Ads (728x90)



ယုံကြည်ချက်ခိုင်မာမှု (အပိုင်း-၂)
ဗန်နစ္စတယ်လ်ရွိုင်းရဲ့ ထင်ရှားပြီးအားလုံးလည်းအသိအမှတ်ပြုထားရတဲ့ အရည်အချင်းကတော့ ဂိုးသွင်းသေချာခြင်းပါပဲ။ ဒါကြောင့် သူပွဲတစ်ပွဲမှာဂိုးမသွင်းနိုင်တဲ့အခါ ကျွန်တော်တို့အသင်းအနိုင်ရခဲ့ရင်တော့ သူ့အပေါ်မှာ သံသယမိုးတိမ်တွေ အုပ်မိုးလာတော့တာပါပဲ။ သူဟာတင်းကျပ်တဲ့ ပရိုတက်စတင့်ခရစ်ယာန်အယူဝါဒတစ်မျိုးဖြစ်တဲ့ ကယ်လ်ဗင်ဝါဒကို ယုံကြည်လိုက်နာသူလည်းဖြစ်တာကြောင့် သူ့ရဲ့တာဝန်ဖြစ်တဲ့ ဂိုးသွင်းယူခြင်းကိုမလုပ်ဆောင်နိုင်တဲ့အခါမျိုးမှာ သူ့ကိုယ်သူ အခကြေးငွေယူဖို့ မထိုက်တန်တဲ့ခံစားချက်မျိုးလည်း ခံစားရလေ့ရှိပါတယ်။ ကျွန်တော်ကိုင်တွယ်ခဲ့သမျှတိုက်စစ်မှူးတွေ အားလုံးထဲမှာ သူဟာတစ်ကြောင်းတည်းသောစိတ်အရှိဆုံးသူဆိုတာ သံသယရှိစရာမလိုပါဘူး။ သူ့ရဲ့အလုံးစုံဖြစ်တည်မှု ဟာ ဂိုးတွေသွင်းဖို့ပါပဲ။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော်တို့ အဲဗာတန်ကိုအနိုင်ရပြီး လိဂ်ဖလားရခဲ့တဲ့ပွဲပြီးတဲ့နောက်မှာ သူဟာ အ၀တ်လဲခန်းထဲကိုတန်းပြေးသွားပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ကိုပေးတဲ့ ရွှေဖိနပ်ဆုကို သူနဲ့ ဟင်နရီ ဘယ်သူရသွားလဲ ဆိုတာသွားကြည့်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ရွှေဖိနပ်ဆုကို သူရခဲ့တာကြောင့် သူလည်း အဲဒီနွေရာသီမှာ စိတ်ချမ်းသာ၊ လက်ချမ်းသာ အနားယူနိုင်ခဲ့ပါတယ်။
ဂိုးသမားတွေထဲမှာတော့ တင်မ်ဟောင်းဝက်ဒ်အကြောင်း နည်းနည်းပြောချင်ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ ယူနိုက်တက် ကနေ အဲဗာတန်ကို ပြောင်းရွှေ့သွားပြီးတဲ့နောက် အဲဒီအသင်းမှာ အောင်အောင်မြင်မြင်စွမ်းဆောင်ပြနိုင်တာ အားလုံးအသိပါ။ ယူနိုက်တက်မှာတုန်းကတော့ သူ့ကို ကျွန်တော်တို့ အမေရိက ကနေခေါ်လာတဲ့အစပိုင်းမှာ လက်စွမ်းပြနိုင်ခဲ့ပေမယ့် ၂၀၀၄ ခုနှစ်တုန်းက ပေါ်တိုနဲ့ကစားတဲ့ပွဲမှာ သူ့ရဲ့အမှားတစ်ခုကြောင့် ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ကနေလှည့်ပြန်ခဲ့ရပြီးတဲ့နောက်မှာတော့ သူဟာ အရင်တုန်းကလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ပါဘူး။ အဲဒီအဖြစ်အပျက်က သူ့ရဲ့ယုံကြည်မှုကိုတိုက်စားပစ်လိုက်သလိုပါပဲ။ သူဟာနောက်ပိုင်းမှာ ပုံစံအမှန်ပြန်ရလာပေမယ့် အဲဒီအရိပ်မည်းကို ဘယ်တော့မှမဖျော်ဖျက်ပစ်နိုင်တော့သလို ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်ဂိုးသမားတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနိုင်ပါတယ်။ ဂိုးတစ်ဂိုးဝင်သွားပြီဆိုတာနဲ့ ကွင်းထဲမှာ ရှိသမျှပရိသတ်တွေရဲ့အကြည့်တွေအားလုံးက သူတို့ အပေါ် စုပုံကျလာတော့တာပါ။ တခြားကစားသမားတွေ ဘောလုံးဝင်လုပုံမှားယွင်းတာ၊ ဖြတ်တင်ပေးပို့မှု မှားယွင်းတာ၊ ဒါမှမဟုတ် ဖြစ်ကတတ်ဆန်းနောက်ကိုပြန်ပေးမိတာ၊ စတာတွေကြောင့် ဂိုးပေးလိုက်ရတဲ့အခါမျိုးမှာတောင် အဲဒီကစားသမားတွေရဲ့အမှားကိုပရိသတ်တွေကလွယ်လွယ်ကူကူပဲ မေ့သွားတတ်ကြပြီး ဂိုးသမားဆီကိုပဲ အကြည့်တွေက ရောက်နေတတ်ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ ဒေးဗစ်ဒီဂီယာကျွန်တော်တို့ဆီစပြီးရောက်လာတော့ သူဟာ အဲဒီအချိန်တုန်းက ယူနိုက်တက်မှာ ၆ နှစ်လောက် ပထမဦးစားပေးဂိုးသမားအဖြစ်ကစားထားတဲ့ နာမည်ကျော် ဟော်လန်ဂိုးသမားဗန်ဒါဆား ရဲ့နောက်က အရံဂိုးသမားဆိုတဲ့ မက်လောက်စရာမရှိတဲ့နေရာမှာသာ ရှိခဲ့တာပါ။ ဒေးဗစ်ဟာ အဲဒီအချိန်မှာအသက် ၂၀ သာရှိသေး ပြီး အရပ်က ရှည်ပါတယ်။ ဒါပေမဲ့သူဟာ ပရီးမီးယားလိဂ်ရဲ့ အတွန်းအတိုက်များတဲ့ကစားဟန်နဲ့ အံဝင်ဂွင်ကျဖြစ်ဖို့အတွက် ကြွက်သားတွေကြီးထွားတောင့်တင်းလာဖို့တော့ လိုနေပါသေးတယ်။ သူအသင်းကိုရောက်စလတွေမှာ အခြေအနေက ရှုပ်ရှုပ်ထွေးထွေးရှိခဲ့ပြီး ပရိသတ်တွေနဲ့ မီဒီယာတွေကလည်း သူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ ပွဲတစ်ပွဲအပြီးမှာ သူစိတ် ဓါတ်ကျနေတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ ဒါပေမဲ့သူ့ကို တိုက်ရိုက်သွားစကားမပြောတော့ဘဲ တစ်သင်းလုံးကို ဦးတည်ပြီးပြောတာပိုကောင်းမယ်လို့ ကျွန်တော်တွေးလိုက်ပါတယ်။ ဒါနဲ့ပဲ ဒီဂီယာဟာ ယူနိုက်တက်ကို ကိုယ်စားပြုနိုင်တဲ့ အပြီးပြည့်စုံဆုံးပြယုဂ် တစ်ခုပဲလို့ အသင်းသားတွေကို ကျွန်တော်ပြောလိုက်ပါတယ်။ သူဟာ အင်္ဂလိပ်စကားလည်းတစ်လုံး မှ မပြော၊ ယာဉ်မောင်းလိုင်စင်လည်းမရှိဘဲနဲ့ အင်္ဂလန်ကိုရောက်လာခဲ့ပြီးတော့ သူ့ရဲ့ဘ၀ကိုနင်းချေပစ်နိုင်တဲ့ တိုက်စစ်မှူးတွေရဲ့ ကန်ချက်တွေကိုလည်း အပတ်စဉ်အပတ်တိုင်း ရင်ဆိုင်နေရတယ်လို့လည်း ကျွန်တော်ပြောလိုက် ပါတယ်။ အဲဒီလိုပြောပြီးတဲ့နောက်မှာ သူ စိတ်ဓါတ်ပြန်တက်လာတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်။ အခုသူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်နေပါပြီ။ ဒီအတွက် ဂိုးနည်းပြ အဲရစ်စတီးလ် နဲ့ အခြားသူတွေကို ကျေးဇူးတင်ရမှာပါ။
ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုမြင်တွေ့နိုင်တဲ့နောက်ထပ် အခြေအနေတစ်ခုကတော့ ပွဲကိုအဖြေပေး မယ့် ပင်နယ်လ်တီကန်သွင်းတဲ့အချိန်ပါပဲ။ ပတ်ထရစ်အီဗရာလိုမျိုး တစ်ချို့ကစားသမားတွေဟာ လေ့ကျင့်တဲ့အချိန်မှာ ပင်နယ်လ်တီကို ကောင်းကောင်းကန်သွင်းနိုင်ပေမယ့် ပွဲအတွင်းမှာ သူတို့ကို ပင်နယ်လ်တီကန်သွင်းခိုင်းမှာကိုတော့ စိုးရိမ်ထိတ်လန့်နေတတ်ပါတယ်။ ပေါလ်အင့်စ်လည်းအဲဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့ ကာလကြာရှည်အားထားခဲ့ရတဲ့ နောက်ခံလူ ၀က်စ်ဘရောင်းဆိုရင်လည်း ပင်နယ်လ်တီကန်ရမယ့်အစား ဖိနပ်မပါဘဲသာ ကစားလိုက်ချင်တယ်ဆိုတဲ့ လူမျိုးပါပဲ။ ၀က်စ်ဟာ သူပင်နယ်လ်တီကန်ရမယ့်အလှည့်မရောက်ခင် ပွဲအဖြေထွက်ပါစေလို့ ဆုတောင်းတတ်တယ်လို့ တောင် ကျွန်တော်ထင်ပါတယ်။
ယုံကြည်ချက်အပြည့်ရှိတဲ့ ကစားသမားတွေလည်း ရှိတာပါပဲ။ အဲရစ်ကန်တိုနာလိုကစားသမားမျိုးဟာ ဆယ်ခါရံတစ်ခါ ဆိုသလို သူပန်နယ်လ်တီလွဲသွားတဲ့အခါမျိုးမှာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်သွားသလိုမျိုးနဲ့ " ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားပါ လိမ့် " လို့ မေးခွန်းထုတ်နေတဲ့ဟန်ကို သူ့မျက်နှာမှာ မြင်ရတတ်ပါတယ်။ သူဟာ သူ့ကိုယ်သူ ပန်နယ်လ်တီကန်တဲ့နေရာမှာ လွဲသွားနိုင်တယ်လို့ တစ်ခါမှအတွေးဝင်ဖူးပုံမရပါဘူး။ ဒန်းနစ်အာဝင်၊ စတိဗ်ဘရုစ်၊ ဘရိုင်ယန်မက်ကလဲယား၊ ရုဒ်ဗန်နစ္စတယ်လ်ရွိုင်း၊ ရော်ဘင်ဗန်ပါစီ၊ ၀ိန်းရွန်နီ တို့အားလုံးဟာ ပန်နယ်လ်တီကို ယုံကြည်မှုအပြည့်နဲ့ ကန်ဖို့အမြဲ အသင့်ရှိနေတတ်သူတွေပါပဲ။ ရွန်နီဟာ ဖိအားတွေအောက်မှာဆိုရင် ပိုပြီးထူးချွန်လာတတ်လေ့ရှိပုံပါပဲ။ ၂၀၁၁ ခုနှစ် မေလ တုန်းက ဘလက်ဘန်းနဲ့ကစားတဲ့ပွဲမှာ ကျွန်တော်တို့ဟာ ၁ ဂိုး၊ ဂိုးမရှိနဲ့ နောက်ကလိုက်ကစားနေခဲ့ရပါတယ်။ အဲဒီပွဲမှာ ၁ မှတ် ရရုံနဲ့ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားချန်ပီယံဖြစ်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပုံမှန်ပွဲကစားချိန်ပြည့်ဖို့ ၁၇ မိနစ်အရောက် မှာ ကျွန်တော်တို့အသင်း ပင်နယ်လ်တီရတဲ့အခါမှာ ရွန်နီက ဂိုးရဲ့ အပေါ်ထောင့်ကို အမှားအယွင်းမရှိကန်သွင်းရယူလိုက်နိုင်ပါတယ်။ ရွန်နီဟာပွဲတစ်ပွဲမစခင်မှာကတည်းက အဲဒီပွဲမှာ ပင်နယ်လ်တီရခဲ့ရင် ဘယ်ထောင့်ကိုကန်မယ်ဆိုတာ ကြိုဆုံးဖြတ်ထားတတ်ပြီး အဲဒီလိုဆုံးဖြတ်ထားတာက ပင်နယ်လ်တီ ကန်သွင်းရာမှာ သူ့အတွက် အထောက်အကူဖြစ်စေပုံပါပဲ။
