Ads (728x90)



ရှေ့အလားအလာ (မျိုးဆက်သစ်ဖော်ဆောင်မှု)
အဖွဲ့အစည်းတစ်ခုကို တာဝန်ယူကိုင်တွယ်ရတဲ့အခါ ရှေ့ကို မျက်စိတစ်ဆုံးမျှော်ကြည့်ထားဖို့ လိုပါတယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်လိုအဖွဲ့အစည်းမျိုးဆိုရင်တော့ မျက်စိတစ်ဆုံးဆိုတဲ့အကွာအဝေးက အမြဲတမ်းပြောင်းလဲနေ နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရှေ့နှစ်အနည်းငယ်ကိုမျှော်ကြည့်လို့ရပေမယ့် တစ်ခါတစ်လေမှာကျ ရှေ့လာမယ့်စိန်ခေါ်မှု တစ်ရပ်၊ ဘောလုံးအားကစားနည်းအရပြောရရင်တော့ ရှေ့လာမယ့်ပွဲလောက်ကို မျှော်မှန်းကြည့်ဖို့တောင် မဖြစ်နိုင်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းအတွက် ရှေရှည်စီမံချက်က အရေးကြီးတာကတော့ အရေးကြီးတာပါပဲ။ ပြီးတော့ ယူနိုက်တက်မှာ ကျွန်တော်တို့ဟာ ရှေ့လာမယ့် ဘောလုံးရာသီအနည်းငယ်အတွက် အသင်းရဲ့လူစာရင်းအခင်းအကျင်းကို အမြဲတမ်းကြိုတင်စဉ်းစားရပါတယ်။ ဒါကြောင့်ကျွန်တော်တို့မှာ အသင်းအတွက်အရည်အချင်းပြည့်ဝတဲ့ကစားသမားတွေ ပုံမှန်သယ်ဆောင်လာပေးမယ့် လည်ပတ်မှုစနစ်တစ်ရပ် ရှိရပါတယ်။

ကစားပွဲတိုင်းအတွက် ပွဲထွက်ကစားသမား ၁၁ ယောက်နဲ့ အရံကစားသမား ၇ ယောက်လိုအပ်ပါတယ်။ အဲဒီကစားသမား တွေမွေးထုတ်ဖို့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံးကို ပုံစံချဒီဇိုင်းရေးဆွဲထားပါတယ်။ လာမယ့် ၃ နှစ်လောက်မှာ အသင်းအတွက်ရွေးချယ်မယ့် ကျွန်တော်တို့ကစားသမားတွေရဲ့ ရှေ့အလားအလာဟာ ဘယ်လိုများဖြစ်လာမလဲဆိုတာကို ကျွန်တော်အမြဲပဲသိချင်ခဲ့မိပါတယ်။ လူငယ်ကစားသမားလေးတွေကို လုံလောက်တဲ့အဟာရဓါတ်ဖြည့်တင်းပေး၊ အရည်အသွေးတက်လာအောင်လေ့ကျင့်ပေးပြီး အောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးလိုက်တဲ့အခါ မြင့်မားတဲ့ စွမ်းဆောင်ရည်တစ်ရပ်ကို ရေရှည်ခိုင်ခိုင်မာမာ ထိန်းသိမ်းထားဖို့ အများကြီးပိုပြီးလွယ်ကူသွားပါတယ်။
 အဲဒီလိုလုပ်ဖို့ဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားဖြစ်လာဖို့ အိပ်မက် မက်နေကြတဲ့ သန်းနဲ့ချီတဲ့လူငယ်လေးတွေထဲကနေ ဆန်ခါချစစ်ထုတ်ရမှာမလို့ပါ။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အမိုးအကားမရှိ၊ နေမလုံ၊မိုးမလုံကွင်းတွေထဲမှာကန်တဲ့ ဘောလုံးပွဲပေါင်း ထောင်၊သောင်းချီပြီးကြည့်ဖို့လိုပါတယ်။ ယူနိုက်တက်အသင်းမှာ ၁၉၇၅ ကနေ ၁၉၈၃ ခုနှစ်အထိကစားခဲ့ပြီး နောက်ပိုင်းမှာမန်နေဂျာတစ်ယောက်ဖြစ်သွားတဲ့ စတိဗ်ကော့ပဲလ် ရေးထားတာတစ်ခုကို မကြာသေးခင်က ကျွန်တော်ဖတ်ရပါတယ်။ အဲဒီထဲမှာ သူက ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မက်ထားတဲ့လူငယ်လေးတွေဟာ တောင်ပင်လယ်က လိပ်တွေလိုပဲလိုပဲ လို့ ရေးထားပါတယ်။ သောင်ပြင်မှာ အကောင်ပေါက်တဲ့လိပ်တွေက ထောင်ပေါင်းများစွာရှိပေမယ့် သူတို့ထဲကအနည်းငယ်ပဲ ရေထဲကိုရောက်အောင်သွားနိုင် ကြပါတယ်တဲ့။ စတိဗ်ပြောတာ သွေးထွက်အောင်မှန်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လိုအသင်းမျိုးမှာကျ ရေစပ်လောက်အထိရောက်အောင်သွားနိုင်လောက်တဲ့လိပ်လောက်နဲ့တင်မရပါဘူး။ ရှည်လျားတဲ့ပင်လယ်ခရီးကို ဖြတ်သန်းပြီးသည်အထိ အသက်ရှင်ကျန်နိုင်မယ့်လိပ်မျိုးလောက်အထိ ခန့်မှန်းရွေးချယ်နိုင်ဖို့ လိုပါတယ်။
