Ads (728x90)





ကြိုတင်ပြင်ဆင်မှု (အပိုင်း ၂)

လေ့ကျင့်ရေးကွင်းကနေ အံ့သြကုန်နိုင်ဖွယ် ထူးချွန်ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တွေကို ဖန်တီးယူလို့ရပါတယ်။ အထူးသဖြင့် တိုးတက်လိုစိတ်ပြင်းထန်ပြီး နားလည်သဘောပေါက်လွယ်တဲ့ကစားသမားမျိုးတွေကိုယ့်မှာရှိနေတဲ့ အခါမျိုးမှာပေါ့။ အဲဒီအတွက် အကောင်းဆုံးနမူနာကစားသမားကတော့ အင်ဒီကိုးလ်ပါပဲ။ အာဆင်နယ်၊ ဘရစ္စတိုလ်စတီးနဲ့ နယူးကာဆယ် အသင်းတွေမှာကစားခဲ့ပြီးနောက် အသက် ၂၃ နှစ်အရွယ်မှာ သူကျွန်တော့်တို့ဆီကိုရောက်လာတော့ သူဟာ ပင်နယ်လ်တီစည်းထဲမှာပဲ ဟိုလျှောက်၊ဒီလျှောက်လုပ်နေပြီး ဂိုးသွင်းခွင့်ရပြီဆိုမှသွင်းချင်တဲ့ကစားသမားမျိုးပါ။ ဒါပေမဲ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ၃ လလောက်ပါဝင်ခဲ့ပြီးတဲ့နောက်မှာတော့ သူဟာအတိုင်းအဆမရှိတိုးတက်လာခဲ့ ပါတယ်။ သူဟာ ခြေစွမ်းပိုမိုကောင်းမွန်လာပြီး ဘောလုံးကစားတာနဲ့ပတ်သတ်တဲ့အရည်အသွေးတွေအားလုံး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပြောင်းလဲတိုးတက်မှုမျိုးဟာ လူငယ်ကစားသမားတွေမှာပဲ ဖြစ်ထွန်းနိုင်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒီအတွက် နမူနာပြစရာအသင့်လျော်ဆုံးကစားသမားကတော့ ၂၀၀၇ ခုနှစ်တုန်းက အသက် ၃၅ နှစ်အရွယ်မှာ ကျွန်တော်တို့ဆီကို အငှားနဲ့လာကစားခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ဟင်းနရစ်လာဆင်ပါပဲ။ သူသာလူငယ်ဘ၀ကတည်းက ကျွန်တော်တို့ဆီရောက်ခဲ့ရင်ကောင်းမှာပဲလို့ ကျွန်တော်တွေး နေတယ်လို့ လူတိုင်းက ပြောခဲ့ကြပါတယ်။ သူဟာကျွန်တော်တို့ပြောသမျှအားလုံးကို လက်ခံလိုက်နာသူပါ။ ဒါပေမဲ့ သူ့မိသားစုနဲ့ သူ့ရဲ့ကလပ်အသင်း ဟယ်လ်ဆင်ဘော့ဂ်ကို ကတိပေးထားခဲ့တာကြောင့် အငှားစာချုပ်ပြည့်တဲ့အချိန်မှာ သူ ဆွီဒင်ကို ပြန်သွားခဲ့ပါတယ်။ မိုက်ကယ်လ်အိုဝင်ကို သူ့အသက် ၃၀ နားနီးမှ ကျွန်တော်တို့စာချုပ်ခေါ်ယူတဲ့အခါမှာလည်း အဲဒီလိုမျိုးပဲကြုံခဲ့ရပါတယ်။ သူဟာ ကျွန်တော်တို့အတွက် ၅၂ ပွဲပဲကစားပေးခဲ့တာတော့မှန်ပါတယ်။ ဒါပေမဲ့ သူဟာ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ နယူးကာဆယ်လ်တို့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာပါ ကစားထားခဲ့သူ ဖြစ်နေတာတောင် မှာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတဲ့အချိန်မှာ သူ့ကိုယ်သူတိုးတက်အောင်ကြိုးစားဖို့ ဆန္ဒရှိနေတုန်း ပါပဲ။ 
 ကားလို့စ်ကွီရော့ဇ်ထွက်သွားပြီး ရီနေးမူလန်စတင်းန် ကကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးနည်းပြဖြစ်လာတဲ့အခါကျတော့ လုပ်ရကိုင်ရတာပိုလို့တောင်လွယ်ကူလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့ စနစ်အတွင်းမှာ ကာလကြာရှည်လုပ်ကိုင်လာခဲ့ပြီးသူတစ်ယောက်မလို့ပါ။ သူဟာ ဒန်နီဝဲလ်ဘတ်၊ တွမ်ကလေဗာလေ နဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို တို့ကို သူတို့ရဲ့အရည်အသွေးတွေတိုးတက်လာအောင်ပျိုးထောင်ပေးတဲ့အချိန်မှာ လေ့ကျင့်ရေး ကွင်းထဲမှာ ရှိနေခဲ့ပြီး ကူညီပျိုးထောင်ပေးသူလည်း ဖြစ်လာခဲ့ပါတယ်။ ရီနေးဟာ ကားလို့စ်ရဲ့ ဖြတ်တင်ဘောပေးပို့မှု နဲ့ ခံစစ်လေ့ကျင့်ခန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့တဲ့အပြင် သူ့ကိုယ်ပိုင်လေ့ကျင့်ရေးနည်းစနစ်တွေကိုပါ ထပ်ပေါင်းထည့် ခဲ့ပါတယ်။ ရီနေးဟာ ခြေကျင်းဝတ်လှုပ်ရှားနိုင်မှုကို ပထမဆုံးအာရုံစိုက်လုပ်ဆောင်ခဲ့သူတွေထဲကတစ်ဦးလည်းဖြစ်တဲ့ ဟော်လန်ထိပ်တန်းနည်းပြ ၀ီလ်ကိုးဗား ကိုလေးစားပြီး သူ့နည်းစနစ်တွေကိုလိုက်နာသူလည်း ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးစနစ်ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ စနစ်တစ်ခုအတွင်းကနေတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ နောက်ထပ်ဥပမာပြစရာပုဂ္ဂိုလ်တစ်ဦးကတော့ မစ်ခ်ဖီလန် ပါပဲ။ သူဟာကျွန်တော့်အတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး သူ့ကို လူငယ်နည်းပြတစ်ယောက်အဖြစ်နဲ့ ကျွန်တော်ခေါ်ယူခဲ့တာပါ။ အဲဒီလို ခေါ်ယူပြီးတဲ့နောက်မှာ သူဟာ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာ တဖြည်းဖြည်းချင်းတိုးတက်အောင် လုပ်ဆောင်လာလိုက်တာ ၂၀၀၈ ခုနှစ်အရောက်မှာတော့ လက်ထောက်နည်းပြဖြစ်လာခဲ့ပါတယ်။