အချိန်ပိုနဲ့ပင်နယ်လ်တီဆက်ကစားပြီး အဆုံးအဖြတ်ယူရတော့မယ်လို့ ကျွန်တော်ယူဆတဲ့အခါမျိုးမှာ ပုံမှန်ပွဲကစားချိန်ရဲ့ နောက်ဆုံးမိနစ်မှာ လူစားလဲတာမျိုး ကျွန်တော်လုပ်လေ့ရှိပါတယ်။ ၂၀၀၈ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော် အဲဒီလိုလုပ်ခဲ့ဖူးပါတယ်။ ပင်နယ်လ်တီကန်ဖို့အတွက် ဘရာဇီးလ်ကစားသမား အန်ဒါဆင်ကို လူစားဝင်ကစားစေခဲ့တာပါ။ အဲဒီတုန်းက သူ့ အသက်က ၂၀ ပဲရှိပါသေးတယ်။ ဒါပေမဲ့သူဟာ ပင်နယ်လ်တီကန်ဖို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ချက်ရှိသူပါ။ သူဟာ အဲဒီပွဲရဲ့ ၆ လုံးမြောက်ပင်နယ်လ်တီကို အမှားအယွင်းမရှိကန်သွင်းပေးပြီးတော့ ချယ်လ်ဆီးအသင်းကို အနိုင်ယူကာ ကျွန်တော်တို့အသင်းအတွက် ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ဖို့ အကောင်းဆုံးကူညီပေးခဲ့ပါတယ်။
တစ်ခါတစ်ရံမှာ အခြေအနေအဖြစ်အပျက်တစ်ခုက အတွေ့အကြုံရင့်ကစားသမားတွေကိုတောင် ဒုက္ခပေးနိုင်တာမျိုး ရှိတတ်ပါတယ်။ ကစားသမားတစ်ယောက်အတွက်သူ့ဘ၀တစ်လျှောက် အကြီးကျယ်ဆုံးကစားပွဲတစ်ပွဲမှာ ကြုံတွေ့ရတဲ့ ဖိအားတွေက ဘယ်လောက်ပြင်းထန်မလဲဆိုတာ တွေးကြည့်ပါ။ ပွဲမစခင်မှာမီဒီယာတွေရဲ့ ခန့်မှန်းရေးသားမှုတွေ၊ ကွင်းအတွင်းက ပရိသတ်တွေရဲ့ ဆူဆူညံညံအားပေးသံတွေနဲ့ အခြားအခြေအနေတွေကို ကစားသမားတွေအားလုံးက လုံးဝ ဥပက္ခာပြုထားနိုင်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲလိုပွဲမျိုးကို တခြားပွဲတွေလိုပဲလို့ သဘောထားပြီး ပြိုင်ဘက် ၁၁ ယောက်ကို ရင်ဆိုင်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ့်လက်တွေ့ဘ၀မှာအဲဒီလို မဖြစ်နိုင်ပါဘူး။ ၁၉၉၁ ခုနှစ်တုန်းက ဥရောပ Cup Winner's Cup ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာနဲ့ကစားတဲ့ပွဲမှာ အဲဒီအချိန်တုန်းက အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ ပေါလ်အင့်စ်ဟာ အတော်လေးစိတ်လှုပ်ရှားပြီး ဖိအားဝင်နေပါတယ်။ ပရိသတ်တွေကွင်းထဲဝင်တာ မပြီးသေးတဲ့အတွက် ပွဲချိန်ကိုနောက်ဆုတ်လိုက်ရတာကလည်း ကစားသမားတွေကို ပိုပြီး စိတ်မတည်မငြိမ်ဖြစ်စေခဲ့ ပါတယ်။ ပေါလ်ဟာ ပထမပိုင်းမှာ စိတ်တိုနေပြီး ဘရိုင်ယန်ရော့ဘ်ဆင်နဲ့ စကားအနည်းငယ်များခဲ့ပါတယ်။ ဒါနဲ့ ပထမပိုင်းပြီးတဲ့အချိန်မှာ ကျွန်တော်ကသူ့ကို " အင်စီ၊ ကစားပွဲကိုပဲအာရုံစိုက်ထား။ ပွဲမစခင်ဖြစ်ခဲ့တာတွေကို မေ့ထားလိုက်တော့။ ဘာမှမဖြစ်ပါဘူး။ စိတ်အေးအေးထားပြီး ကစားစမ်းပါကွ " လို့ ပြောခဲ့ပါတယ်။ သူဟာ ဒုတိယပိုင်းမှာကစားပုံပိုကောင်းလာပြီး ဘရိုင်ယန်ရော့ဘ်ဆင်နဲ့ တွဲကာ ကျွန်တော်တို့ရဲ့ခံစစ်မှာ တကယ့်ကိုထူးထူးချွန်ချွန်အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်။