၁၉၇၈ ခုနှစ်မှာ အဘာဒင်းန် အသင်းကိုကျွန်တော်ရောက်တော့ ကျွန်တော်တို့မှာ ဘောလုံးကင်းထောက်နှစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ အဲဒီကနေကျွန်တော်ထွက်ခွါလာတဲ့အချိန်ကျ စကော့တလန်တ၀မ်းက အလားအလာရှိတဲ့ ကစားသမား တွေကို ရှာဖွေပေးမယ့် ကင်းထောက် ၁၇ ယောက်ထိ ရှိနေပါပြီ။ အဲဒီလိုကင်းထောက်တွေအများကြီးရှိတဲ့အတွက် ရလာတဲ့ အကျိုးကျေးဇူးကတော့ အံ့သြဘနန်းပါပဲ။ ၁၉၈၃ ခုနှစ်မှာ ဥရောပဖလားများချန်ပီယံဖလား ဗိုလ်လုပွဲအတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဘာဒင်းအသင်းကစားတဲ့ပွဲမှာ ကျွန်တော်တို့အသင်းမှာ လူငယ်အသင်းကနေ ပထမအသင်းကို ရောက်လာတဲ့ ခြံပေါက်ကစားသမား ၈ ယောက်အထိပါဝင်ခဲ့ပြီး ၀ယ်ထားတဲ့ကစားသမား ၃ ယောက်ပဲပါဝင်ခဲ့ပါတယ်။ အဲဒီ ၃ ယောက်ထဲမှာ ကျွန်တော်အဘာဒင်းန်ကိုရောက်တဲ့အချိန်မှာ အသင်းကိုရောက်နေပြီဖြစ်တဲ့ ဂေါ်ဒွန် လည်းပါပါတယ်။ ဂေါ်ဒွန်နဲ့ပတ်သတ်ပြီးရလာတဲ့အတွေ့အကြုံတွေက လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးတာကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ကျွန်တော် အဘာဒင်းန်ကို ရောက်တဲ့အချိန်မှာ သူဟာ အသင်းကနေထွက်ခွာရမယ့်အနေအထားမျိုးရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရှေ့ကနည်းပြက သူ့ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ထားပြီးသား ဖြစ်နေလို့ပါ။ ဒါပေမဲ့ကျွန်တော်က သူ့ကို ရောင်းမထုတ်သေးဘဲ ကျွန်တော်ကိုယ်တိုင်သူ့ကိုအကဲဖြတ်ကြည့်ပြီးမှ ရောင်းသင့်၊မရောင်းသင့်စဉ်းစားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့ကစားတာကြည့်ပြီးတော့ သဘောကျတဲ့အတွက် ဂေါ်ဒွန်ကိုမရောင်းတော့ဘဲ အသင်းမှာဆက်ထားခဲ့ပြီး သူ့ရဲ့အရည်အသွေးတက်လာအောင် ကူညီပေးခဲ့ပါတယ်။ အထူးသဖြင့် ကစားကွင်းအတွင်းတစ်လက်မမကျန်သူ့ကိုကစား ခိုင်းပြီး သူ့ရဲ့နေရာမှန်ကိုရောက်ဖို့ ကူညီပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူဟာတကယ့်ကို ကြီးကျယ်ခမ်းနားတာ တွေကို လုပ်နိုင်ခဲ့ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်နဲ့ စကော့တလန်အတွက် အရည်အသွေးပြည့်မီတဲ့ကစား သမား ဖြစ်ခဲ့ပြီး မန်နေဂျာလောကထဲဝင်တဲ့အခါမှာလည်းအောင်မြင်ခဲ့ကာ နောက်ဆုံးမှာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အထိတောင် ဖြစ်သွားခဲ့ပါတယ်။
၁၉၈၀ လွန်နှစ်တွေအတွင်းမှာ ယူနိုက်တက်မှာ အင်္ဂလန်နဲ့ အိုင်ယာလန် နိုင်ငံအနှံ့ ကင်းထောက်တွေအပြည့် ရှိပါတယ်။ ဒါပေမဲ့ အာနည်းချက်တစ်ခုရှိနေခဲ့ပါတယ်။ ဂရိတ်တားမန်ချက်စတာနဲ့ ကျယ်ဝန်းတဲ့မြို့တစ်ခွင်လုံးမှာမှ ကင်းထောက် ၄ ယောက်ပဲရှိပြီး မန်ချက်စတာတစ်မြို့လုံးအတွက်မှ ကင်းထောက် ၂ ယောက်ပဲရှိပါတယ်။ ဒီအားနည်းချက်ကို ပြင်ဆင်ဖို့ အတွက် ကျွန်တော်တို့ဟာ လူငယ်စနစ်စီမံခန့်ခွဲမှုကို အပြောင်းအလဲလုပ်ခဲ့ပြီး လက်စ်ခါရှောရဲ့ ဦးဆောင်မှုနဲ့ သွေးသစ် လောင်းခဲ့ပါတယ်။ သူ့ကို ၁၉၆၈ ဥရောပဖလားရတဲ့အသင်းမှာကစားခဲ့ပြီး နယ်မြေလည်းကျွမ်းကျင်တဲ့ နော့ဘီစတိုင်းလ် နဲ့ ဘရိုင်ယန်ကစ်ဒ် တို့ကကူညီခဲ့ပါတယ်။ လက်စ်ဟာအရည်အသွေးရှိတဲ့ လူငယ်တွေရှာဖွေရာမှာ တကယ်တော်ပြီး တမူထူး တဲ့လူတစ်ယောက်ပါပဲ။ သူဟာယူနိုက်တက်မှာ ဘော်ဘီချာလ်တန်ခြေစွမ်းပြနေတဲ့ကာလတွေတုန်းက မန်ချက်စတာမတ်ထရိုပိုလီတန်တက္ကသိုလ်မှာ ဓါတုဗေဒဆရာလုပ်နေခဲ့ပြီး အာဆင်နယ်အသင်းအတွက် အချိန်ပိုင်း ကင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ သိပ္ပံဓါတ်ခွဲခန်းတွေထဲက လက်တွေ့ကျကျလေ့လာမှုတွေကို အိုးလ်ထရက်ဖို့ဒ်ကို ယူဆောင်လာခဲ့ပြီး ကျွန်တော်တို့ရဲ့ လူငယ်စီမံကိန်းရဲ့ ကျွန်တော်တို့တည်ဆောက်ထားတဲ့ ကျောရိုး အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိခဲ့သူလည်း ဖြစ်ပါတယ်။ ကင်းထောက်တွေဟာ အချိန်ပိုင်းဝန်ထမ်းတွေဖြစ်ပြီး ကျွန်တော်တို့မှာ သူတို့အတွက် ဆွဲဆောင်မှုရှိတဲ့လုပ်အားခပေးချေစနစ်မျိုး ရှိပါတယ်။ သူတို့ကို အပတ်စဉ်ပုံသေလုပ်ခ ပေးတဲ့အပြင် အသင်းနဲ့စာချုပ်ချုပ်ဖြစ်ပြီး ပထမကစားသမားဖြစ်လာတဲ့၊ ဒါမှမဟုတ် သူ့နိုင်ငံလက်ရွေးစင်အသင်းမှာ အရွေးချယ်ခံရတဲ့ ကစားသမားတစ်ယောက်ကိုခေါ်ယူလာနိုင်ခဲ့ရင် အပိုဆုကြေးထပ်ပေးပါတယ်။ ဒါ့အပြင် သူတို့ခေါ်လာတဲ့ ကစားသမားက အသင်းမှာ နှစ်အတော်ကြာကစားတယ်ဆိုရင်လည်း သူတို့ကို အပိုဆုကြေးထပ်ပေးပါသေးတယ်။
အတိတ်ကိုလည်ပြန်ကြည့်မယ်ဆိုရင် လူငယ်တွေရဲ့ စွမ်းအားကိုအကောင်းဆုံးသက်သေပြနေတာကတော့ ၁၉၉၉ ခုနှစ်မှာ ဖလား ၃ လုံးရခဲ့တဲ့ ယူနိုက်တက်အသင်းပါပဲ။ အဲဒီအသင်းရဲ့ ကစားသမားအယောက် ၃၀ ထဲမှာ ၁၅ ယောက်က အသက် ၂၅ နှစ်အောက်တွေဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ရဲ့ လူငယ်အသင်းမူဝါဒအတွက် အကောင်းဆုံး၊အထိရောက်ဆုံး ကြော်ငြာဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းလည်း ပါဝင်ပါတယ်။ ဒေးဗစ်အကြောင်းကို သူ့အသက် ၁၂ နှစ်အရွယ်၊ ၁၉၈၆ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ကင်းထောက် မယ်လ်ကွန်ဖစ်ဂျီယွန် ဆီကနေပထမဆုံး စကြားခဲ့ရတာပါ။ ဒေးဗစ်ကိုတကယ် စတင်ခေါ်ယူ ဖြစ်တာကတော့ သူမန်ချက်စတာယူနိုက်တက်ရဲ့ဂန္တ၀င်ဘောလုံးသင်တန်းကျောင်းကိုလာတက်ပြီး ဘော်ဘီချာလ်တန်နဲ့ တွေ့ဆုံခဲ့အပြီးမှာပဲဖြစ်ပါတယ်။ တိုက်ဆိုင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ ရိုင်ယန်ဂစ် အကြောင်းကိုလည်း ၁၉၈၆ ခုနှစ်မှာ စတင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ ရိုင်ယန် နဲ့ ဒေးဗစ်တို့ဟာ ပထမအသင်းအတွက် ပထမဆုံးပွဲထွက်ကစားတဲ့ အချိန်မှာ နှစ်ယောက်စလုံး အသက် ၁၇ နှစ်ပဲရှိကြပါသေးတယ်။ နစ်ကီဘတ်နဲ့ ဂယ်ရီနဗီးလ်တို့လည်း အသက် ၁၇ နှစ်အရွယ်မှာပဲ အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရခဲ့တာပါ။ ဖီးလ်နဗီးလ်ကတော့ အသက် ၁၈ နှစ်မှာဖြစ်ပြီး ပေါလ်စခိုးကတော့ အသက် ၁၉ နှစ်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူငယ်စီမံကိန်းရဲ့ အပြည့်အ၀သက်ရောက်မှုဟာ ၁၉၉၅-၉၆ ဘောလုံးရာသီစတင်ချိန်မှာ ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့ပါတယ်။ အဲဒီနှစ်ဘောလုံးရာသီအစပိုင်း အက်စတွန်ဗီလာနဲ့ကန်တဲ့ပွဲမှာ ကစားသမား ၁၃ ယောက်မှာ လူငယ်ကစားသမား ၆ ယောက်အထိ ကျွန်တော်ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့ရှုံးသွားတော့ ရုပ်သံအစီအစဉ်ကြေညာသူ အလန်ဟန်ဆန်က ပွဲအချက်အလက်တွေကိုသုံးသပ်ပြပြီးနောက်ဆုံးမှာဒီလို ဗြိတိန်နိုင်ငံတ၀မ်း ကို ဒီလို ပြောခဲ့ပါတယ်။ " ကလေးတွေနဲ့ပဲကစားနေရင်တော့ ဘယ်ပွဲမှ အနိုင်ရမှာမဟုတ်ဘူး " တဲ့။ ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်းရှိနေတဲ့အတွေးကတော့ သူပြောတာနဲ့ပြောင်းပြန်ပါပဲ။ ကလေးတွေမရှိဘဲနဲ့ ကျွန်တော်တို့ဘယ်ပွဲကိုမှ အနိုင်မရနိုင်ပါဘူး။