ကျွန်တော်ဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေ နည်းပြဖြစ်သွားအောင်၊ နောက်ဆုံးမှာ မန်နေဂျာအထိ ဖြစ်သွားအောင် တစ်ခါမှ ကူညီခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလို အိုးလ်ထရက်ဖို့ဒ်မှာ အကောင်းဆုံးကစားသမားတွေကနေ အကောင်းဆုံးနည်းပြတွေ၊ နောက်ဆုံးမှာ မန်နေဂျာတွေဖြစ်သွားတဲ့အစဉ်အလာတစ်ခုရှိမယ်ဆိုရင် သိပ်ကိုကောင်းမှာပဲလို့တော့အမြဲတမ်းခံစားနေခဲ့မိပါတယ်။ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ ဂယ်ရီနဗီးလ် နဲ့ နစ်ကီဘတ် တို့ဟာ အဲဒီလိုဖြစ်လာနိုင်လောက်တဲ့ အရည်အချင်းရှိသူတွေပါ။ ဒါပေမဲ သူတို့ကို ကစားသမားဘ၀ကနေ အနားယူပြီး နည်းပြလုပ်ဖို့ တစ်ခါမှ မတိုက်တွန်းခဲ့ဖူးပါဘူး။ ကျွန်တော်ဟာ နဗီးလ်ကို ကျွန်တော်တို့ရဲ့အကယ်ဒမီမှာ ပါဝင်လုပ်ကိုင်ဖို့ အမြဲတမ်းဆန္ဒရှိနေခဲ့တာပါ။ ဒါပေမဲ့သူက Sky ရုပ်သံလိုင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီး ရုပ်သံလောကထဲဝင်သွားခဲ့ပါတယ်။ ဂယ်ရီ့ရဲ့စရိုက်နဲ့ စိတ်နေစိတ်ထားက ကလပ်အသင်းကို မြှင့်တင်ပေးနိုင်ပြီး ပေါလ်ကလည်း ကစားပွဲတစ်ပွဲအတွင်းမှာ ကစားသမားတွေကိုအကဲဖြတ်တဲ့နေရာမှာ အတော်ဆုံးသူတစ်ဦးဖြစ်တာကြောင့် သူတို့တွေ ရုပ်သံလောကထဲ ၀င်သွားတာကို ကျွန်တော်တကယ်ပဲ စိတ်ပျက်မိခဲ့ပါတယ်။ သူတို့တွေကို နည်းပြတွေအဖြစ်မရလိုက်တာဟာ ယူနိုက်တက်အတွက်တကယ့်ကို ဆုံးရှုံးမှုတစ်ရပ် လို့ ကျွန်တော်ခံစားမိပါတယ်။
ကျွန်တော့်ရဲ့မန်နေဂျာသက်တမ်းအတွင်းမှာ ကြုံခဲ့ရတဲ့ များစွာသော ကံကောင်းမှုတွေ၊ အိမ်ကွင်းမှာ ယူနိုက်တက်ရှုံးနေတဲ့ အချိန်မှာ နာကျင်အချိန်ပိုမိနစ်များများရဖို့ ဒိုင်တွေကိုဖိအားပေးခဲ့တာတွေကိုပါ ထည့်မပြောဘဲထားရင်တော့ ကျွန်တော် မတရားရာရောက်မယ်ထင်ပါတယ်။ စိုင်ကော်လို့ခြုံပေါ်ရောက်ဆိုသလို ကံကောင်းပြီးအနိုင်ရခဲ့တဲ့အကြိမ်တွေလည်း အများအပြားရှိခဲ့ပါတယ်။ ဘောလုံးကစားနည်းမှာ ဒီအဖြစ်မျိုးတွေက အမြဲတမ်းရှိနေတာပါပဲ။ ဒါပေမဲ့ ကံကောင်းလို့ထက် ကြိုတင်ပြင်ဆင်မှုကြောင့် ကျွန်တော်တို့ရရှိခဲ့တဲ့အောင်မြင်မှုတွေက ရာခိုင်နှုန်းအများကြီး ပိုတာတော့ သေချာပါတယ်။
အကောင်းဆုံးတွေကို ရရှိဖို့ကြိုးစားတဲ့နေရာမှာ မျှော်လင့်မထားတဲ့အဖြစ်အပျက်တွေကို များနိုင်သမျှများများ ဖယ်ထုတ်ပစ်ဖို့ဟာလည်း ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀ဆိုတာက မျှော်လင့်မထား တဲ့အရာတွေနဲ့ ပြည့်နှက်နေလို့ပါ။ ဒါကြောင့်ပဲကျွန်တော်တို့ရဲ့ ကစားသမားကင်းထောက်တွေ၊ လူငယ်စီမံကိန်းတွေနဲ့ မြောက်များလှစွာသော လေ့ကျင့်ရေးအစီအစဉ်တွေက အလွန်အရေးပါတဲ့နေရာမှာရှိနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုံလုံလောက်လောက်မပြင်ဆင်ရသေးဘူးလို့ ခံစားရလို့ အပိုဆောင်းပြင်ဆင်မှုတွေလုပ်ခဲ့ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်ဟာ ဘယ်ပွဲကိုမဆို မကစားမီမှာ ကျွန်တော်တို့ရင်ဆိုင်ရမယ့်အခြေအနေနဲ့ ပတ်သတ်ပြီး တတ်နိုင်သမျှအပြည့်စုံဆုံးသိထားချင်ပါတယ်။ ကျွန်တော်ယူနိုက်တက်ကို ရောက်ခါစအချိန်မှာ အဲဒီတုန်းက First Division ပြိုင်ပွဲလို့ခေါ်တဲ့အမှတ်ပေးပွဲမှာပါဝင်နေတဲ့ ကလပ်အသင်းတွေရဲ့ ကစားသမားတွေအကြောင်းကို ဘာမှ မသိထားပါဘူး။ အဲဒါကြောင့် ကျွန်တော် ဂျွန်လိုင်ယဲလ် ကို ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းတွေနဲ့ ကစားသမားတွေ အကြောင်းမေးခဲ့ပြီး သူတို့နဲ့ပတ်သတ်တဲ့ဖိုင်တွေတောင်းခဲ့ရပါတယ်။ သူဟာ အဲဒီကိစ္စမှာ အတွေ့အကြုံကောင်းကောင်း ရှိပြီး သူ့ရဲ့မှတ်တမ်းမှတ်ရာတွေကလည်း တကယ့်ကို အထောက်အကူဖြစ်ခဲ့ပါတယ်။
အဲဒီမနှစ်မြို့စရာအပိုထပ်ဆောင်းပြင်ဆင်မှုတွေက ယူနိုက်တက်ရဲ့အောင်မြင်မှုတွေကို အဓိကနေရာက ပံ့ပိုးပေးနိုင်ခဲ့ ပါတယ်။ ဥပမာတစ်ခုပြရရင် ၁၉၉၉ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အပိုထပ်ဆောင်းပြင်ဆင်မှုတွေကို သေသေချာချာပြီးစီးအောင်လုပ်ထားခဲ့တာပါ။ ဘယ်ကစားပွဲမှာမဆို ပြိုင်ဘက်မန်နေဂျာက ပွဲအတွင်းမှာသူ့ရဲ့နည်းဗျူဟာတွေကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို ခင်ဗျားအနေနဲ့ သိထားချင်မှာ အမှန်ပါပဲ။ ဒါဟာ ခန့်မှန်းဖို့ခက်တဲ့အရာဆိုတာမှန်ပေမယ့် ကြိုတင်ပြင်ဆင်ထားမှုတွေကနေ တဆင့် တစ်ခါတစ်ရံမှာ ဘယ်ကစားသမားတွေကို လူစားလဲမယ်ဆိုတာကို ခန့်မှန်းနိုင်တာမျိုးလည်း ရှိပါတယ်။ ၁၉၉၉ ဗိုလ်လုပွဲမှာ ဘိုင်ယန်ရဲ့ တောင်ပံကစား မာရီယိုဘက်စလာဟာ ဖရီးကစ်အကန်ကောင်းသူဖြစ်ပြီး ကစားပွဲစပြီး မိနစ်ပိုင်း အကြာမှာပဲ အဖွင့်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဘိုင်ယန်ရဲ့တောင်ပံကနေ ရာသီပေါင်းများစွာ အကောင်းဆုံးကစားပေးထားတဲ့ အလက်ဇန္ဒားဇစ်ကလာက အဲဒီညမှာ ဘယ်တောင်ပံမှာ ကစားခဲ့ပါတယ်။ ဇစ်ကလာနဲ့ ဘက်စလာတို့နှစ်ယောက်လုံးကို လူစားလဲလိမ့်မယ်လို့ ကျွန်တော်တို့ ကြိုခန့်မှန်းထားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရှင်းရှင်းလင်းလင်းကန်သွင်းခွင့်တစ်ကြိမ် မှမရဘဲ ဘိုင်ယန်ရဲ့ ကစားပုံပြောင်းလဲမှုကိုပဲစောင့်ကြည့်နေခဲ့ပါတယ်။ ၇၁ မိနစ်မှာ ဇစ်ကလာထွက်သွားပြီး ၈၇ မိနစ်မှာ ဘက်စလာ လူစားလဲခံရရပါတယ်။ အဲဒီလူစားလဲမှုတွေကြောင့် ဘိုင်ယန်ဟာ ကျွန်တော်တို့ဘက်ကို ထိုးဖောက်နိုင်စွမ်း ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဂိုးရဖို့အတွက် ရှေ့တန်းကို လူများများတက်တိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်နှစ်ပေါင်းများစွာကြားပြီးတဲ့နောက် ၂၀၀၈ ခုနှစ်၊ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ရင်ဆိုင်ရတဲ့ ပွဲမတိုင်မီမှာ ကားလို့စ်ကွီရော့ဇ်က ပြိုင်ပွဲအတွင်းမှာ ကစားသမားတွေဘယ်နေရာမှာရှိနေရမယ်ဆိုတာကို