ်ပတ်လည် ၀ိုင်းပိတ်ထားသည့် ထောင်ချီသော ရန်သူကို ခုခံခဲ့ကြ သည်မှာ မြန်မာ့တပ်မတော်၏ စစ်သမိုင်းတွင် ကမ္ဗည်းတွင်ရစ်ခဲ့သည့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ရသည်။ တောင်ခြေရှိ ပါဖန်ရွာမှ တောင်ထိပ်ရောက်အောင် အချိန်အားဖြင့် (၄)နာရီအထိ ကြာမြင့်သည့် ခံစစ်စခန်း သည် မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်ဖွယ်ရာ မရှိဘဲ ၀ကွက်ထိုးအပ်ရမည့် အခြေအနေဟုလည်း မှန်းဆခဲ့ကြသည်။ စစ်သည်များ စိတ်ဓါတ်မြှင့်တင်ရေးအတွက် တပ်ခွဲမှူးကိုယ်တိုင် ကဗျာရေးစပ်၍ကျဆင်း နေသော စိတ်ဓါတ်များကို ပြန်လည်မြင့်မားစေခဲ့သည်။
သာမန်သေနတ်သံ ကြားလျှင်ပင် စိုးရွံ့စိတ်များ ဖြစ်ပေါ်တတ်သည့် လူ့စိတ်မနောသည် ပတ်ပတ်လည် ရန်သူများ ဖွေးဖွေးလှုပ်နေပြီး လက်နက်ကြီးပစ်သံ တဂျိမ်းဂျိမ်း၊ လေကြောင်းမှ ဗုံးကြဲသံ တ၀ုန်းဝုန်း၊ စခန်းအတွင်း ကျရောက်ပေါက်ကွဲမှုများအကြား အစာ ရေစာပြတ်လတ်နေသည့် စစ်သည်များ မည်သို့ ရှင်သန်ရပ်တည်ခဲ့ကြသည်ကို မြင်ယောင်မှန်းဆကြည့်နိုင် သည်။
၁၉၇၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် တပ်ခွဲမှူးဗိုလ်ကြီးသိန်းထွန်းတင်သည် သယ်ယူရန် ခက်ခဲသော လက်နက်ကြီးများ၊ အရေးကြီးစာရွက်စာတမ်းများ စသည်တို့ကို ဖျက်ဆီးစေခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် ဤစခန်းမှ ခွါစစ်ဆင်တော့မည် ဖြစ်၍ ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း အောက် ခြေရှိ စစ်သည်များကိုမူ ကြိုတင်အသိပေးခဲ့ခြင်း မရှိခဲ့ပါ။ ဤသည်မှာ ဆုတ်ခွါရတော့မည့် အကြောင်း သိရှိသွားလျှင် စိတ်ဓါတ်ကျဆင်းပြီး လက်ရှိ ခံစစ် ဆင်နေမှုအထိ သက်ရောက်နိုင်သောကြောင့် ဖြစ်သည်။ ခွါစစ်ဆင်ရာတွင်လည်း ကုန်းလျှောမတ်စောက်လှသောကြောင့် သွားလာရန် မလွယ်ကူ ဟု ဗကပတို့က သုံးသပ်ထားပြီး အင်အားအနည်းငယ်ဖြင့်သာ ထိန်းထားသည် အနောက်ဘက်စစ်မျက်နှာကို ထိုးဖောက် ထွက်ခွါရန် ရွေးချယ်ထားခဲ့သည်။ ေ
နောက်တစ်နေ့ မတ်လ ၁၃ ရက်နေ့တွင် ရေးဆွဲထားသော ခွါစစ် စီမံချက်ပါအတိုင်း အသုတ်လိုက်ခွဲ၍ ဆုတ်ခွါခဲ့သည်။ တပ်ခွဲမှူး၏စီမံချက်အတိုင်း ပထမဦးစွာ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိသော စစ်သည်များ စတင်ဆုတ်ခွါပြီး ဒဏ်ရာရစစ်သည်များ၊ လက်နက်ကြီးစစ်သည် များ၊ ခံစစ်စခန်းကို ထိန်းထားရမည့် အဖွဲ့၊ နောက်ချန်အဖွဲ့ စသည်အားဖြင့် အဆင့်လိုက် စနစ်တကျ ဆုတ်ခွါခဲ့ကြသည်။ မတ်စောက်သော ချောက်ကမ်းပါးကို တွယ်ဆင်းရာ၌ ပြုတ်ကျပြီး ထပ်မံဒဏ်ရာရရှိခဲ့သူ များလည်း ရှိခဲ့သည်။ တောင်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် တပ်နှင့်အတူ မည်သို့မျှ လိုက်ပါနိုင် တော့ခြင်း မရှိတော့သည့် ဒဏ်ရာရ စစ်သည်(၂)ဦးကို လက်နက်ခဲ ယမ်းများ ပေးအပ်၍ လမ်းရှိကျေးရွာ များတွင် အပ်နှံထားခဲ့ရသည်။