ကစားသမားတစ်ယောက်က သူ့ဘ၀သူခက်ခဲအောင်လုပ်ပြီး သူ့ကိုယ်သူ စိုးရိမ်စိတ်တွေများလာအောင် လုပ်တဲ့အခါမျိုး မှာလည်း ကျွန်တော်တို့ဟာ စိတ်ဒုက္ခရောက်ရတာပါပဲ။ အဲဒီလိုအဖြစ်အပျက်မျိုး ၁၉၉၅ ခုနှစ်တုန်းက ကျွန်တော်တို့ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ရော့တာဗိုလ်ဂိုဂရတ်အသင်းကို ရှုံးပြီး UEFA ဖလားပွဲကထွက်လိုက်ရတုန်းက ကြုံခဲ့ရပါတယ်။ အဲဒီပွဲမှာ ကျွန်တော်ဟာ ပွဲထွက်ကစားသမားအနေနဲ့ သိပ်မကစားရဖူးပေမယ့် အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဂျွန်အိုကိန်း ကို နောက်တန်းညာအစွန်မှာ ကစားဖို့ ရွေးချယ်ထားခဲ့ပါတယ်။ ဒါပေမဲ လူစာရင်းတွေအားလုံးတင်ပြီးလို့ ပွဲစဖို့ ၁၀ မိနစ်လောက်ပဲလိုတော့တဲ့အချိန်ကျမှ နောက်တန်းဘယ်အစွန်မှာ ကစားချင်တယ်လို့ သူကကျွန်တော့်ကို ပြောလာပါတယ်။ သူဟာ ပွဲအရှိန်ကြောင့် စိတ်လှုပ်ရှားနေတယ်ဆိုတာ သိပ်ကို သိသာပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး။ နောက်တန်း ဘယ်အစွန်မှာကစားချင်တာဟာ သူ့ဒုက္ခသူ ရှာသလိုပဲ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရင်ဆိုင်ရမယ့် ဗိုလ်ဂိုဂရတ် တောင်ပံကစားသမားဟာ ဒုံးပျံလိုမြန်ဆန် တဲ့ ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ။ ကျွန်တော်ဟာ ဖီးလ်နဗေးလ်ကို နောက်တန်းညာအစွန်မှာထားပြီး အိုကိန်းကို သူ့ဆန္ဒအတိုင်းဘယ်အစွန်မှာထားခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၃၀ မပြည့်ခင်မှာပဲ သူအစိတ်စိတ်၊အမွှာမွှာ မဖြစ်သွားခင် သူ့ကို လူစားလဲပစ်ခဲ့ရပါတယ်။
မကြာမကြာဆိုသလို ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ တစ်စုံတစ်ခုက ယုံကြည်မှုနဲ့ အသင်းသားအားလုံးရဲ့ စိတ်ဓါတ်ကြံခိုင်မှုတွေကို တိုက်စားပစ်လိုက်တာမျိုး ကြုံရတတ်ပါတယ်။ အဲဒီလိုအနေအထားမျိုးရောက်သွားတဲ့အခါမှာ အသင်းရဲ့ စုပေါင်းယုံကြည်မှုကို မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ မန်ချက်စတာစီးတီးအသင်းက ဗြိတိန်သမိုင်းတစ် လျှောက် စံချိန်တင်အသုံးစရိတ်တွေသုံးပြီး အသင်းကိုအင်အားဖြည့်တင်းလာတဲ့အခါ ယူနိုက်တက်ကလူတွေအားလုံးဟာ သတင်းစာတွေမှာ အဲဒီသတင်းတွေကိုဖတ်မိရင်း တုန်လှုပ်မှုနဲ့လေးစားအားကျမှု ရောထွေးနေတဲ့ခံစားချက်တွေ ၀င်လာကြပါတော့တယ်။ ၂၀၁၂ ခုနှစ်၊ အမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံး ၆ ပွဲမှာ ၁၈ မှတ်ရနိုင်ခြေရှိတဲ့အချိန်မှာ ကျွန်တော်တို့ ၁၀ မှတ်သာယူနိုင်ခဲ့ပြီး အမှတ်တူ၊ ဂိုးကွာခြားချက် နဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဖလား လွှဲပေးလိုက်ရတဲ့အခါမှာ တော့ အဲဒီအနေအထားက ပိုဆိုးသွားခဲ့ပါတော့တယ်။ ကျွန်တော်ပြောရင် လူတွေက ကျွန်တော့်ကို မမီတဲ့စပျစ်သီးမလို့ ချဉ် တယ် ပြောတာလို့ ထင်ကြမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ တကယ်ပြောတာပါ။ အဲဒီနှစ်မှာ မန်စီးတီးနိုင်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုံးခဲ့တာပါ။
အဲဒီလို မန်စီးတီးကို ဖလားလွှဲပေးလိုက်ရတာကို ကျွန်တော့်အသင်းသားတွေအားလုံး ယုံကြည်မှုပြန်တက်လာစေဖို့ တွန်းအားတစ်ရပ်အဖြစ် အဲဒီနှစ်နွေရာသီမှာ ကျွန်တော်အသုံးချခဲ့ပါတယ်။ လာမယ့်ရာသီအတွက် ပြင်ဆင်နေတဲ့ ကာလမှာ ကျွန်တော်က ယူနိုက်တက်ဟာ ကစားသမျှပွဲတိုင်းကို အနိုင်ကန်ဖို့ မျှော်မှန်းထားကြောင့် အထပ်ထပ်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်အသင်းက ပရီးမီးယားလိဂ် ကြီးစိုးနေတဲ့အသင်းပဲဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ချန်ပီယံပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် FA ဖလားမှာ ရင်ဆိုင်ရမယ့် အသင်းငယ်လေးတစ်သင်းပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ပါရှန်းပင်လယ်ကွေ့က ရေနံတွင်းတွေအားလုံးပိုင်တဲ့သူရဲ့ အသင်းပဲဖြစ်ဖြစ်၊ ရုရှားမှာ ရှိသမျှ ကျောက်မီးသွေးတွင်းတွေ အားလုံးပိုင်တဲ့သူရဲ့ အသင်းပဲဖြစ်ဖြစ် ဘယ်အသင်းမှ ယူနိုက်တက်လောက် မကြီးကျယ်မခမ်းနားနိုင်ဘူး ဆိုတဲ့ အယူအဆကို ကျွန်တော်က အသင်းသားတွေအားလုံးရဲ့စိတ်ထဲ ဆက်တိုက်ဆိုသလို ထည့်သွင်းပေးပြီး ခိုင်မာလာအောင် တည်ဆောက်ပေးနိုင်ခဲ့ တာပဲဖြစ်ပါတယ်။
(လာမယ့်အပတ်မှာတော့ ဆာအဲလက်စ်ဖာဂူဆန်က ဌာန ၄၊၅ ခု သာရှိပြီး စုစုပေါင်း ၀န်ထမ်း ၁၀၀ မပြည့်တဲ့ မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတသင်းဖြစ်လာအောင် ဘယ်လိုတည်ဆောက် ယူခဲ့တယ်ဆိုတာကို စိတ်ဝင်စားဖွယ်ဆက်လက်ဖတ်ရှု့ကြရမှာ ဖြစ်ပါတယ်)
Picture
Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...