ကစားကွင်း ထဲမှာ ထိုင်ဖုံ(ကူရှင်)တွေအများကြီးချပြီး သေချာရှင်းပြထားခဲ့ပါတယ်။ စခိုးလ်နဲ့ ကာရစ်တို့အနေနဲ့ တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို ကွင်းလယ်ကနေ မလှုပ်သာအောင် ဘယ်လောက်ထိတားဆီးရမယ်ဆိုတာပြတဲ့ ကူရှင်တွေဟာ တစ်ခုနဲ့ တစ်ခု ထပ်မိလုနီးပါး ဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာဟာ အဲဒီပွဲမှာဂိုးလုံးဝမသွင်းနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေထဲမှာ ပွဲတစ်ပွဲမစမီ ၃၆ နာရီအလိုကနေစတင်ပြီး အစဉ်လိုက်ပုံမှန်ပြုလုပ်တဲ့ အစီအစဉ်တစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့လက်တွေ့မလုပ်ဆောင်ခင်မှာ ကစားသမားတွေကို ပြိုင်ဘက်အသင်းရဲ့ ကစားပုံကို အတိုချုံ့၊ အကျဉ်းရုံးပြီးဖော်ပြထားတဲ့ ဗွီဒီယိုအတိုလေးတစ်ခုပြပါတယ်။ အဲဒီနောက် တကယ်ကစားရတော့မယ့် နေ့ညနေပိုင်း ဟိုတယ်ကိုအရောက်မှာ သူတို့ဘာကို အာရုံစိုက်ရမယ်ဆိုတာကို အဓိကအလေးပေးပြီးပြောပါတယ်။ ကျွန်တော်တို့ဟာ အဲဒီလိုကြိုတင်ပြင်ဆင်တဲ့နေရာမှာသုံးတဲ့ ဗွီဒီယိုဖိုင်တွေကို တတ်နိုင်သမျှတိုအောင်ဖန်တီးထားလေ့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားအများစု၊ အထူးသဖြင့် လူငယ်ကစားသမားတွေရဲ့ အဲဒီလိုကိစ္စတွေမှာ အာရုံစိုက်နိုင်စွမ်းက အကန့်အသတ်ရှိလို့ပါ။ ကျွန်တော်ဟာ ပြိုင်ဘက်တွေရဲ့ အားသာချက်တွေထက် သူတို့ရဲ့ အားနည်းချက်တွေကို တွေးရတာပိုနှစ်သက်ပါတယ်။ ကိုယ့်ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့ ပြိုင်ဘက်အသင်းရဲ့ တစ်ချို့ကစားသမားတွေရဲ့ ကစားပုံကိုရိုက်ကူးထားတဲ့ဗွီဒီယိုတွေကိုကြည့်ရတာအခါ            ထူးချွန်ပြောင်မြောက်တဲ့ ခံစစ်ရှိရုံနဲ့ တော့ဘယ်ပြိုင်ပွဲကိုမှာ အနိုင်ရမှာမဟုတ်ဘူးဆိုတာကို သတိထားမိစေပါတယ်။ စစ်ပွဲတွေပဲဖြစ်ဖြစ်၊ အားကစားပွဲတွေပဲဖြစ်ဖြစ် ဘယ်ပြိုင်ပွဲမှာမဆို အနိုင်ရဖို့အတွက်ဆိုရင် တိုက်စစ်ဆင်ပြီး ပြိုင်ဘက်ကို စီးနင်းပစ်လိုက်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်ကျွန်တော်ဟာ ပြိုင်ဘက်အသင်းရဲ့အားနည်းချက်ကိုအမြဲတွေးတောနေပြီး အဲဒီအားနည်းချက်တွေကို အပြည့်အ၀အသုံးချနိုင်ဖို့ရော၊ ဘယ်လိုကစားရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကစားသမားတွေရဲ့စိတ်ထဲမှာ သိသွားစေဖို့ အခြေအနေတစ်ရပ်ဖန်တီးပေးတဲ့နေရာမှာပါ အသုံးချခဲ့ပါတယ်။ တကယ်လို့ ပြိုင်ဘက်ရဲ့ အားသာချက်တွေ ကိုပဲ အလွန်အကျွံအာရုံစိုက်မိနေမယ်ဆိုရင် ကိုယ့်ကစားသမားတွေအပေါ်မှာ သံသယစိတ်တွေဝင်လာနိုင်ပါတယ်။
ပွဲကစားတဲ့နေ့မှာတော့ ကျွန်တော်ဟာ အသင်းကိုအပြီးသတ်ရွေးချယ်ပြီး ကျွန်တော်အသုံးပြုမှုနည်းဗျူဟာကို ရှင်းရှင်း လင်းလင်း ချမှတ်ပါတယ်။ ကျွန်တော်အာရုံစိုက်လုပ်ဆောင်တဲ့ တခြားကိစ္စတစ်ချို့လည်း ရှိပါသေးတယ်။ ပြိုင်ဘက် အသင်းရဲ့ ဘယ်ကစားသမားတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ်ကစားမယ့်သူတွေလည်းဆိုတာကို ကျွန်တော် စစ်ဆေးကြည့်လေ့ရှိပါတယ်။ အဲဒီလိုကစားသမားတွေကို ကျွန်တော်တို့ဟာ ရည်ရွယ်ချက်ရှိရှိဖိအားပေးကစားလေ့ ရှိပါတယ်။ အဲဒါဟာလည်း ကျွန်တော်တို့အောင်မြင်မှုတွေရယူတဲ့နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်သတိထားလုပ်ဆောင်တဲ့ကိစ္စတစ်ခုကတော့ ပြိုင်ဘက်ကစားသမားတွေထဲက ကြိုးကြိုးစားစားကစားလေ့မရှိ တဲ့ကစားသမားတွေနဲ့ ထိပ်တိုက်ကစားဖို့အတွက် ကျွန်တော်တို့ထည့်သွင်းသွားမယ့် အရည်အချင်းရှိကစားသမားတွေပါပဲ။ အဲဒီလိုကစားသမားတွေဟာ ပွဲရဲ့နောက်ဆုံးမိနစ် ၂၀ မှာ သူတို့မှာကစားအားကျန်နေတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစောပိုင်းအချိန်တွေမှာ သူတို့ဟာအားသွန်ခွန်စိုက်မကစားထားလို့ပါ။ ဆောက်သမ်တန်အတွက် ပွဲပေါင်း ၅၀၀ လောက်ကစားပေးခဲ့တဲ့ မက်သရူးလီတစ်ဆီယာ ဆိုရင် အဲဒီလိုကစားသမားမျိုးပါပဲ။ သူဟာ ကစားပွဲအရှိန်ကောင်းနဲ့တဲ့ အချိန်မှာ ဟိုယောင်ယောင်၊ဒီယောင်ယောင် လုပ်နေနိုင်ပေမယ့် ကစားသမားတွေအားလုံးအားကုန်လာတဲ့အချိန်မျိုး ရောက်တဲ့အခါမှာတော့ မျက်တောင်တစ်ခတ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လှပတဲ့နေ့လယ်ခင်းလေးကို ဖျက်ဆီးပစ်နိုင် သူမျိုးပါပဲ။ အဲဒီလိုကစားသမားမျိုးထဲမှာပါတဲ့ တခြားကစားသမားတွေကတော့ စပိန်နဲ့ တောင်အမေရိကအသင်းတွေမှာ တစ်ခါတစ်ရံ နံပါတ် ၁၀ အင်္ကျီဝတ်ဆင်ထားတတ်တဲ့ ယောင်ခြောက်ဆယ်လို့ခေါ်လေ့ရှိတဲ့ ကစားသမားမျိုးတွေပါပဲ။ သူတို့တွေဟာ ရှေ့တန်းနဲ့အလယ်တန်းမှာ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်နေတတ်ပြီး ဘယ်ဘက်ခြမ်းက ကစားနေလို့ ကစားမှန်းမသိရတဲ့သူမျိုးတွေပါ။ ဒေးဗစ်ဆေးလ်ဗား ဟာ ဗယ်လန်စီယာအသင်းရဲ့ အဲဒီလိုကစားသမား နှစ်ယောက်၊ သုံးယောက်ထဲက တစ်ယောက်ပါပဲ။ အဲဒီလိုကစားသမားမျိုးတွေဟာ ကြုံရာနေရာမှာ ကစားနေလို့ ရပြီးတော့ သူတို့အသင်း ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာလည်း သူတို့ရဲ့ ခွန်အားကိုခြွေတာထားနိုင်ပါသေးတယ်။ ကွင်းထဲမှာ ဟိုရောက်လိုက်၊ဒီရောက်လိုက်ဖြစ်နေပြီး ပိတ်ဆို့ထားတဲ့နေရာကို ၀င်မတိုးတာနဲ့ပဲ သူတို့အပေါ်အာရုံစူးစိုက်မှုကို တစ်စက်လေးမှ လျှော့ချလိုက်လို့မရပါဘူး။