မတ်လ ၁၅ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများနှင့် ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး ခွါစစ်ဆင်မှု အောင်မြင်ခဲ့သည်။ ပြန်လည်သုံးသပ်သော် တပ်မတော်ဘက်မှ အရာရှိ(၁)ဦး၊ စစ်သည်(၁၄)ဦး ကျဆုံးခဲ့ရ ပြီး (၁၅)ဦး အသက်ပေးခဲ့ရသည်။ ဗကပဘက်မှ အင်အား ၁၂၀ ကျော် သေဆုံးခဲ့ရသည်။ ဤတိုက်ပွဲတွင် ပါဝင်ခဲ့သော အရာရှိ၊ စစ်သည်များမှာ တပ်မတော်စွမ်းရည်ဘွဲ့တံဆိပ်များ အပ်နှင်းခြင်းခံခဲ့ရသည်။
ပွိုင့် ၆၀၄၁ ကို ဤနေရာတွင် ထည့်သွင်းတင်ပြရခြင်းမှာ တစ်ချိန်က နိုင်ငံရေးအကွဲအပြဲနှင့် ပြည်တွင်းစစ် သံသရာ၌ နိုင်ငံသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကို ပြန်လည်အမွှမ်းတင်လိုခြင်း မဟုတ်ပါ။ တပ်မတော်၏ ကျင့်သုံးသော စစ်နည်းဗျူဟာ၊ စဉ်းစားတွေးခေါ်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှုတို့ကို သိစေလို၍၊ အထူးသဖြင့် တပ်မတော်၏ ခွါစစ်ဆင်မှုနှင့်စပ်လျဉ်းပြီး နားလည်သဘောပေါက်စေလို၍ တင်ပြလိုခြင်း ဖြစ်သည်။
★ ခွါစစ်နှင့် ဆုတ်လမ်း ★
နည်းပညာများ မည်သို့ပင် ဆန်းသစ်ပြောင်းလဲတိုးတက်စေကာမူ နိုင်ငံတကာစစ်သဘောတရား များ၏ အခြေခံစည်းမျဉ်းများမှာ မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သည်။ “ချီ-တိုက်-ခံ-ခွါ” ဟု အတိုကောက် မှတ်သားကြသော စစ်ကဏ္ဍကြီး(၄)ရပ်(ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွါစစ်)တွင် အခက်ခဲဆုံးသော စစ်ကဏ္ဍမှာ ခွါစစ်ပင် ဖြစ်သည်။ လက်တွေ့စစ်မြေပြင်၌ မိမိတပ်၏ အခြေအနေပေါ် မူတည်၍ ထပ်တူထပ်မျှ မတူညီနိုင် ကြသော်လည်း အခြေခံစဉ်းစားကြသည့် စစ်သဘောတရားများမှာ အတူတူပင် ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အထွဋ်အထိပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အပြတ်အရှင်းကြိုက်သူများက (၂၅%) အကုန်ထွက်ပေးရမည်ဟု ဆိုကြသည်။ တစ်ဆင့်ပြီးတစ်ဆင့်သွားလိုသူများက (၂၅%) တဖြည်းဖြည်းချင်း လျှော့ချရမည် ဟု ဆိုကြသည်။ ဤသည်မှာ တပ်မတော်၏အခြားဘက်မှ ရှုမြင်သုံးသပ် ဆုံးဖြတ်နေကြခြင်း သာ ဖြစ်ပြီး တပ်မတော်ဘက်မှ မည်သို့စဉ်းစား၍ မည်သို့ဆောင်ရွက်နိုင်သည်ကို ထည့်သွင်းစဉ်းစားကြခြင်း မရှိကြကြောင်း တွေ့ရှိရသည်။
မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သည် မဟာဗျူဟာဆုတ်ခွါရာလမ်းမှ ခွါစစ်ဆင်နေခြင်း ဖြစ်ရာ ကမ္ဘာပေါ်ရှိ တပ်မတော်တိုင်းအတွက် အခက်ခဲဆုံး အသိမ်မွေ့ဆုံး စစ်ကဏ္ဍကြီးကို ဖော်ဆောင်နေခြင်း ဖြစ် ကြောင်း သတိချပ်ရန် လိုအပ်သည်။ တစ်ဖန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်တွင် တပ်မတော် ခြေတစ်လှမ်း ဆုတ်ခွါလိုက်တိုင်း လစ်လပ်သွားသော ယင်းနေရာတွင် အရပ်ဘက် အင်စတီ ကျူးရှင်းတို့က ခြေတစ်လှမ်း ပြည့်ပြည့်၀၀ ရှေ့သို့ တက်နိုင်ရန် အရေးကြီးသည်။
အထူးသဖြင့် နှစ်ပေါင်း ၆၀ ကျော် အရပ်ဘက်အင်စတီကျူးရှင်တို့ မှေးမှိန်ခဲ့ရသော ဤနိုင်ငံတွင် အမျိုးသားကာကွယ်နှင့်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်နိုင်မည့် အရပ်ဘက်အင်စတီကျူးရှင်းများ များစွာ လိုအပ်နေသည်။ RAND Corporation, CSIS အစရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကို ပြန်လည်သုံးသပ်နိုင်သည့် အရပ်ဘက်အင်စတီကျူးရှင်များနှင့် အရပ် သားပညာရှင်များလည်း အားကောင်းရန် လိုအပ်သည်။ ဒီမိုကရေစီသမ္မတအုပ်ချုပ်ရေးစနစ်တွင် စံထားကြ ရသော အမေရိကန်ပြည်ထောင်စု၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်လည်လေ့ လာကြည့်လျှင် စစ်ခေါင်းဆောင်ဟောင်းများက အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့တွင် ဦးစီးဦးဆောင်ပြုခဲ့ကြ ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရပ်ဘက်အင်စတီကျူးရှင်းများ အားကောင်းခိုင်မာစေရန် ဆောင် ရွက်ခဲ့ကြကြောင်း တွေ့ရှိနိုင်သည်။
တပ်မတော်အနေဖြင့် “ကြည့်-မလို-မထိ-ထိန်းပ-ချန်ပ-ချန်” ဟု အတိုကောက်အားဖြင့် စွဲစွဲမြဲမြဲ အမှတ်ရနေသော ခွါစစ် အစီအစဉ်များအပြင် မည်သည့်အချိန်တွင် မည်သည့်အဖွဲ့ဆုတ်ခွါရမည်ကိုလည်း အလိုအလျောက် သိရှိ ထားကြပြီး ဖြစ်သည်။ ခွါစစ်ဆင်ရာတွင် အဆင့်(၁) အခြေအနေကြည့်အဖွဲ့၊ အဆင့်(၂) မလိုအပ် သည့် တပ်များ၊ အဆင့်(၃) ရန်သူနှင့်မထိတွေ့ရသည့် တပ်များ၊ အဆင့်(၄) လက်ရှိ နေရာကို ထိန်းချုပ်ထားရန် အနည်းဆုံးလိုအပ်သည့်တပ်မှအပ ကျန်တပ်များ၊ အဆင့်(၅) လက်ရှိနေရာကို ထိန်းချုပ်ထားရန် အနည်းဆုံးလိုအပ်သည့် နောက်ချန်တပ်မှအပ ကျန်တပ်များ၊ အဆင့်(၆) နောက်ချန်တပ် ဟူ၍ အဆင့်လိုက် ဆုတ်ခွါကြရသည်။
