Ads (728x90)

Photo: နိုင်ငံရေး ပယောဂနှင့် လှေသေးပေါ်မှ လှေကြီးပေါ်ကူးသူ
Written by အောင်ထက်

“လေးစား.ရ.ပါ.သော. ဥက္ကဋ္ဌကြီး. ခင်ဗျာ” ဟု အစချီ၍ ထွက်လာသော အသံသည် လွှတ်တော်ခန်းမ တစ်ခုလုံးကို သြဇာ သက်ရောက်နိုင်ခြင်း ရှိနေသည်တော မဟုတ်။ စကားလုံး တစ်လုံးနှင့် တစ်လုံးကြားတွင် လေသံက ကွာဟနေသည်။ နားထောင်သူအပေါင်း အကြားအာရုံကို ဆက်စပ် နားထောင်ပေးရမည် ထင်၏။ ... မှန်သည် ... မှားသည်ကိုတော့ နိုင်ငံရေး လေ့လာသူ များနှင့် အစိုးရအဖွဲ့မှ တိုက်ရိုက် သိနိုင်လိမ့်မည်။ မည်သို့ပင် ဖြစ်စေ ယင်းပုဂ္ဂိုလ်အတွက် နိုင်ငံရေး ဟူသည်ကို ကြောက်စိတ်မရှိ။ ဒွိဟစိတ် ကင်းနေ၏။

“ဒီကိုယ်စားလှယ်က ပြောချင်ရာတွေ လျှောက်ပြောနေတာပါကွာ၊ လိုရင်း မရောက်ပါဘူး” ဟု လွှတ်တော် အမတ်များအကြား သုံးသပ် ပြောဆိုခံရသူ ဖြစ်သည်။ ထိုသူမှာ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) ၏ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာမြတ်ဉာဏစိုး ဖြစ်၏။

၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကို ပြန်လည် ကြည့်မည် ဆိုပါက ဒေါက်တာမြတ်ဉာဏစိုး ဟူသည် ၁၉၈၈ ခုနှစ် အရေးအခင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကဲ့သို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ စာရင်းတွင် မရှိ။ ခေတ်စနစ် အချိန်အခါအရ စစ်အစိုးရ၏ ထောင်နန်းကို စံစားဖူးသူ မဟုတ်ကြောင်းလည်း ထင်ရှား၏။ သူသည် ဆယ်နှစ်တာ လုပ်ကိုင်ခဲ့သည့် ဆရာဝန်ဘဝကို စွန့်လွှတ် ၍ ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက်ခဲ့သော မိုးကျရွှေကိုယ် နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများ၏။

လွှတ်တော်ဟူသည် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင် ပေါ်ပေါက်လာခဲ့သည်။ ဟန်ပြ သို့မဟုတ် ရုပ်ပြ လွှတ်တော်ဟု စွပ်စွဲခံနေရချိန် ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်လည်း လွှတ်တော်အမတ် ထိုင်ခုံ၌သာ ရှိနေသည့် ခဏတာ ဖြစ်သည်။ ဝန်ကြီးဌာန ၃၀ ကျော် ဖွဲ့စည်းရေး အတွက် ပြည်ထောင်စု လွှတ်တော်တွင် စတင် ဆွေးနွေးခြင်းသည် လွှတ်တော်၏ ပူနွေးသော အတွေ့အကြုံ ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာန များကို အရေအတွက် လျှော့ချရန်နှင့် ဝန်ကြီးဌာန တစ်ခုကို ဝန်ကြီးနှစ်ဦး မျှဝေ လုပ်ကိုင်နေခြင်းကို ပထမဦးဆုံးအကြိမ် ကန့်ကွက် ဆွေးနွေးသူသည် ဒေါက်တာမြတ်ဉာဏစိုးဟု ပြောရမည် ဖြစ်သည်။ ဥပမာ- စက်မှု (၁) နှင့် စက်မှု (၂) ဝန်ကြီးဌာန နှစ်ခုကို တစ်ခုတည်း ပူးပေါင်းပေးရန်နှင့် ပေါများနေသော ဝန်ကြီးအရေအတွက် လျှော့ချရန် ဖြစ်သည်။