ကျွန်တော်တို့ရဲ့အသင်းမှာတော့ အကောင်းဆုံးကစားသမားတွေဟာ ကြိုတင်ပြင်ဆင်မှုတွေကို တိတိကျကျလိုက်နာ သူတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုလိုက်နာတာဟာ သူတို့တွေကြီးမြတ်တဲ့ကစားသမားဖြစ်ရတဲ့အချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း၊ ရိုင်ယန်ဂစ်၊ ခရစ္စတီယာနိုရော်နယ်လ်ဒို နဲ့ ၀ိန်းရွန်နီ တို့အားလုံးဟာ လေ့ကျင့်ခန်းတွေပြီးတဲ့နောက်မှာတောင် ဖရီးကစ်ကန်တဲ့စွမ်းရည်တိုးတက်ဖို့ ဆက်လေ့ကျင့်နေတတ်တဲ့သူမျိုးတွေပါ။ သူတို့ဟာ ရေချိုးဖို့၊ ဒါမှမဟုတ် အနှိပ်ခံဖို့အတွက် အချိန်အကြာကြီးပျောက်မသွားတတ်သလို ကားပွဲစားနဲ့တွေ့ဖို့ ရှိလို့ဆိုပြီး လေ့ကျင့်ရေးပြီးတာနဲ့တန်းပြန်သွားတာမျိုးလည်း မလုပ်တတ်ပါဘူး။ သူတို့ဟာ ရှေ့ကကာထားတဲ့ လူတန်းကို ဝေ့၀ိုက်ပြီး ဂိုးသမားကိုကျော်ကာ ဂိုးသွင်းနိုင်ဖို့အတွက် မိနစ် ၃၀ အချိန်ပိုလေ့ကျင့်တာကို မပျက်မကွက်လုပ်လေ့ရှိသူတွေဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဘက်ခမ်းဟာ ဂိုးနဲ့ ၂၅ ကိုက်၊ ကိုက် ၃၀ အကွာကနေကန်သွင်းရာမှာ ဆရာတစ်ဆူ ဖြစ်လာပြီး ဂစ်က ၁၈ ကိုက်နဲ့ ၂၃ ကိုက်ကြားနဲ့ ရွန်နီက အဲဒီထက်ဂိုးစည်းနဲ့နီးတဲ့နေရာကနေ ကန်သွင်းရာမှာ ကျွမ်းကျင်သူတွေ ဖြစ်လာခဲ့တာပါ။ ရော်နယ်လ်ဒို ကတော့ ဘီးကုတ်ထိပ်ကနေ ကန်ခွင့်ရရင် ဂိုးရအောင်စွမ်းဆောင်နိုင်ချေရှိသူ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်တုန်းက ၀င်ဘယ်လ်ဒန်နဲ့ကန်တဲ့ပွဲမှာ ကွင်းတစ်ဝက်သာသာကနေ ဘက်ခမ်းလှမ်းသွင်းလိုက်တဲ့ဂိုးကို ကံကောင်းပြီး တိုက်ဆိုင်သွားတာလို့ လူတွေကမြင်ကြပါတယ်။ တကယ်တော့ အဲဒီဂိုးဟာ ကံကောင်းပြီးဝင်သွားတဲ့ ဂိုးမဟုတ်ပါဘူး။ သူဟာ အဲဒီလို ကန်ပုံ၊ကန်နည်းမျိုးကို အကြိမ်ရေရာနဲ့ချီပြီးလေ့ကျင့်ထားတဲ့အတွက် အခွင့်အရေးရတဲ့အခါမှာ အမိအရ ဖမ်းဆုပ်နိုင်လိုက်တာပါ။ ယူနိုက်တက်ကစားသမားတွေသွင်းတဲ့ဂိုးတွေထဲမှာ အဲဒီလိုနည်းနဲ့ရတဲ့ဂိုးတွေအများကြီး ရှိပါတယ်။ သူတို့ဟာ လေ့ကျင့်ရေးအစီအစဉ်တွေထဲမှာ နာရီပေါင်းရာနဲ့ချီတဲ့ လေ့ကျင့်မှုတွေရဲ့ အကျိုးဆက်အဖြစ် ဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာပါ။
ကျွန်တော်ဟာ တစ်ချို့နည်းပြတွေအပေါ်မှာ သူတို့ကိုင်တွယ်ရတဲ့အသင်းမှာ ယူနိုက်တက်ကစားသမားတွေလောက် နီးနီးကပ်ကပ်တောင်စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးတွေမရှိဘဲ သူတို့ရဲ့အသင်းကိုဘယ်လိုများ ပြင်ဆင်နိုင်ပါလိမ့်လို့ တွေးမိပြီး လေးစားမိတာမျိုးတွေရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ဘော်လ်တန်၊ နယူးကာဆယ်၊ ဘလက်ဘန်း နဲ့ ၀က်စ်ဟမ်း အသင်းတွေကို မန်နေဂျာအဖြစ်မကိုင်တွယ်ခင်က ကစားသမားဘ၀အချိန်အများစုကို ဘော်လ်တန်နဲ့ ပရက်စတန်အသင်းတွေမှာ ကစားခဲ့တဲ့ ဆမ်အလာဒွိုက်စ် ဟာ အဲဒီလို ကျွန်တော်လေးစားရတဲ့နည်းပြတွေထဲမှာ ဥပမာပြလို့ အကောင်းဆုံးလူပါပဲ။ ကီဗင်ဒေးဗီးစ်ဟာ ဘော်လ်တန်အသင်းမှာ ဆမ်အတွက် တိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ လျှပ်စီးလိုမလျှင်မြန်တဲ့အပြင် ကစားပုံလည်းအတော်လေး လေးကန်သူတစ်ယောက်ပါ။
ဆမ်ဟာ ၁၉၉၉ ကနေ ၂၀၀၇ ခုနှစ်အထိကာလအတွင်း ဘော်လ်တန်အသင်းကို ကိုင်တွယ်စဉ်မှာ ဒေဗီးစ်လိုကစားသမား မျိုးတွေဆီကနေ ရနိုင်သမျှညှစ်ထုတ်ဖို့ အာရုံစိုက်ကြိုးပမ်းခဲ့ပါတယ်။ သူဟာအဲဒီလို လုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု တွေအပြင် နည်းပညာအပါအ၀င်တခြားအပိုဆောင်းလုပ်ဆောင်ချက်တွေအားလုံးကိုလုပ်ခဲ့ပါတယ်။ သူဟာ ဘယ်လို ပင်နယ်လ်တီစည်းထဲမှာ ဘယ်လိုဘောလုံးမျိုးဟာပြိုင်ဘက်ကိုဒုက္ခပေးနိုင်တယ်ဆိုတာကိုသိပြီး လူစားဝင်ကစားသမားကို လိုအပ်တဲ့ပုံစံအတိုင်း သွေးပူလေ့ကျင့်ခန်းလုပ်နိုင်အောင် လေ့ကျင့်ရေးသုံးစက်ဘီးတွေကို ကွင်းစည်းဘေးကအကာတွေ နောက်မှာထားထားတဲ့အထိတောင် အလွန်အကျွံပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ သူ့ရဲ့အဲဒီလိုလုပ်ဆောင်မှုတွေအတွက် အသိအမှတ်ပြုခံရတာမျိုးနည်းပါးပေမယ့် ဆမ်ဟာ သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေဟာ အကျိုးကျေးဇူးရှိတယ်ဆိုတဲ့ ယုံကြည်မှုကနေ ထိုက်သင့်တဲ့အကျိုးခံစားခဲ့ရပါတယ်။ အလယ်အလတ်တန်းစာကစားသမားတွေနဲ့တင် လက်သင့်ခံနိုင်  လောက်တဲ့အသင်းတွေ သူဖွဲ့စည်းနိုင်ခဲ့တာကို သူကိုင်တွယ်ခဲ့တဲ့အသင်းတွေရဲ့ပိုင်ရှင်တွေကနည်းနည်းမှ မရိပ်မိခဲ့ပေမယ့် သူဟာ ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှုတွေရဲ့အကျိုးကိုခံစားသိရှိခဲ့သူပါပဲ။