ဆွန်ဇု၊ နပိုလီယံ၊ ကလော့ဝစ်ဇ်၊ ဂျိုမေနီ၊ လစ်ဒယ်ဟတ် စသည်အားဖြင့် စစ်မဟာဗျူဟာ သုခမိန်များ၏ စစ်သဘောတရားများ မည်သို့ပင် ပြောင်းလဲခဲ့သည်ဖြစ်စေ အဆင့်လိုက်ဆုတ်ခွါစေသော စစ်ဗျူဟာများမှာ ပြောင်းလဲခဲ့ခြင်း မရှိခဲ့ပါ။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ မဟာဗျူဟာဆုတ်လမ်း သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပြီး ဆုတ်ခွါမည့်အစီအစဉ်ကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် “တဖြည်းဖြည်းချင်း လျှော့ချသွားမည်” ဟူသော စကားဖြင့် တရားဝင် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။ စံကိုက်ဒီမိုကရေစီ၊ ဒီမိုကရေစီစံနှုန်းများဖြင့် မဟာဗျူဟာ ထွက် ပေါက်ကို ပိတ်ဆို့ခြင်းသည် မဟာဗျူဟာမြောက်ဆုတ်ခွါရာလမ်းကို ပိတ်ဆို့ရာ ရောက်ရှိသွားနိုင်သည်ကို အလေးအနက်ထား စဉ်းစားကြရန် လိုသည်။
★ အရှင်းအပြတ်ကိုပဲ ကြိုက်ကြသလား ★
မြန်မာနိုင်ငံရေးစင်မြင့်တွင် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေသူအားလုံးအနေဖြင့် တပ်မတော် ၏ အနေအထားမှန်ကို မျက်ခြည်မပြတ်ရန် အရေးကြီးသည်။ “နင်မဟုတ် နင့်အဖေ၊ နင့်အဖေမဟုတ်ရင် နင့်အဘိုး” ဟူသော ၀ါးလုံးသိမ်းကြုံးသီအိုရီသည် ယနေ့တပ်မတော်ကို မျိုးဆက်သစ်ခေါင်းဆောင်များ ဦး ဆောင်နေသည်ကို လျစ်လျူရှုရာ ရောက်ပေလိမ့်မည်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အောက်ဖော်ပြပါ အချက်ပြမှုများကို သတိပြုကြရန် လိုသည်-
(၁) တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လျှော့ချသွားမည်။ (ထိုင်းနိုင်ငံခရီးစဉ်)
(၂) တပ်မတော်သည် နောက်ကြောင်း ပြန်မလှည့်။ (မလေးရှားခရီးစဉ်)
(၃) တပ်မတော်သည်လည်း ဒီမိုကရေစီလိုလားသည်။ ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်လို သည်။ (ရခိုင်ပြည်နယ်ခရီးစဉ်)
(၄) မြေသိမ်းခြင်း မရှိတော့၊ သိမ်းဆည်းမြေများ စွန့်လွှတ်ခြင်းသာ ရှိတော့သည်။ (ပြည်ထောင် စု လွှတ်တော်တွင် ကာကွယ်ရေးဒုဝန်ကြီး၏ ပြောကြားချက်)
(မြေသိမ်းဆည်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သူအများအပြား လွှတ်တော်နှင့် အစိုးရထဲတွင် ရှိနေကြဆဲ ဖြစ်သည်)
(၄) ပြည်သူသာအမိ၊ ပြည်သူသာ အဖ။ (အင်ဒိုနီးရှားခရီးစဉ်)
(၅) Standard Army ဖြစ်အောင်ကြိုးစားနေ။ (မိတ္ထီလာ စစ်ရေးလေ့ကျင့်ခန်း)
တစ်ဖန် နိုင်ငံရေးမျက်နှာစာမှ တပ်မတော် အပြီးအပြတ် ထွက်ခွါခိုင်းကြသူများအနေဖြင့် အမှန် တကယ်ကိုပဲ တပ်မတော်ကို မလိုအပ်တော့ဘူး ဟု သဘောရှိကြပါသလား ပြန်လည် သုံးသပ်ကြရန် အရေးကြီးသည်။ ယနေ့ နိုင်ငံရေးဆုံချက်ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီစံနှုန်း များထက် အဆပေါင်းများစွာ ပိုမိုအရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်ထောင်စုတပ်မတော် စသည့် စားပွဲဝိုင်းများတွင် တပ်မတော် ၀င်ထိုင်ရန် ထိုင်ခုံတစ်ခုံ လုံးဝမလို ဟု ဆိုလိုရင်းလား စဉ်းစားကြစေလိုသည်။
မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲများ၊ စားပွဲဝိုင်းများတွင် တပ်မတော်သည် အဓိကကျသည့် ပလေယာတစ်ဦး ဖြစ်နေဦးမည့် နောက်ခံအခြေအနေတွင် မည်သည့်အတွက်ကြောင့် တပ်မတော်ကို မြန်မာ့နိုင်ငံရေး စားပွဲဝိုင်းမှ နှင်ထုတ်လိုကြသနည်း။ တဖြည်းဖြည်းလျှော့ချသွားမည့် ကတိက၀တ်အတွက် ပြည်တွင်းငြိမ်းချမ်းရေး အချိန်ဇယားကိုလည်း တပ်မတော်ဘက်က တစ်ပိုင်းတစ်စ အားဖြင့် ပြသထားပြီး ဖြစ်သည်။ တပ်မတော်အပြီးတိုင် ဆုတ်ခွါပေးရေးသည် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်- မရနိုင်ပေါ်တွင် မူတည်နေသဖြင့် ၂၀၁၅ မတိုင်မီ အခြေခံဥပဒေပြင်ဆင်၍ တပ်မတော်ကို နှင်ထုတ်လိုသူ များ စဉ်းစားကြစေလိုသည်။
ပြန်၍ချုပ်ရလျှင်-
(၁) အသွင်ကူးပြောင်းရေး မူဘောင်၏ မဟာဗျူဟာထွက်ပေါက်၊ မဟာဗျူဟာဆုတ်လမ်းကို ပိတ်ဆို့ခြင်းကြောင့် မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင်သနည်း။
(၂) “တဖြည်းဖြည်းချင်း လျှော့ချမည်” ဟူသော စကားကို “မရဘူး-ချက်ချင်းထွက်” ဖြင့် တုံ့ပြန် နိုင်လောက်သော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အရပ်ဘက်အင်စတီကျူးရှင်းများ ခိုင် ခိုင်မာမာ ရှိနေကြပြီလား။
(၃) မြန်မာ့နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းတိုင်းတွင် Key Play အဖြစ် ၀င်ထိုင်နေရဦးမည့် တပ်မတော်ကို မည်သည့်အတွက်ကြောင့် မြန်မာ့နိုင်ငံရေးပင်မရေစီးမှ မောင်းထုတ်နေရပါ သနည်း။
ကမ္ဘာပေါ်ရှိ တပ်မတော်တိုင်းအတွက် အခက်ခဲဆုံးသော စစ်ကဏ္ဍကြီးတစ်ရပ်မှာ ခွါစစ်ဆင်ခြင်း ဖြစ်ပြီး ယနေ့ မြန်မာ့နိုင်ငံရေးနယ်ပယ်၌ တပ်မတော်သည် အခက်ခဲဆုံးသော မဟာဗျူဟာမြောက်ခွါစစ်ကို ဆင်နွှဲနေရခြင်း ဖြစ်ကြောင်း သတိပြုကြစေလိုသည်။
"တပ်မတော်၏ ခွါစစ်မဟာဗျူဟာတွင် နောက်ဆုံး ထွက်ခွါမည့် နောက်ချန်တပ်သည် လွှတ်တော်ထဲက (၂၅%) ဖြစ်နေလျှင် နောက်ချန်တပ်ကို ၀င်တိုက် မိခြင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်ကို အမြော်အမြင်ဖြင့် သုံးသပ်ဆင်ခြင်နိုင်စေရန်" မီးမောင်းထိုး တင်ပြ လိုက်ရပေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source: The Voice Weekly, Vol.10/No.9]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Hmuu Zaw

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။