ယင်းကိစ္စကို နိုင်ငံတော် သမ္မတအဖြစ် နေရာ ရထားသူ ဦးသိန်းစိန် ကိုယ်တိုင် အမတ်ထိုင်ခုံမှ ရှင်းလင်း၍ ပြန်ကြားရေး ဝန်ကြီးလောင်း ဦးကျော်ဆန်းကိုယ်တိုင် တစ်နာရီခန့် ကြာအောင် ဦးသိန်းစိန်ဘက်မှ ထောက်ခံ ဖြေရှင်းခဲ့ကြရသည်။ ထို့ကြောင့် လွှတ်တော်အတွင်း အစိုးရအဖွဲ့ကို အလုပ်ပေးနိုင်သူ Top Ten စာရင်းတွင် ဒေါက်တာမြတ်ဉာဏစိုးသည် ထိပ်ဆုံး မရောက်ပါက ဒုတိယနေရာ ရနေမည်မှာမူ မလွဲပေ။

ထို့အပြင် သမ္မတ ရွေးကောက် တင်မြှောက်ရေး ကိစ္စတွင် ရခိုင်တိုင်းရင်းသား ဒေါက်တာအေးမောင်ကို ဒုတိယ သမ္မတအဖြစ် တင်သွင်းခဲ့ခြင်း အပြင် ရန်ကုန်၏ ဆိပ်ကမ်းများ ရေနက်ဆိပ်ကမ်း ဖြစ်လာရေး၊ အခွန်နှစ်ထပ် ကောက်ခံခြင်း လျှော့ချရေး၊ မြို့ပတ်ရထားများ အဆင့်မြှင့်ရေးနှင့် မော်တော်ယဉ် အဟောင်းများ အပ်နှံ၍ အသစ် ထုတ်ပေးနိုင်ရေးကို အဆို သို့မဟုတ် မေးခွန်းများဖြင့် တင်ပြ ပြောဆိုနိုင်ခဲ့သည်။ သို့သော် ၎င်း၏ တင်ပြချက်များ သဲထဲ ရေသွန် ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး တင်ပြချက်တွင် “စိတ်ကူးယဉ် ဆန်လွန်းပါတယ်” ဟူသောယခင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း၏ ပြန်လည် ဖြေကြားချက်ကို လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မေ့နိုင်လိမ့်မည် မဟုတ်။ လက်ရှိတွင် ယာဉ်ဟောင်းများ အင်းစိန်သင်္ချိုင်းတွင် တောင်လို ပုံလို့ နေပေပြီ။ ယာဉ်သစ်များ လမ်းပေါ်ပိတ် နေလေပြီ။

လွှတ်တော်သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ထိုပုဂ္ဂိုလ်သည် အဆိုနှင့် မေးခွန်းပေါင်း ၆၀ ခန့် တင်ပြ မေးမြန်းခဲ့သည်။ မေးခွန်းများတွင် ပြည့်ဝသည့် အဖြေ ပြန်မရသကဲ့သို့ အဆို ၂၀ ခန့်တွင် ရှားရှားပါးပါး တစ်ခုသာ အောင်မြင်ခဲ့၏။ ယင်းအဆိုကြောင့် ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းတွင် အရေးပေါ် ကယ်ဆယ်ရေး စခန်းများ ပေါ်ပေါက်လာခဲ့သည်။

ထို့အပြင် မြစ်ဆုံနှင့် ပတ်သက်၍ မေးခွန်းမေးခြင်း၊ လယ်ယာမြေ သိမ်းဆည်းရေး ကော်မရှင် ဖွဲ့စည်းရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဥပဒေပြုရေး၊ စက်သုံးဆီ ခွဲဝေရောင်းချရေး၊ အလုပ်သမား အခြေခံ လစာရရှိရေး၊ နိုင်ငံရေးကြောင့် လိုင်စင်သိမ်း ခံရသော ဆရာဝန်နှင့် ရှေ့နေများ လိုင်စင် ပြန်ရရေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး မဲခွဲရွေးချယ် တင်မြှောက်ရေးနှင့် ပုဒ်မ ၁၈ အပါအဝင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးတို့ အပြင် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို တင်ပြခဲ့သော်လည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရှိရမည် ဖြစ်သည်။