လူငယ်တွေဟာ အဖွဲ့အစည်းတစ်ရပ်ကို အံ့အားသင့်ရလောက်အောင်ကောင်းမွန်တဲ့ စိတ်ဓါတ်ခွန်အားတွေ ထည့်သွင်း ပေးနိုင်ပါတယ်။ ပြီးတော့ အဲဒီလူငယ်တွေဟာ သူတိုကို့ ပထမဆုံးအခွင့်အရေးကြီးကြီးမားမားတစ်ရပ်ပေးအပ်တဲ့ အဖွဲ့အစည်းကိုလည်း ဘယ်တော့မှမမေ့တတ်ပါဘူး။ သူတို့ဟာ အဲဒီအတွက်သစ္စာရှိရှိနဲ့ ရေရှည်လည်း ပြန်ပေးဆပ် တတ်ပါတယ်။ လူငယ်ကစားသမားတွေအတွက်တော့ မဖြစ်နိုင်ဘူးဆိုတာမျိုးမရှိပါဘူး။ အသက်အရွယ်ရလာတဲ့ ကစားသမားတွေက အတားအဆီးတစ်ခုကိုကျော်ဖြတ်ဖို့ ၀င်ပေါက်ကိုလိုက်ရှာတတ်တဲ့အချိန်မှာ သူတို့ကတော့ သံဆူးကြိုး ကာထားတဲ့ ခြံစည်းရိုးကို ကျော်ဖြတ်ဝင်ရောက်ဖို့ ကြိုးစားမှာပါ။ မျိုးဆက်တိုင်းဟာ ကစားပွဲတွေရဲ့အဆင့်ကို အမြဲတမ်း မြှင့်တင်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ မျိုးဆက်သစ်တွေဟာ သူတို့ရှေ့မျိုးဆက်တွေရဲ့ ပုခုံးပေါ်ကနေကျော်ကြည့် ခွင့်ရလို့ပါ။ အဲဒီသဘောတရားက ဒီနေ့ခေတ်မှာ အရင်တုန်းကထက်တောင် ပိုမှန်ပါသေးတယ်။ တယ်လီဗေးရှင်းတွေ တွင်ကျယ်လာတာနဲ့ အသင်းကြီးတွေရဲ့ ကင်းထောက်အဖွဲ့က ထောက်လှမ်းရောက်ရှိနိုင်တဲ့နယ်မြေပိုမိုကျယ်ဝန်းလာတွေ တွေကြောင့်ပါ။ တယ်လီဗေးရှင်းတွေကြောင့် ကမ္ဘာတ၀မ်းကလူငယ်လေးတွေဟာ လီယွန်နယ်လ်မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကစားတာတွေကို ကြည့်ရှု့နိုင်ကြပါတယ်။ အဲဒီလိုကြည့်ရှု့နေတဲ့လူငယ်တွေထဲမှာ မက်ဆီရဲ့ခြေယောင်ပြ မှုတွေနဲ့ ရော်နယ်လ်ဒိုရဲ့လှုပ်ရှားဟန်တွေကို အတုယူပြီးပိုကောင်းအောင်ကြိုးစားကြည့်နေတဲ့လူငယ်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီးရှိမယ်ဆိုတာ ကျွန်တော်လောင်းရဲပါတယ်။ သူတို့အားကျတဲ့သူရဲကောင်းတွေရဲ့စွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားမယ့်လူငယ်လေးတွေတစ်နေရာရာမှာ ရှိနေနိုင်ပြီး သူတို့ကလည်း သူတို့နောက်က မျိုးဆက်ကို သူတို့ထက် ပိုကောင်းအောင် ကြိုးစားဖို့ စိတ်ဓါတ်လှုံ့ဆော်မှုတွေပေးသွားဦးမှာပါပဲ။
ကျွန်တော်တို့လူငယ်ကစားသမားတွေကို ချဉ်းကပ်တဲ့ပုံစံက စီးပွားရေးလုပ်ငန်းကြီးတွေမှာ ၀န်ထမ်းတွေကို တစ်ဆင့်ချင်း လေ့ကျင့်ပျိုးထောင်တဲ့ပုံစံကို ချဲ့တန်တာချဲ့၊ ချုံ့တန်တာချုံထားတဲ့ပုံမျိုးပဲလို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးကလပ်တွေ မှာရော၊ စီးပွားရေးလုပ်ငန်းတွေမှာပါ ထင်ရှားတဲ့ အဆင့်တွေ၊အလွှာတွေရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ကောလိပ်ကနေဘွဲ့ရလာတဲ့လူငယ်တွေဟာ အလုပ်သင်အဖြစ်နဲ့စတင်ဝင်ရောက်ပြီး တစ်နေ့မှာ ဒုဥက္ကဌ၊ ဒါမှမဟုတ် မန်နေဂျင်းဒါရိုက်တာ၊ စီအီးအို တို့ဖြစ်ဖို့ အိပ်မက်မက်ကြပါတယ်။ ယူနိုက်တက်မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ အဆင့်တွေက လူငယ်အကယ်ဒမီ၊ (ခ)အသင်း၊(က) အသင်း၊ အရံအသင်းနဲ့ နောက်ဆုံးမှာ ပထမအသင်းမှာ ပါဝင်ခွင့်ရရေး ပဲဖြစ်ပါတယ်။ FA လူငယ်ဖလားဟာလည်း အရေးကြီးတဲ့ပြိုင်ပွဲတစ်ရပ်ပါပဲ။ အဲဒီပြိုင်ပွဲကနေတဆင့် လူငယ်တွေဟာ ပထမအသင်းကြီးမှာ ရင်ဆိုင်ကြုံတွေရမှာတွေနဲ့ ရှုံးနိမ့်သူနဲ့အောင်နိုင်သူကြား ကွာခြားချက်တွေကို ကြိုတင်ခံစားသိရှိ နိုင်မယ့် ပြင်းထန်တဲ့ယှဉ်ပြိုင်မှုအရသာကို မြည်းစမ်းကြည့်ခွင့်ရကြပါတယ်။
