Ads (728x90)


=================================

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက် ရှိသော MNL Myanmar 2014 အမှတ်ပေး ပြိုင်ပွဲကြီး၏ Week-6 တနင်္ဂနွေနေ့ ပွဲစဉ်အနေဖြင့် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ မနောမြေ အက်ဖ်စီနှင့် KBZ အက်ဖ်စီ တို့ ရင်ဆိုင်တွေ့ခဲ့ကြသည်။ အမှတ်ပေးဇယား အလယ်အလတ် နေရာတွင် ရှိနေကြသော အသင်းနှစ်သင်း တွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည့် အပြင် တန်းဆင်းဇုန်နှင့် ခပ်ဝေးဝေးတွင် ဆက်လက် ရပ်တည်နိုင်ရန် နိုင်ပွဲလိုအပ် နေသော အသင်းနှစ်သင်း ရင်ဆိုင် ရခြင်းဖြစ်၍ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရသော ပွဲလည်း ဖြစ်သည်။ မနောမြေက ၀ါရင့် ကစားသမား လာကျဲအိုလွယ်ကို အထောင်ထားပြီး ညာတောင်ပံမှ ကျောနံပါတ် (၂) ကျော်စွာလင်း(၁) အားလည်းကောင်း၊ ဘယ်တောင်ပံမှ ကျောနံပါတ် (၁၂) ထွန်းမင်းစိုး အားလည်းကောင်း ပွဲထုတ်ကာ အခြား ၀ါရင့် ကစားသမား တစ်ဦးဖြစ်သော ကမ်ဘူးကို အလှုပ်ထား၍ ပွဲထွက်ခဲ့သည်။ KBZ ကမူ အသင်း၏ အားထားရသော ပြည်ပ တိုက်စစ်မှူးများ ဖြစ်ကြသော ကျောနံပါတ် (၂၀) ဇစ်ကိုဗစ်၊ ကျောနံပါတ် (၇) ကန်၊ ကျောနံပါတ် (၁၉) ဂျူနီယာ တို့နှင့် ပွဲထွက်ခဲ့ကာ တိုက်စစ်အတွက် ကျောနံပါတ် (၉) စထက်နိုင်ဝင်းကို အားပြုခဲ့သည်။

ပွဲစစချင်းတွင် နှစ်ဖက်အသင်း ကစားသမားများ သည် အနေအထားကို စောင့်ကြည့်ကာ ထိန်းကစားခဲ့ သော်လည်း ပွဲချိန် ရှေ့ဆက် လာသည်နှင့်အမျှ ပွဲ၏ Tempo မှာလည်း တက်လာခဲ့သည်။ ပွဲချိန် (၃၆) မိနစ်တွင် မနောမြေ ကျောနံပါတ် (၈) ကျော်စွာလင်း (၂)သည် (၆)ကိုက် စည်းအတွင်းမှ အပိုင်ကန်ခွင့် ရခဲ့သော်လည်း KBZ ဂိုးသမား ကျော်ဇင်ထက်က လက်စွမ်းပြ ကာကွယ်ခဲ့သည်။ ပွဲချိန် (၃၉)မိနစ်တွင် KBZ ကျောနံပါတ် (၇) ကန်က ကျောနံပါတ် (၁၁) သိန်းသန်းဝင်း ညာကြောမှ ချပေးသော ဘောလုံးကို ကန်သွင်း ခဲ့သော်လည်း မနောမြေ ဂိုးသမား မွန်ထွယ်အောင် အကောင်းဆုံး ကာကွယ်နိုင် ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ပြန်အစတွင် KBZ သည် စထက်နိုင်ဝင်း အစား ကျောနံပါတ် (၁၀) စိုးမင်းဦးအား လည်းကောင်း၊ ကျောနံပါတ် (၁၄) လှအေးထွေး အစား ကျောနံပါတ် (၂၆) ဟန်ဆန်အား လည်းကောင်း လူစားလဲလှယ်ကာ အသင်းကို အားဖြည့်ခဲ့ပြီး ကျောနံပါတ် (၂၀) ဇစ်ကိုဗစ်ကို အထောင်ထားခဲ့သည်။ သို့ရာတွင် မနောမြေ ခံစစ်မှူး ကျောနံပါတ် (၂၂) အီဗရာဟင်မ်က ဇစ်ကိုဗစ်ကို အကောင်းဆုံး လူကပ်ကစား နိုင်ခဲ့ပြီး အမြင့်ဘော အများစုကို သေသပ်စွာ ပိတ်ဆို့ ဖျက်ထုတ်နိုင်ခဲ့သည်။ မနောမြေကလည်း ပွဲချိန် (၇၇)မိနစ်တွင် လာကျဲအိုလွယ် အစား ကျောနံပါတ် (၉) နိုင်ဦးလွင်ကို ထည့်သွင်းကာ တိုးမပေါက်ဖြစ် နေသော တိုက်စစ်ကို အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပွဲချိန် (၈၇)မိနစ်တွင် KBZ အသင်းက ဂိုးသွင်းခွင့် ရသွားခဲ့ပြီး အဆိုပါဂိုးကို လူကပ်ခြင်းခံထား ရသော ဇစ်ကိုဗစ်က ခေါင်းတိုက်ချ ပေးသည့် ဘောလုံးကို ဂျပန် ကစားသမား ကန်က (၁၈)ကိုက်စည်းအနီးမှ အပြင်းကန်သွင်းကာ သွင်းယူပေးခဲ့သည်။ ပွဲချိန်နှောင်းပိုင်း၌ မနောမြေ ခံစစ်မှူး အီဗရာဟင်မ်သည် ရှေ့တန်းတက်ကာ တိုက်စစ်ကို Libero ကစားသမား အဖြစ် လိုက်ပါ ပံ့ပိုး ပေးခဲ့သော်လည်း ပွဲရလဒ်ကို မပြောင်းလဲ ပေးနိုင်တော့ပေ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ၌ မနောမြေ နည်းပြချုပ် အီမာဆန်က KBZ ကျောနံပါတ် (၇)ကို လူကပ် ကစားရန် အသင်းသားများအား မှာကြားထားပြီး ဖြစ်သော်လည်း ရသည့် Space ကို ကောင်းကောင်း အသုံးချပြီး ဂိုးသွင်းယူ သွားခြင်းကြောင့် ရှုံးပွဲကြုံခဲ့ရ သည်ဟု ရှင်းပြခဲ့သည်။ KBZ နည်းပြချုပ် ဦးသန်းထိုက်ကလည်း နိုင်ငံခြားသား နည်းပြနှင့် အကောင်းဆုံး တွဲဖက်နိုင်သော မနောမြေ ကစားသမားများအား ချီးကျူးသွားခဲ့ပြီး ဒုတိယပိုင်းတွင် လူစားလဲခဲ့ခြင်းက နိုင်ပွဲရလဒ် အတွက် အရေးပါ စေခဲ့သည်ဟု ဆိုခဲ့သည်။

ပွဲပြီးရလဒ်
----------
မနောမြေ ၀ - ၁ KBZ (သုဝဏ္ဏ)
Ken 87'

ဇွဲကပင် ၂ - ၂ ဇေယျာရွှေမြေ (အောင်ဆန်း)
နိုင်နိုင်ကျော် 10' အမာအိုဘီ 82'
- ချူကွာဇူ 18' မာတင် 43'

Photo: Hein Soe Tun (MFF)

Ref; #MNL
(6 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...