သို့သော် နိုင်ငံ၏ လိုအပ်ချက်များ ကမူ လွှတ်တော် နှစ်ရပ်မှ ကိုယ်စားလှယ် များစွာ၏ တင်ပြမှုများကြောင့် ရုပ်လုံး ပေါ်လာခဲ့သည်။၂၀၁၂ ခုနှစ် တတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဟန်ပြရုပ်ပြ လွှတ်တော် မဟုတ်တော့ကြောင်း သူရ ဦးရွှေမန်း ကိုယ်တိုင် ကြွေးကြော်ခဲ့ရသည်။ ယင်းကိစ္စများသည် ယခုအခါ အကောင်အထည် ဖော်နိုင်မှု တိုးတက်လာကြောင်း ပြသ နိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု လမ်းစအတွက် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေရေးသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ တံခါးဖွင့်ပေးခြင်းဟု အများပြည်သူ အချို့ သတ်မှတ်ကြလိမ့်မည်။ အစိုးရကို ကျေးဇူးတင်ကြမည်။ ထိုအကြောင်းအရာသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဒေါက်တာမြတ်ဉာဏစိုး ကိုယ်တိုင် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က နိုင်ငံရေးတွင် ထိန်းမရသည့် စာမျက်နှာများ ပေါ်ထွက်လာလိမ့်မည် ဟူသော အစိုးရနှင့် အာဏာရပါတီ အမတ်တို့၏ ဝေဖန်ကန့်ကွက်မှုသာ အဖြေထွက်ခဲ့သည်။

ဒေါက်တာမြတ်ဉာဏစိုးသည် ၂၀၁၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင် အဖြစ် နိုင်ငံရေး လောကသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ NLD ပါတီ မှတ်ပုံတင်ပါက ယင်းပါတီသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ထုတ်ဖော ပြောဆိုထားသော်လည်း ကြားဖြတ် ရွေးကောက်ပွဲ အပြီး NLD ပါတီ လွှတ်တော်အတွင်း ဝင်ရောက်ခါနီးတွင် ပါတီ နှစ်ခုကြား ဗျာများခဲ့ရပြန်သည်။ NLD ပါတီဝင် အချို့၏ ကန့်ကွက် ခံရမှုများ အပြင် NDF ပါတီနှင့် နိုင်ငံရေးသမားတို့၏ တံတွေးခွက်ကိုပါ ကျော်ဖြတ်ခဲ့ရ၏။ “သာကူး” ဟု ရှုတ်ချခံ အမည်ထွက်ခဲ့သည်။

NDF ပါတီ၏ ခမောက်တံဆိပ်ကို ခွာ၍ NLD ၏ ခွပ်ဒေါင်း ရင်ထိုးကို ချိတ်ကာ ပထမဆုံး လွှတ်တော်အတွင်းသို့ ဝင်ရောက်လာသူသည် ၎င်းကိုယ်တိုင်ပင် ဖြစ်၏။ NLD ၏ နိုင်ငံရေး ပယောဂသည် လွှတ်တော်အတွင်း ဝင်ရောက်လာချေပြီ။ သူ၏ လုပ်ဆောင်မှု အပေါ် အာဏာရ ပါတီ အမတ်အချို့နှင့် နိုင်ငံရေးသမား အချို့၏ ဝေဖန်သံများ ခပ်စိပ်စိပ် ထွက်ခဲ့ပြန်သည်။

“လှေသေးပေါ်က လှေကြီးပေါ် တက်တာပါ။ ကုန်းပတ်ပဲ တိုက်ရတိုက်ရ၊ သံချေးပဲ ခွာရခွာရလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားလို့ပါ” ဟု ၎င်းက ဒီမိုကရေစီ ခရီးအတွက် လှေငယ်နှင့် သင်္ဘောကို ဥပမာပြု ပြောဆိုထားသည်။

NLD ပါတီဝင် ဖြစ်သွားသည့် နောက်ပိုင်း ပဉ္စမအကြိမ် လွှတ်တော် အစည်းအဝေးတွင် သူ၏ မေးခွန်းနှင့် အဆိုများ တိတ်ဆိတ် သွားပြန်သည်။ မေးမြန်းခြင်း၊ အဆိုတင်ခြင်း ကင်းသော ကာလဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လွှမ်းမိုးမှုအောက် ဒေါက်တာမြတ်ဉာဏစိုး ရောက်သွားပြီ ဟူသော အသံက မလွဲမသွေ ထွက်ခဲ့ကြပြန်သည်။

ဆဋ္ဌမအကြိမ် အစည်းအဝေးတွင် ၎င်း၏ မေးခွန်းနှင့် အဆိုများ ပြန်ပေါ်လာသည်။ တိုင်းရင်းသား အမည်ခံ နိုင်ငံခြားသား လုပ်ငန်းများကို ဖော်ထုတ်ရေး၊ Public Information Centre ပေါ်ပေါက်ရေး။ ပြီးတော့ တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ရေး ကိစ္စကို နှစ်ကြိမ်မြောက် အဆို တင်ပြန်သည်။ ထိုအချိန်က ပြည်ထောင်စု အစိုးရအဖွဲ့က အထူးရှင်းပြစရာ မလို။ ရန်ကုန်အစိုးရ အဖွဲ့တွင် ဘတ်ဂျက် မရှိဟူ၍ အဆုံးသတ်ခဲ့ပြန်သည်။