ပင်ကိုယ်ပါရမီရှိတဲ့လူငယ်ကစားသမားတွေကို ရှာတွေ့ပြီဆိုရင် ကျွန်တော်တို့ဟာ သူတို့ကို အားလုံးလေ့ကျင့်ပေးပါတယ်။ သူတို့ကို အဆုံးမရှိတဲ့လေ့ကျင့်ရေးအစီအစဉ်တွေလုပ်ခိုင်းပြီး ဘာလုပ်ရမယ်ဆိုတာကိုပြောပြဖို့လည်း တွန့်ဆုတ် မနေတတ်ပါဘူး။ ကျွန်တော်တို့ဟာ သူတို့ကို အောင်မြင်ဖို့အတွက်လိုအပ်တဲ့ မရှိမဖြစ်ကျွမ်းကျင်မှုတွေအပြည့်အ၀ရှိသွား အောင်လုပ်ပေးလိုက်နိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိထားချင်ပါတယ်။ ဒါကြောင့်ပဲလူငယ်အကယ်ဒမီဆိုတာ ပေါ့တီးပေါ့ပျက်ကိစ္စတစ်ခုလို့ မှတ်ယူလို့မရတာ ဖြစ်ပါတယ်။ လူငယ်လေးတွေဟာ အဲရစ်ဟာရစ်ဆင်ရဲ့လက်အောက် ကိုရောက်လာကြပြီး အင်္ဂါနဲ့ ကြာသာပတေးညတွေမှာ တကယ့်ကိုပြင်းပြင်းထန်ထန်လေ့ကျင့်ကြရပါတယ်။ အဲဒီလေ့ကျင့် ရေးအစီအစဉ်တွေမှာ ပထမအသင်းရဲ့နည်းပြတွေကလည်း သေသေချာချာပါဝင်ကြပါတယ်။ အာချီနော့စ်နဲ့ ကျွန်တော်ဟာ အဲဒီလေ့ကျင့်ရေးအစီအစဉ်တွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်စောင့်ကြည့်ပြီး အဲရစ်ကလည်း လေ့ကျင့်ရေးအစီအစဉ် တွေဟာ ဗိုလ်လုပွဲတစ်ခုလောက်ကိုအရေးကြီးတယ်လို့ လူငယ်တွေခံစားရလာအောင် လုပ်ဆောင်ပါတယ်။ သူတို့ထဲကအချို့ဟာ အဲရစ်နဲ့လေ့ကျင့်ခဲ့ရတဲ့အချိန်တွေကို ကျွန်တော့်လက်အောက်မှာကစားရတဲ့အချိန်တွေထက် ပိုကြောက်စရာကောင်းတဲ့အချိန်တွေလို့တောင် မှတ်ယူတတ်ကြပါတယ်။ အဲဒီလူငယ်လေးတွေ အရွယ်ရောက်လာတဲ့ အခါမှာကျ သူတို့ကို ဖြေလျှော့မှုတွေပေးလာရပါတယ်။ အထူးသဖြင့် သူတို့တွေပထမအသင်းကိုရောက်လာပြီဆိုတဲ့အခါမှာ ဆိုရင်တော့ သူတို့ကို  သူတို့ရဲ့အရည်အချင်းတစ်ချို့ကို ပိုကောင်းမွန်လာအောင်လုပ်ဖို့ တောင်းဆိုတာမျိုးရှိတတ်ပေမယ့် ကိစ္စအများစုမှာတော့ သူတို့နဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုတွေက ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့မှာ ကျွမ်းကျင်မှု တွေရှိတယ်ဆိုတာသိထားပြီးပြီဖြစ်ပြီး သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းအပေါ်မှာလည်း ယုံကြည်ထားပြီးပြီဖြစ်တဲ့အတွက် ကျွန်တော် တို့ဟာ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအပေါ်ကို ပြောင်းပြီးအာရုံစိုက်ရပါတယ်။ ဒါ့အပြင် သူတို့ကို ဖိအားတွေဒဏ်ကနေလည်း ကာကွယ်ပေးရပါတယ်။ ဥပမာပြရမယ်ဆိုရင် ရိုင်ယန်ဂစ်ဟာ သူ့အသက် ၂၀ မပြည့်မချင်း အင်တာဗျူးတစ်ကြိမ်မှမဖြေဆိုခဲ့ရပါဘူး။ သူ့ရဲ့ပထမဆုံးအင်တာဗျူးကိုလည်း Sunday Times သတင်းစာက ကျွန်တော်တို့ယုံကြည်ရတဲ့ ဟုခ်ျမက်အီဗန်နီနဲ့ပဲ စီစဉ်ပေးခဲ့ပါတယ်။