ကျွန်တော်တို့တွေ တိုးတက်မှုတွေဆုတ်ယုတ်ပြီး အခြေအနေဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီလို အချိန်မျိုးတွေမှာ ကျွန်တော်ဟာ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံတစ်ရပ်လုံးကို မဖြစ်မနေဆိုသလို ပြန်သုံးသပ်ရပါတယ်။ ၂၀၀၄ -၂၀၀၅ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံဘွဲ့ကို ချယ်လ်ဆီးက သိမ်းပိုက်သွားခဲ့တဲ့အခါမှာ ကျွန်တော့်ရဲ့ ရာသီအကြို ကြိုတင်ပြင်ဆင်မှုအားလုံးကို ပုံစံအသစ်နဲ့ ကျွန်တော်ပြင်ဆင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာတခြားအသင်းတွေအားလုံးကို ဖြတ်ကျော်သွားခဲ့ပြီး ရမှတ် ၉၅ မှတ်ထိသိမ်းပိုက်သွားခဲ့ပါတယ်။ အဲဒီနှစ်မှာ အာဆင်နယ် က ၈၃ မှတ်နဲ့ ယူနိုက်တက်က ၇၇ မှတ်ပဲရခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင်သူဘယ်လောက်ထိ အမှတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ တကယ့်ကို အရှက်တကွဲအကျိုးနည်းပဲလို့တောင် ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ရာသီလုံးသူတို့နောက်ကပဲ လိုက်နေရပြီး ချဲလ်ဆီးကိုမီနိုင်လောက်တဲ့ အခွင့်အရေးလုံးလုံးမရခဲ့ပါဘူး။ ကျွန်တော်အဲဒီလို အဖြစ်မျိုးနောက်တစ်ကြိမ်အဖြစ်မခံနိုင် ပါဘူး။
ချဲလ်ဆီးပထမဆုံးအောင်ပွဲရယူသွားပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ရာသီကြိုပြင်ဆင်မှုတွေမှာ အများကြီးပိုပြီးအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၂၀၀၄-၂၀၀၅ ရာသီမှာ ယူနိုက်တက်ထက် ကြံ့ခိုင်မှုပိုင်းမှာပိုပြီးအားသာခဲ့တာသာဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၀၆- ၂၀၀၇ မှာ ကန်မယ့် ရာသီကြိုပွဲစဉ်အချိန်ဇယားတွေကိုပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ၂၀၀၅-၂၀၀၆ အတွက် ရာသီကြိုပွဲစဉ်တွေကတော့ သတ်မှတ်ပြီးသားဖြစ်နေတဲ့အတွက် ယှဉ်ပြိုင်ကစားမယ့်အသင်းအရည်အချင်းရှိပြီး ပြိုင်ဘက်ကောင်းဖြစ်နိုင်တဲ့ အသင်းတွေကို ရွေးချယ်ခြေစမ်းဖို့သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကိုအားပေးတဲ့ပရိသတ်တွေအများကြီး ရှိတဲ့ နိုင်ငံတွေမှာ သွားရောက်ကစားဖို့ဟာ အရေးကြီးတယ်ဆိုပေမယ့် အဲဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီနိုင်ငံတွေက ကလပ်တွေနဲ့ သွားကစားဖို့ စီစဉ်မယ်ဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ အဲဒီလိုကစားဖို့ စီစဉ်တာထက်စာရင် ကျွန်တော်တို့ရဲ့ ဂိုးသမားဖြစ်ခဲ့ဖူးတဲ့ ဖေဘီယန် ဘားသက်ဇ်ကို တိုက်စစ်မှူးနေရာကထားကစားဖို့ စီစဉ်တာကမှ အဓိပ္ပါယ် ရှိချင်ရှိပါဦးမယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရာသီကြိုမှာကစားတဲ့ ခြေစမ်းပွဲအရေအတွက်ကို ပြင်ဆင်သတ်မှတ်ရပါတယ်။ စိန်ခေါ်မှုရှိတဲ့ပြိုင်ဘက်တွေနဲ့ ခြေစမ်းကစားတာက ထိုင်းနိုင်ငံက ကလပ်အသင်းတစ်သင်းနဲ့ ကစားပြီး ၁၀ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရတာထက် အသင်းကိုအများကြီးပိုအကျိုးပြုမှာ ဖြစ်ပါတယ်။ လုပ်ခဲ့ပြီးသား လေ့ကျင့်မှုတွေကိုပဲဖတ်တွယ်ထားပြီး အချိန်နဲ့တပြေးညီပြောင်းလဲသုံးသပ်မှုမလုပ်တာဟာ သိပ်ကိုစွန့်စားရာကျတယ် ဆိုတာကိုလည်း ကျွန်တော်ကောင်းကောင်းကြီးသင်ခန်းစာရခဲ့ပါတယ်။
ချဲလ်ဆီးဖလားရသွားခဲ့ပေမယ့် နောက်နှစ်ရာသီအကြိုကာလမှာ ကျွန်တော်ဟာ ပြင်ဆင်မှုတွေကို အလျင်စလိုလုပ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားတွေကို လာမယ့်ရာသီပြိုင်ပွဲတွေထဲကို သက်သောင့်သက်သာနဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲယူတဲ့ပုံစံမျိုးနဲ့သာ ပြန်သွားစေချင်ခဲ့တာပါ။ စွမ်းဆောင်ရည်မြင့်အားကစားမားတွေဟာ အလွန်အကျွံလေ့ကျင့်တာမျိုး လုပ်တတ်လေ့ရှိပါတယ်။ တစ်ချို့တွေက အဲဒီလိုအလွန်အကျွံလေ့ကျင့်တာကို စွဲလန်းနေတာမျိုးဖြစ်တတ်ပြီး တစ်ချို့ကတော့ သူတို့ရဲ့ကြံ့ခိုင်မှုလျော့ကျသွားပြီးအသင်းမှာ နေရာပျောက်တာမျိုး ဖြစ်မှာကို စိုးရိမ်ပြီး လေ့ကျင့်မှုတွေအလွန်အကျွံလုပ်ဆောင်တတ်ကြတာ ဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ကျွန်တော်တို့ဟာ တစ်နေရာကနေ တစ်နေရာသွားလာပြီးကစားနေရတာမှန်ပေမယ့် ပြင်းထန်တဲ့ဒဏ်ရာအနာတရတွေ မကြုံတွေ့ရအောင်နဲ့ တစ်ပွဲနဲ့တစ်ပွဲကြား လေ့ကျင့်ရေးအစီအစဉ်တွေလုပ်ဆောင်ဖြစ်အောင်အသင်းကို ထိန်းကြောင်းရပါတယ်။ ပြီးခဲ့တဲ့ ရာသီနဲ့ ပတ်သတ်ပြီး အသေးစိတ်ပြန်လည်သုံးသပ်မှုတွေ၊ ဒါမှမဟုတ် ဗွီဒီယိုရိုက်ကူးထားမှုတွေကိုပြန်ကြည့်ပြီး နာရီပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာလေ့လာတာတွေ၊ လေးနက်ပြီးရှည်လျားလှတဲ့ ပို့ချမှုမျိုးတွေ ဘယ်တော့မှလုပ်တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကစားသမားတွေကို ဆေးစစ်မှုတွေလုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ဟာ ကာယလေ့ကျင့်ရေးခန်းမ ထဲမှာ ဆေးဌာန ၁၅ ခုလောက်ထားရှိထားပါတယ်။ အဲဒီဆေးဌာနတွေမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေကိုလည်း အဆင့်သင့်ရှိနေအောင် ခန့်ထားပြီး ကစားသမားတိုင်းကို လိုအပ်သမျှစစ်ဆေးမှုတွေကို အစုံလိုက်လုပ်ဆောင်ပေးပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့အတွက် ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ ဆေးဘက်ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကို အတိအကျသိရှိခွင့်ရနေခဲ့ပါတယ်။ နှလုံးစစ်ဆေးမှုတွေ၊ သွေးစစ်ဆေးမှုတွေ၊ အရွတ်အကြောတွေကို အာလ်ထရာဆောင်းရိုက်ကူးစစ်ဆေးတာတွေနဲ့ လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးထားမှုရှိ၊ မရှိ စစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ လှုပ်ရှားနိုင်စွမ်း၊ ရွေ့လျားနိုင်စွမ်းနဲ့ ဟန်ချက်ထိန်းနိုင်စွမ်းကို တိတိကျကျစစ်ဆေးပြီး အမြင်အာရုံနဲ့ မြင်နိုင်စွမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ပါတယ်။ အဲဒီလိုလုပ်ဆောင်ထား တဲ့အတွက် ဘောလုံးရာသီတစ်လျှောက်လုံးမှာ ကစားသမားတွေထိခိုက်မှုကြုံလာတဲ့အခါ ဘယ်အချက်ကိုစစ်ဆေးရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခု ရှိထားပြီးသား ဖြစ်သွားပါတယ်။  အဲဒီစစ်ဆေးမှုတွေမှာ ကစားသမားတွေရဲ့ သွားကို သွားဆရာဝန်နဲ့စစ်ဆေးမှုကနေ သူတို့ရဲ့ခြေထောက်တွေကို ခြေထောက်အထူးပြုဆရာဝန်တွေနဲ့ စစ်ဆေးတဲ့ စစ်ဆေးမှုအထိပါဝင်တာကြောင့် ခေါင်းအစ၊ခြေအဆုံးစစ်ဆေးမှုတွေပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးမှုတွေပြုလုပ်ထားတဲ့အတွက် ကစားသမားတစ်ဦးစီတိုင်းရဲ့ ဒဏ်ရာရနိုင်ချေရှိမှုကို ကြိုတင်အကဲဖြတ်ထားနိုင်ပြီး ဒဏ်ရာရနိုင်ချေမြင့်တဲ့သူ၊ အလယ်အလတ်ရှိသူ နဲ့ ဒဏ်ရာရနိုင်ချေနည်းသူဆိုပြီး သုံးမျိုးသုံးစားခွဲခြားသတ်မှတ်ထားလိုက် ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ ပထမရာသီဝက်အတွက် ကစားသမား တစ်ဦးချင်းစီအလိုက်ကိုက်ညီမယ့် ကာယလလေ့ကျင့်ရေးအစီအစဉ်တွေကို ရေးဆွဲပါတယ်။
ကျွန်တော်တို့ရဲ့ ရာသီကြိုပြင်ဆင်မှုတွေကို အပြောင်းအလဲလုပ်ခဲ့ခြင်းကနေ အကျိုးကျေးဇူးခံစားရဖို့ အကြာကြီးမစောင့်ခဲ့ရ ပါဘူး။ ၂၀၀၅-၀၆ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ချဲလ်ဆီးလ်ကပဲထပ်သိမ်းပိုက်သွားခဲ့ပေမယ့် ကျွန်တော်တို့ ဟာ အမှတ်ကွာဟချက်ကို ၈ မှတ်အထိလျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၆-၀၇ ရာသီမှာတော့ ကျွန်တော်တို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုဟာ ကျန်ခဲ့တဲ့ရာသီကလိုအပ်ခဲ့တဲ့ ၈ မှတ်ကိုသာမက ချဲလ်ဆီးကို ၆ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားရယူနိုင်တဲ့အထိ တိုးတက်သွားခဲ့ပါတော့တယ်။ တခြားအားကစားတွေမှာလိုပဲ ဘောလုံးမှာလည်း တစ်ခါတစ်လေ သေချာရေးဆွဲထားတဲ့ အကောင်းဆုံးအစီအစဉ်ကအလုပ်မဖြစ်လို့ ကြုံသလိုလက်တန်းလုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ အဲဒီလိုလုပ်ရတာမျိုးတွေ မကြာခဏဆိုသလိုကြုံရတတ်ပါတယ်။ ကစားပွဲအတွင်းမှာ၊ ဒါမှမဟုတ် ပထမပိုင်းမှာတင် စဉ်းစားရကြပ်တဲ့ကိစ္စမျိုးတွေနဲ့ ကျွန်တော်ကြုံဖူးပါတယ်။ ဥပမာတစ်ခုပြရမယ်ဆိုရင် ၂၀၁၁၊ ဧပြီ တုန်းက ရာသီကုန်ခါနီးကစားတဲ့ပွဲစဉ်တွေထဲက ၀က်စ်ဟမ်းနဲ့ကစားတဲ့ပွဲကိုပဲ ပြရမယ်ထင်ပါတယ်။ ၀က်စ်ဟမ်းက ရှေ့ပိုင်းတုန်းကကန်ခဲ့တဲ့ ကားလင်းဖလားပွဲစဉ်မှာ ကျွန်တော်တို့ကို ၄-၀ နဲ့ အနိုင်ယူထားပါတယ်။ အဲဒီပွဲတုန်းက ကျွန်တော်က လူငယ်ကစားသမားတွေနဲ့ပွဲထွက်ခဲ့တာပါ။ အဲဒီပွဲပွဲပြီးခါနီးအချိန်မှာ ၀က်စ်ဟမ်းပထမအသင်းနည်းပြီ ၀ယ်လီဒေါင်းစ်က ဂျွန်နီအီဗန်ရဲ့နေရာကို လူစားဝင်ဖို့ ကွင်းဘေးစည်းမှာစောင့်ဆိုင်းနေတဲ့ ၀က်စ်ဘရောင်းကို " မင်းက ပွဲအဖြေကို ပြောင်းနိုင်ပါ့မလားကွ " လို့လှမ်းပြောခဲ့ပါတယ်။ သူ့ရဲ့စကားကြောင့် ကျွန်တော်ဟာ စိတ်ထဲထောင်းခဲနဲဖြစ် သွားခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးတဲ့နောက်မှာ ၀က်စ်ဟမ်းပရိသတ်တွေက ကျွန်တော့်ကို ကားပါကင်နားမှာထပ်ပြီး ရိသဲ့သဲ့တွေလှောင်ပြောင်ကြတဲ့အခါမှာ ကျွန်တော်လည်း စိတ်မထိန်းနိုင်တော့ဘဲ " ငါတို့ ဧပြီကျရင် ဒီမှာလာကစားဦးမှာ။ အဲဒီအခါကျမင်းတို့ကို တန်းဆင်းသွားရအောင် လုပ်ပြမယ် " လို့ ပြောထားခဲ့မိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဧပြီလမှာ ကန်ကြတဲ့အခါမှာ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ဟာ ၂ ဂိုး၊ဂိုးမရှိနဲ့ ရှုံးနေခဲ့ပါတယ်။ ရာသီကလည်း ကုန်ခါနီးနေပြီဆိုတော့ ကျွန်တော်ဟာ ကျွန်တော်ခြိမ်းခြောက်ပြီးပေထားတဲ့ကတိအတိုင်းဖြစ်အောင်လုပ်နိုင်ဖို့ အတော်လေးအလှမ်းဝေးတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ကျွန်တော်တို့ရဲ့ကစားပွဲအစီအစဉ်စာရွက်ကိုလုံးချေပြီး ပြတင်းပေါက်ကနေလွှင့် ပစ်လိုက်ပါတယ်။ အဲဒီနောက် ကြားရက်တုန်းက ပြင်သစ်အသင်းအတွက်ကစားပေးထားရတဲ့ ပတ်ထရစ်အီဗရာကို ထုတ်လိုက်ပြီး ရိုင်ယန်ဂစ်ကို နောက်တန်းဘယ်အစွန်ကို ပြောင်းရွှေ့ကစားစေလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ ရွန်နီရဲ့ ဟက်ထရစ်နဲ့အတူ ၄ ဂိုး၊ ၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ နောက်ထပ်ရက်သတ္တပတ်အနည်းငယ်ကြာလို့ ရာသီကုန်တဲ့ အချိန်မှာတော့ ၀က်စ်ဟမ်းဟာ ပထမတန်းကို ဆင်းသွားခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ စပါးကို ဧည့်ခံကစားတုန်းကလည်း