မည်သို့ပင်ဆိုစေ ဒေါက်တာမြတ်ဉာဏစိုး အတွက် ဝေဖန်ရှုတ်ချ ခံရမှုသည် အဆုံးမသတ်။ ၎င်းကိုယ်တိုင် မေးမြန်း တင်ပြသော ရန်ကုန်ယာဉ်ကြော ပိတ်ဆို့မှု ကိစ္စ မဟုတ်၊ တိုင်းရင်းသား ၁၃၅ မျိုး ကိစ္စမဟုတ်၊ ဇုန်ထုတ်ကားနှင့် ၇၅ နှစ်အထက် လူအိုရုံများ တည်ဆောက်ရေး ကိစ္စမဟုတ်၊ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး၏ အဆိုကို ဝင်ရောက်ထောက်ခံ ဆွေးနွေးခဲ့ခြင်းကြောင့် ဖြစ်၏။ အဆိုမှာ မြန်မာစာသတ်ပုံ မှန်ကန်နိုင်ရေး ကိစ္စဟု ခပ်တိုတို ပြောရမည် ဖြစ်သည်။

ဒီမိုကရေစီ လျှောက်လမ်းပေါ်တွင် နိုင်ငံရေးသမား၊ လွှတ်တော်အမတ် ဟူသည် မည်သည့် ပါတီမှ ဝင်ရောက်၍ လုပ်ကိုင်သူဖြစ်စေ ကြိုးစားသမျှ ပြည်သူအကျိုးကိုသာ လိုလားကြောင်း လွှတ်တော်မှ လက်ခံထားပြီး ဖြစ်သည်။ ယင်းအဓိပ္ပာယ်၏ သက်ရောက်မှု အားလုံးကို ဒေါက်တာမြတ်ဉာဏစိုးက လက်ခံထားသည်။

“သာကူး” နှင့် “မိုးကျရွှေကိုယ် နိုင်ငံရေးသမား” ဟုပင်ဆိုစေ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ လားရာအတွက် ဆက်လျှောက်ဦးမည်ဟု ၎င်းက ဝန်ခံ ကတိပေးထားပြီး ဖြစ်သည်။ ဒီမိုကရေစီ သက်တမ်း သုံးနှစ် ကျော်ပြီ ဖြစ်သည်။ ထိုသူ မေးမြန်းသော မေးခွန်း ၄၀ ခန့်မှ လေးခုကို နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းပေးမည်ဟု အမျိုးသားလွှတ်တော်က တရားဝင် ကြေညာထားသည်ကို ၎င်းက နိုင်ငံရေးပီတိ ဖြစ်ဟန်တူ၏။

“ကျွန်တော် ... ဆရာဝန်ဘဝကို တမ်းတ နေတယ်ဗျာ” ဟု လွမ်းမောစွာ ဆိုသည်။

Aye Chan Mon# Credit To : Sa Maung> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် “လေးစား.ရ.ပါ.သော. ဥက္ကဋ္ဌကြီး. ခင်ဗျာ” ဟု အစချီ၍ ထွက်လာသော အသံသည် လွှတ်တော်ခန်းမ တစ်ခုလုံးကို သြဇာ သက်ရောက်နိုင်ခြင်း ရှိနေသည်တော မဟုတ်။ စကားလုံး တစ်လုံးနှင့် တစ်လုံးကြားတွင် လေသံက ကွာဟနေသည်။ နားထောင်သူအပေါင်း အကြားအာရုံကို ဆက်စပ် နားထောင်ပေးရမည် ထင်၏။ ... မှန်သည် ... မှားသည်ကိုတော့ နိုင်ငံရေး လေ့လာသူ များနှင့် အစိုးရအဖွဲ့မှ တိုက်ရိုက် သိနိုင်လိမ့်မည်။ မည်သို့ပင် ဖြစ်စေ ယင်းပုဂ္ဂိုလ်အတွက် နိုင်ငံရေး ဟူသည်ကို ကြောက်စိတ်မရှိ။ ဒွိဟစိတ် ကင်းနေ၏။

  Sa Maung

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...