အတွေ့အကြုံရှိလူငယ်ကစားသမားတွေအတွက်သုံးတဲ့ နည်းလမ်းတစ်ခုကတော့ သူတို့ကို ရုပ်သံလိုင်းတွေရဲ့ ကင်မရာတွေနဲ့ ဝေးဝေးထားတာပါပဲ။  မကြာခဏဆိုသလိုပဲ ဘရိုင်ယန်ရော့ဘ်ဆင် နဲ့ ဒါရင်းဖလက်ချာတို့လို အသင်းကြီးက ကစားသမားတွေဟာ အရံအသင်းမှာဝင်ကစားပေးလေ့ရှိပါတယ်။ အဲဒါဟာ ကျွန်တော်တို့ရဲ့ အနာဂါတ်ကစားသမားတွေကို စိတ်ဓါတ်မြှင့်တင်ပေးတဲ့နည်းလမ်းတစ်ခုပါပဲ။ အတွေ့အကြုံရှိကစားသမားကြီးတွေ ကွင်းဘေးကနေ လူငယ်အသင်းကစားတာကို ရပ်ကြည့်နေရုံနဲ့တင် လူငယ်ကစားသမားလေးတွေဟာ ယုံကြည်မှုတွေ မြင့်တက်လာတတ်ပါတယ်။ ဘရိုင်ယန်ရော့ဘ်ဆင်၊ စတိဗ်ဘရုစ်၊ ဘရိုင်ယန်မက်ကလဲ တို့အားလုံး အဲဒီလိုလုပ်လေ့ ရှိပါတယ်။ ဂယ်ရီနဗီးလ်ကတော့ လူငယ်ကစားသမားတွေကို သူတို့ရဲ့စာချုပ်နဲ့ပတ်သတ်တဲ့ကိစ္စတွေမှာ ကူညီလေ့ ရှိပါတယ်။ သူတို့တွေဟာ သူတို့နည်းသူတို့ဟန်နဲ့ လူငယ်ကစားသမားတွေကို ကူညီကြပါတယ်။ ဂယ်ရီဟာ လူငယ်လေးတွေကို ဆူပူကြိမ်းမောင်းနေလေ့ရှိပေမယ့် သူတို့ကို အောင်မြင်စေချင်သူ ဖြစ်ပါတယ်။ ထူးဆန်းတာကတော့ ဂယ်ရီဟာသူကိုယ်တိုင်လည်း ပီတာရှမိုက်ကယ်လ်ရဲ့အဲဒီလို ဖိအားပေးဆူပူကြိမ်းမောင်းမှုတွေအောက်မှာ ကစားခဲ့ရသူ ဖြစ်နေတာပါပဲ။ ရိုင်ယန်ဂစ်ကတော့ ပထမအသင်းမှာ စပြီးကစားရတဲ့အချိန်မှာ ပေါလ်အင့်စ်ဆီက အကူအညီတွေ အများကြီးရခဲ့ပြီး လမ်းညွှန်မှုတွေလည်း ရခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လူငယ်ကစားသမားဘ၀ စိန့်ဂျွန်စတုန်း မှာ ကစားခဲ့စဉ်က အဲဒီလိုပဲ စီနီယာကစားသမား ၃ ယောက်ဖြစ်တဲ့ ဂျင်မ်ဝေါ်လ်ကာ၊ ဂျင်မီလစ်တဲလ် နဲ့ ရွန်မက်ခ်ကင်ဗန် တို့ရဲ့ ကြည့်ရှု့လမ်းညွှန်မှုအောက်မှာ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်မှာ အဲရစ်ကန်တိုနာဟာ FA ဖလားရပြီးနောက် မီဒီယာတွေမှာဖော်ပြခံရတဲ့အတွက် ရတဲ့ဆုကြေးကို ဆုမဲထည့်ကြရမှာ လူငယ်ကစားသမားတွေ အပေါ် ဦးလေးတစ်ယောက်က တူတွေအပေါ်ဆက်ဆံသလို ဆက်ဆံမှုမျိုးပြသခဲ့ဖူးပါတယ်။ ကစားသမားတိုင်းဟာ သူတို့ရတဲ့ ဝေစုကို ယူချင်ရင် ယူလို့ရသလို မယူဘဲနဲ့ အလယ်ပုံထည့်ပြီး ပိုများများရဖို့လည် ကံစမ်းခွင့်ရကြတာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း နဲ့ ဂယ်ရီနဗီးလ်တို့လို လူငယ်ကစားသမားတွေက သူတို့ဝယ်စုကိုပဲ ယူကြပေမယ့် ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့ကတော့ အလယ်ပုံဆုမဲကိုထည့်ကြပါတယ်။ အဲဒီအလယ်ပုံဆုမဲကို အဲရစ် ပေါက်သွားခဲ့ပါတယ်။ ဒါပေမဲ့သူက သူရတဲ့ဆုမဲငွေအားလုံးကို ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့ကို ပြန်ခွဲပေးခဲ့ပါတယ်။ ပေါလ်စခိုးနဲ့ နစ်ကီဘတ် တို့ဟာ အဲဒီအချိန်တုန်းက ပထမအသင်းမှာပါခွင့်ရခါစပဲရှိသေးပြီး သူတို့အတွက် ပေါင် ၇၅၀၀ ဆိုတဲ့ငွေက အဲဒီအချိန်တုန်းက ၂ လစာ လုပ်အားခလောက်ရှိပါတယ်။ အဲဒီလိုလုပ်ခဲ့တာနဲ့ပတ်သတ်ပြီး အဲရစ်ရဲ့ အကြောင်းပြချက် ကတော့ သူပြောနေကျအတိုင်း " သူတို့တွေက တစ်နေ့မှာအောင်မြင်လာနိုင်တဲ့ကောင်လေးတွေမလို့ပါ " တဲ့။
လူငယ်ကစားသမားတစ်ယောက်အတွက် သူယုံကြည်ရပြီး၊ သူ့အကျိုးစီးပွားကိုအလေးထားတဲ့ လမ်းညွှန်ပြသမယ့်သူ တစ်ယောက် သူ့မှာရှိတယ်လို့ ခံစားရတာက အားတိုးဆေးတစ်ခုလိုပါပဲ။ ကစားသမားအချင်းချင်းကြားထဲမှာရှိတဲ့ သံယောဇဉ်က ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြားက ရင်းနှီးခင်မင်မှုထက်ပိုအားကောင်းတတ်ပါတယ်။