အဲဒီလိုမျိုးဖြစ်ခဲ့ပါသေးတယ်။ စပါးက ကျွန်တော်တို့ကို အစောပိုင်းမှာ ၂ ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း ပထမပိုင်းအပြီးမှာ နာနီအစား အာဂျင်တီးနားတိုက်စစ်မှူး တီဗက်စ်ကို ထည့်သွင်းကစားခဲ့ပါတယ်။ ရလာတဲ့အကျိုးရလဒ်ကတော့ တကယ့်ကိုအံ့ဖွယ်ပဲလို့ ပြောလို့ရလောက်ပါတယ်။ တီဗက်စ်ဟာ သံပတ်ပေးစရာမလိုတဲ့ သံပတ်ကြွက်ရုပ်လိုပါပဲ။ သူက ဘယ်တော့မှ မမောပန်းပါဘူး။ သူဟာကွင်းထဲကို ရောက်တာနဲ့ စပါးကစားသမားတွေတိုင်းစီကို ပြေးဝင်ကာအလုပ်ရှုပ်စေပါတော့တယ်။ ဒါကြောင့်ပဲ ပွဲအခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပြီး ပရိသတ်တွေကို စိတ်ဓါတ်တက်ကြွလာကြပါတယ်။ အဲဒီပွဲမှာ ကျွန်တော်တို့ ၅ ဂိုး၊ ၂ ဂိုးနဲ့နိုင်လိုက်ပြီး အမှတ်ပေးဖလားကိုလည်း ဒုတိယနေရာကအသင်းနဲ့ ရမှတ် ၄ မှတ်အကွာနဲ့ ရယူနိုင်လိုက်ပါတယ်။ ကိုယ့်ရဲ့ အစီအစဉ်ကိုယ် အဲဒီလို အပြောင်းအလဲတစ်ရပ်လုပ်ရတာဟာ အတော်လေးတော့ ဂွတီးဂွကျနိုင်တဲ့ကိစ္စပါ။
တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ဟာ ပြိုင်ပွဲအတွက် ပိုကောင်းတဲ့နည်းဗျူဟာနဲ့ ပိုပြီးသေသေချာချာပြင်ဆင်လာတဲ့ ပြိုင်ဘက်တွေရဲ့တစ်ပတ်ရိုက်တာကိုလည်း ခံရတတ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက ကစားတဲ့ပွဲတစ်ပွဲမှာ နယူးကာဆယ်က ကျွန်တော်တို့ကို စိန့်ဂျိမ်းပတ်ခ် ၅-၀ နဲ့အနိုင်ယူသွားခဲ့ပါတယ်။ အဲဒီတုန်းက နယူးကာဆယ်နည်းပြ ကီဗင်ကီးဂန်ဟာ သူ့ရဲ့ အသင်းမှာ အလန်ရှီးယား၊ လက်စ်ဖာဒီနန်၊ ပီတာဘတ်စလေ နဲ့ ဒေးဗစ်ဂင်နိုလာတို့အပါအ၀င် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ တိုက်စစ်ကစားသမားတွေအပြည့်နဲ့ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ်အသင်းရဲ့နောက်ခံအလယ်လူဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ဖိလစ်ပီအဲလ်ဘတ်က ကိုက် ၂၀ ဂိုးနဲ့အကွာကနေ ပီတာရှမိုက်ကယ်လ်ရဲ့ ခေါင်းပေါ်က ကျော်ပြီး နောက်ဆုံးဂိုးကိုသွင်းလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့လည်း ပွဲသိမ်းသွားပါတော့တယ်။ ကျွန်တော်တို့ အတော်လေး အရှက်တကွဲဖြစ်ခဲ့ရတဲ့ပွဲတစ်ပွဲပါပဲ။
ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒုက္ခရောက်ရတာမျိုးလည်း ရှိတတ်တာပါပဲ။ ကစားသမားတွေက အစီအစဉ်ကို လက်မခံတဲ့အခါ၊ ဒါမှမဟုတ် အစီအစဉ်အတိုင်းမကစားတဲ့အခါမှာ ဒုက္ခရောက်တော့တာပါပဲ။ ချန်ပီယံလိဂ်နောက်ပိုင်းအဆင့်ပွဲစဉ်တွေထဲက ဘာစီလိုနာနဲ့ကစားရတဲ့ ပွဲနှစ်ပွဲစလုံးမှာ အဲဒီလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဘာစီလိုနာကို နှစ်ကျော့စလုံးရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမား နှစ်ယောက်၊သုံးယောက်လောက်က အစီအစဉ်အတိုင်းမကစားဘဲ သူတို့ကစားချင် သလို ကစားနေခဲ့လို့ပါ။ ဘာစီလိုနာလိုအသင်းနဲ့ ကစားတဲ့အချိန်မှာ အဲဒီလိုသွားလုပ်လို့မရပါဘူး။အထူးသဖြင့် အသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာက ပက်ပ်ဂွာဒီယိုလာဖြစ်နေတဲ့အခါမျိုးမှာ ပိုလို့တောင်မရပါသေးတယ်။ သူတို့ရဲ့ ဘောလုံးကိုင်ထားနိုင်တဲ့စွမ်းရည်က အရမ်းကိုမြင့်မားလို့ပါ။ ယူနိုက်တက်ဟာ ပွဲကစားချိန်ရဲ့ လေးပုံ၊ သုံးပုံလောက်ကို ဘောလုံးရလေ့ရှိတဲ့အသင်းပါ။ ဒါကြောင့် ဘာစီလိုနာနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်တဲ့အခါမှာ သူတိုရဲ့ ဘောလုံးကိုင်ကစား နိုင်တဲ့စွမ်းရည်ကြောင့် ကျွန်တော်တို့ဟာ တခြားပွဲတွေမှာကစားသလိုပုံမှန်ကစားနိုင်မှာမဟုတ်ဘူးဆိုတာ သိထားခဲ့ပါတယ်။
ကျွန်တော်တို့ဟာ မကြာခဏဆိုသလို ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အသင်းရဲ့ ကွင်းပြင်ပဖိအားတွေကြောင့် ဒုက္ခရောက်ရတာ တွေလည်း ကြုံရတတ်ပါတယ်။ ယူနိုက်တက်ကိုအမြဲတမ်း ဒုက္ခပေးတဲ့ကွင်းနှစ်ကွင်း ရှိပါတယ်။ လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းနဲ့ လိဒ်အသင်း (ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းအဖြစ်ရှိစဉ်တုန်းက) ရဲ့ အယ်လန်လမ်းမကွင်း တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အန်ဖီးလ်မှာသွားကစားရတဲ့အခါတိုင်း ကျွန်တော်တို့ရဲ့ အကောင်းကစားသမားတွေနဲ့ ပွဲထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဧည့်သည်အသင်းကို ကြမ်းကြမ်းတမ်းတမ်းတွေအော်ဟစ်နေပြီး သူတို့သဘောမကျတဲ့ ဒိုင်ဆုံးဖြတ်ချက်တွေဆို အသည်းအသန်ကန့်ကွက်နေတဲ့ လူတွေကြောင့် ကစားသမားတွေဟာ ယုံကြည်မှုပျက်ပြားလာပြီး အာရုံစူးစိုက်မှုလည်း ပျက်ကုန်တတ်ကြပါတယ်။ နာရီနဲ့ချီကြာမြင့်တဲ့ ကြိုတင်ပြင်ဆင်မှုတွေပျက်စီးသွားစေဖို့အတွက် တဒင်္ဂ သတိလစ်ဟင်းမှုလေးပဲ လိုတတ်ပြီး အဲဒီလိုအခြေအနေနဲ့ပတ်သတ်လို့ မန်နေဂျာတစ်ယောက်အနေနဲ့ ကစားသမားတွေ အတွက်လုပ်ပေးနိုင်တာကလည်း မရှိသလောက်ပါပဲ။ စစ်တုရင်ကစားနည်းမှာလိုမျိုး ဘောလုံးမှာလည်း သူ့နေရာနဲ့သူချထားတဲ့ အကောင်တွေရှိတယ်ဆိုပေမယ့် တောင်ပံကစားသမားတွေ၊ ဂိုးသမားတွေ၊ နောက်တန်းအလယ်လူ တွေဟာ စစ်တုရင်ရဲ့ ရထား၊ ဘုန်းကြီးနဲ့ မြင်းတို့လို အရုပ်သက်သက်မဟုတ်ဘဲ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ လူတွေဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သတ်ပြီး နောက်ထပ်ပြောပြရလောက်အောင် အရေးပါတဲ့တစ်ခုကတော့ စွန့်စားရနိုင်ချေရှိမှုတွေ အတွက် ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံပါပဲ။ တစ်ချို့သော လေ့လာသုံးသပ်သူတွေက ယူနိုက်တက်ဒီလောက်အောင်မြင်တာဟာ လိုတာထက်ပိုတဲ့အခွင့်အလမ်းတွေကို အရယူချင်တဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကြောင့်လို့ သုံးသပ်မယ်ဆိုရင် ကျွန်တော်အံ့ သြမိမှာ မဟုတ်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားနေတဲ့အချိန် ပရိသတ်တွေက " တိုက်စစ်ဆင်၊ တိုက်စစ်ဆင် " လို့ အော်နေကြတဲ့အခါ ပရိသတ်တွေတောင်းဆိုတဲ့အတိုင်းအလိုအလျောက်လိုက်လုပ်ဖို့ တွေးရတာအလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘယ်တော့မှ အဲဒီလိုမတွေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်ကျရောက်နိုင်ချေရှိမှုတွေကို တတ်နိုင်သမျှလျှော့ချပစ်ဖို့ဟာ ခေါင်းဆောင်တစ်ယောက်လုပ်ရမယ့်အလုပ်တွေထဲကတစ်ခုမလို့ပါပဲ။ ကျွန်တော်ဟာ မြင်းပြိုင်ပွဲတွေနဲ့ ဖဲကစားရတာကို သဘောကျသူတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်မှာ လောင်းကစားသမားစိတ် ရှိတယ်လို့ တစ်ချို့တွေက ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါမမှန်ပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကဘ၀မှာ ကျွန်တော်ဟာ မြင်းလောင်းဖို့အတွက်သုံးမယ့်ငွေကို သေချာပြင်ဆင်တွက်ချက်ပြီးမှ သုံးလေ့ရှိသလို အိုးလ်ထရက်ဖို့ဒ်မှာ လည်း အဲဒီလိုပဲ ဂရုတစိုက်ရှိပါတယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးရနိုင်ချေရှိတာတွေတစ်ခုကိုမှ လက်မလွှတ်ရအောင် ကြိုးစားပါတယ်။ ပထမပိုင်းအပြီး ၁၅ မိနစ်နားတဲ့အချိန်မှာ ကျွန်တော်အဓိကပြောလေ့ရှိတာက မိုက်ရူးရဲလျှောက်မလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ အခွင့်အရေးကောင်းကို စောင့်ဖို့တိုက်တွန်းတာပါပဲ။ ကျွန်တော်တို့ ပွဲပြီးဖို့ ၁၅ မိနစ်အလိုလောက်ရောက်တဲ့ အထိ ရှုံးနေသေးတဲ့အခါမျိုးမှသာ စွန့်စားရတဲ့ကိစ္စမျိုးကို ကျွန်တော်လုပ်လေ့ရှိပါတယ်။ အဲဒီလိုအချိန်မျိုးရောက်ရင်တော့ တစ်ဂိုးနဲ့ပဲ ရှုံးရှုံး၊ နှစ်ဂိုးနဲ့ပဲ ရှုံးရှုံး၊ ရှုံးတာက ရှုံးတာပဲဖြစ်တော့မှာပါ။ ပြီးတော့ အဲဒီအချိန်မှာ စိတ်ဖြေဖို့အတွက် တွေ့ကရာတွေကောက်ပေါက်ပစ်ဖို့လည်း ကျွန်တော်ပြင်ဆင်ထားပြီးပါပြီ။
အဲဒီလို ပြိုင်ဘက်ကကျွန်တော်တို့ကို ဦးဆောင်ထားတဲ့အချိန်မျိုးမှာ ပြိုင်ဘက်အသင်းတွေက သူတို့ရဲ့ အနိုင်ရလဒ်ကို ထိန်းနိုင်ဖို့ကြိုးစားလေ့ရှိတာကြောင့် ပွဲကိုကျွန်တော်တို့စိတ်ကြိုက်ကစားခွင့်ရတတ်ပါတယ်။ ပြိုင်ဘက်အသင်းက တိုက်စစ် ကစားသမားတွေရဲ့နေရာမှာ ခံစစ်ကစားသမားတွေထည့်လေ့ရှိပြီး အဲဒီလိုလုပ်တာက ပွဲရဲ့ချိန်ခွင်လျှာကို လုံးဝပြောင်းသွားစေပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့ဟာ ချက်ချင်းဆိုသလိုပဲ တန်ပြန်တိုက်စစ်အဆင်ခံရမှာ စိုးရိမ်စရာမလိုဘဲ ပြိုင်ဘက်ရဲ့ ပင်နယ်လ်တီစည်းနားမှာဝိုင်းထားပြီး တိုက်စစ်ဆင်လို့ရသွားပါတယ်။ ပြိုင်ဘက်တွေက သူတို့ ခံစစ်ကိုအားပြုလိုက်ခြင်းအားဖြင့် ဂိုးပေးရနိုင်ချေကိုလျှော့ချနိုင်လိမ့်မယ်လို့ တွေးတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ သူတို့အဲဒီလိုလုပ်တာက ကျွန်တော်တို့အနေနဲ့ သိပ်စွန့်စားစရာမလိုဘဲ မူလအစီအစဉ်ကိုပြောင်းပြီး အကျိုးရှိအောင်လုပ်ယူဖို့ အခွင့်အရေးပေးသလို ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ အဲဒီလိုအခြေအနေကနေ ဂိုးတွေလည်း မကြာခဏဆိုသလို ကျွန်တော်တို့ရတတ်ပါတယ်။ နောက်ဆုံးမိနစ်မှာရတဲ့ဂိုးတွေဟာ ကျွန်တော်တို့ရဲ့ အ၀တ်လဲခန်းအတွင်း အခြေအနေပေါ် သက်ရောက်မှုကြီးမားပါတယ်။ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူလိုက်နိုင်တဲ့ပွဲ အပြီးမှာ လူတိုင်းဟာ အ၀တ်လဲခန်းထဲမှာ အောင်ပွဲခံတတ်ကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေဆိုရင်လည်း အဲဒီလိုပွဲမျိုးပြီးတဲ့ နောက်မှာ အိမ်ကို၊ ဒါမှမဟုတ် ဘားဆိုင်တွေကို အပြေးအလွှားသွားပြီး နောက်ဆုံးမိနစ်မှာရလိုက်တဲ့ဂိုးအကြောင်း စားမြုံ့ပြန်လေ့ရှိကြပါတယ်။
ဝေဖန်သူတွေကတော့ ကျွန်တော်တို့ အဲဒီလိုဂိုးရတဲ့အခါမျိုးမှာ ကံကောင်းသွားလို့၊ ဒါမှမဟုတ်ရင်လည်း ဖာဂီ့အချိန်လို့ သူတို့ခေါ်လို့ ရှိတဲ့ ဒိုင်လူကြီးကိုဖိအားပေးပြီးရထားတဲ့ ရှည်လျားတဲ့နာကျင်အချိန်ပိုကြောင့်လို့ ပြောတတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလိုဂိုးတွေရတာဟာ ဂရုတစိုက်ကြိုတင်ပြင်ဆင်မှုတွေနဲ့ အန္တရာယ်ရှိနိုင်ချေတွေကို သေချာ စနစ်တကျဆင်ခြင်ပြီး ချဉ်းကပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
 
  Picture
 
Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...