ဝန်ထမ်းတွေနဲ့ မန်နေဂျာကြားမှာရှိတတ်တဲ့ အဖွဲ့အစည်းဆိုင်ရာလစ်ဟာမှုတွေကြောင့် အဲဒီလိုဖြစ်တာမျိုးတွေ ရှိသလို အသက်ကွာခြားမှုကြောင့်လည်း အဲဒီလိုဖြစ်တာမျိုး ရှိပါတယ်။။ ဥပမာပြရရင် ယူနိုက်တက်မှာ ကျွန်တော့်နည်းပြဘ၀ နောက်ဆုံးကာလတွေအတွင်းမှာ ဂျိမ်းစ်ဝီလ်ဆင်လိုကစားသမားမျိုးအတွက် ကျွန်တော်နဲ့ထက် ပတ်ထရစ်အီဗရာ နဲ့ တရင်းတနှီးနေရတာကပိုလွယ်ကူမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့အဖိုးအရွယ်လောက်ဖြစ်နေလို့ပါပဲ။ ကိုယ့်အတွက်လမ်းညွှန်ပုဂ္ဂိုလ်ကို ကိုယ်တိုင်ရွေးချယ်တာနဲ့ပတ်သတ်လို့ရော၊ အဲဒီလိုလူတစ်ယောက် ကံကောင်း ထောက်မစွာ ရရှိတာနဲ့ပတ်သတ်လို့ပါ ပြောစရာတွေအများကြီးရှိပါတယ်။ ကိုယ့်အတွက် အကောင်းဆုံးလမ်းညွှန်ပုဂ္ဂိုလ် တစ်ယောက်က ကိုယ့်ရဲ့ဘ၀ကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ လူငယ်သွေးသစ်တွေမွေးထုတ်နိုင်ဖို့ ဘယ်လောက်ပဲကြိုးစား၊ကြိုးစား ဘာစီလိုနာက အဲဒီကိစ္စမှာ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းအဖြစ် ရှိနေတုန်းပါပဲ။ လူငယ်လေးတွေကို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေ ဖြစ်လာအောင် သူတို့ပျိုးထောင်ပြခဲ့ပုံတွေက တကယ့်ကို အသက်ရှုမှားလောက်စရာပါ။ ဒါက အဖွဲ့အစည်းတစ်ရပ်အနေနဲ့ လူတွေနဲ့ လေ့ကျင့်ပျိုးထောင်မှုတွေမှာ ရေရှည်ရင်းနှီးမြုပ်နှံခြင်းရဲ့ အကျိုးကျေးဇူးကို ထင်ထင်ရှားရှားပြသနေပါတယ်။
ကြီးကျယ်ခမ်းနားတဲ့အသင်းလိုက်စုစည်းလုပ်ဆောင်နိုင်မှုတွေဟာ တစ်ဦးနဲ့တစ်ဦး နက်နက်ရှိုင်းရှိုင်း ရင်းနှီးခင်မင်မှု၊ သံယောဇဉ်ရှိမှုတွေကနေသာ ပေါ်ထွက်လာနိုင်တာမျိုးပါ။ ကုမ္ပဏီတစ်ခုမှာ ကာလကြာရှည်အတူတကွလက်တွဲပြီးလုပ် လာကြသူတွေဟာ အခြေအနေတစ်ရပ်ကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဘယ်လိုတုံ့ပြန်မယ်ဆိုတာကို နားလည်သိရှိ နေမှာပါပဲ။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်တွေ ဘာပြောလိမ့်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တာမျိုးတောင် ရှိနိုင် ပါသေးတယ်။ ဘောလုံးမှာလည်း ဒီလိုပါပဲ။ အဲဒီအတွက် မှော်အဆန်ဆုံးဥပမာကတော့ ဘာစီလိုနာရဲ့ မက်ဆီ၊ အင်နစ္စယေတာ၊ ဇာဗီး သုံးယောက်တွဲပါပဲ။ သူတို့ ၃ ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြပြီး သူတို့အချင်းချင်း ဘောလုံးအပေးအယူလုပ်ပုံတွေက တခြားသူတွေကို မူးနောက်သွားစေ နိုင်ပါတယ်။ သူတို့ဘောလုံးအပေးအယူလုပ်နေပုံက ချားရဟတ်အလားပါပဲ။
အာဆင်နယ်အသင်းမှာလည်း အာဆင်ဝင်းဂါးမှာ အသင်းရဲ့ရေရှည်စီမံကိန်းအတွက် သူ့ကိုယ်ပိုင်လုပ်ကွက်တွေ ရှိပါတယ်။ အင်္ဂလန်ကို သူရောက်လာခါစမှာ သူ့ရဲ့ပေါ်လစီက  ပြင်သစ်ဘောလုံးလောကမှာသူရလာတဲ့ အသိပညာဗဟုသုတတွေ အပေါ်အခြေခံထားပါတယ်။ ရေရှည်စီမံကိန်းအတွက်သူ့ရဲ့နည်းလမ်းကတော့ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်စွန်းစွန်း ပြင်သစ်လူငယ်ကစားသမားတွေခပ်များများဝယ်ယူဖို့ပါပဲ။ သီယာရီဟင်နရီ၊ အနယ်လ်ကာ နဲ့ ပတ်ထရစ်ဗီအဲရာ တို့လို ကစားသမားမျိုးတွေပေါ့။ အခုလက်တလောမှာလည်း အာဆင်နယ်ဟာ အဲဒီနည်းလမ်းအရ အိုဇေးလ်နဲ့ အလက်ဆစ်ဆန်းချက်ဇ် တို့ကို ငွေအမြောက်အများပေးဝယ်ယူခဲ့သလို အင်္ဂလန်လူငယ်ကစားသမားတွေဖြစ်တဲ့ အောက်စလိတ်ချိန်ဘာလိန်၊ ၀ဲလ်ကော့တ် နဲ့ ချိန်းဘားစ် တို့ကိုလည်း ၀ယ်ယူထားပါတယ်။
ယူနိုက်တက်ကို ကျွန်တော်ကိုင်တွယ်တဲ့နောက်ဆုံး ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့လည်း အဲဒီလိုနည်းဗျူဟာမျိုး ကျင့်သုံးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ကွန်ယက်ကိုပိုပြီးကျယ်ကျယ်ဖြန့်ကျက်ခဲ့ကာ ဒါဆေးလ်ဗာ အမွှာညီအစ်ကိုကို သူတို့အသက် ၁၇ နှစ်အရွယ်မှာတင် ဘရာဇီးလ်ကနေ၀ယ်ယူခဲ့ပါတယ်။ အဲဒီလိုပဲ နောက်ပိုင်းမှာကျွန်တော်တို့ ဗီလာရီးရဲလ်ကိုပြန်ရောင်းလိုက်တဲ့ အီတလီကွင်းလယ်တိုက်စစ်ကစားသမား ရော့စီ ကိုဝယ်ယူခဲ့သလို ဂျရတ်ပီကေးကိုလည်း အသက် ၁၇ နှစ်အရွယ်မှာတင် ဘာစီလိုနာ ကနေ ၀ယ်ယူခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကစားသမားတွေကို အသက် ၁၆ နှစ်အရွယ်မှာ ပရိုဖက်ရှင်နယ်လ်ကစားသမားအနေနဲ့ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းနိုင်ပြီး အသက် ၁၇ နှစ်ဆိုရင်စာချုပ်ချုပ်ခွင့်ရှိပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ ပီကေး ၁၆ နှစ်အရွယ်မှာတင် ကျွန်တော်တို့ကသူ့ကို စာချုပ်ဖို့ ကမ်းလှမ်းနိုင်ခဲ့ပေမယ့် စပိန်ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာကတော့ စပိန်ဥပဒေတွေအရ သူတို့ရဲ့ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားခွင့်မရလိုက်ပါဘူး။ ဆက်စ်ဖာရီဂက်စ် ကိစ္စမှာလည်း အာဆင်နယ်လ် အသင်းဟာ အဲဒီလိုနည်းနဲ့ စာချုပ်ချုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။
လူငယ်တွေအပေါ်ကျွန်တော်တို့ရဲ့အာရုံစိုက်လုပ်ဆောင်မှုဟာ နှစ်ကြာလာတာနဲ့အမျှ ပိုအားကောင်းလာပြီး ကျွန်တော်တို့ရဲ့ စနစ် ကလည်း လည်ပတ်ပုံပိုကောင်းလာပါတယ်။ ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး နိုင်ငံမရွေး ဘဲ အရည်အချင်းရှိတဲ့ကစားသမားတွေကို ရှာဖွေခဲ့ပါတယ်။ အဲဒီလိုနဲ့ မာချီဒါ(အီတလီ) ၊ ပိုဆီဘွန်(ဘရာဇီးလ်)၊ နဲ့ ဂျာနူဇက်(ဘယ်လ်ဂျီယံ) တို့ကို ရှာဖွေနိုင်ခဲ့တာပါ။ ကျွန်တော့်မန်နေဂျာဘ၀ရဲ့နောက်ဆုံးနှစ်အနည်းငယ်မှာ လူငယ်ကစားသမားအဖွဲ့လိုက်ကြီးကို စာချုပ်ချုပ်ခဲ့ ပါတယ်။ တိုင်လာဘလက်ကတ်၊ ပတ်ဒီမက်ကနဲယား၊ ဂျိမ်းစ်ဝီလ်ဆင်၊ အန်ဒရေပါရဲယား နဲ့ ၀ီလ်ကီယန်း တို့ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော့်မှာသာလုပ်ခွင့်ရှိမယ်ဆိုရင် ယူနိုက်တက်ကစားသမားတိုင်းရဲ့ သားတွေထဲက အရည်အချင်းရှိတဲ့ကလေးတွေကို ကျွန်တော်တို့ရဲ့ လူငယ်စနစ်အတွက် အဓိကပစ်မှတ်ထားခေါ်ယူနိုင်ဖို့ လုပ်ဆောင်မှာပါ။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် လူငယ်ကစားသမားတွေကို ဆွဲဆောင်ဖို့ နဲ့ သူတို့ရဲ့မိဘတွေပါစိတ်ယိုင်လာစေဖို့အတွက် လိုအပ်တဲ့အရာတွေမှာ ရင်းနှီးမြုပ်နှံဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။ မိဘတိုင်းက သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးတွေကိုပဲလိုချင်ကြပါတယ်။ အဲဒီလို သူတို့ လိုချင်တာတွေကို ဖြည့်ဆည်းပေးနိုင်ကြောင်း ထင်ထင်ရှားရှားပြသနိုင်တဲ့ကလပ်အသင်းတွေဟာ မိဘတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ အားသာချက်ရှိမှာ အမှန်ပါပဲ။ တကယ်လို့ ခင်ဗျားမှာ အနာဂတ်တွေကို ဖန်တီးနိုင်လောက်တဲ့ ၀န်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေ ပြစရာမရှိဘူးဆိုရင် အနာဂတ်အိပ်မက်တွေကိုပြပြီးကမ်းလှမ်းဖို့ သိပ်ကိုခက်ခဲသွားပါလိမ့်မယ်။ 
Picture

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...