ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၉ ရက်နေ့က ပြုလုပ်သော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံအပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“တစ်ချိန်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ် ပါလာပြီလို့ ခံစားရပါတယ်” ဟု (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။
ဘားအံပွဲ အကြို ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး ပါဝင် ဆွေးနွေးသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကျေနပ် အားရမှုရှိပြီး တပ်မတော် ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ အလားအလာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ်သည်။
“ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့ အပေါ်မှာ အများကြီး ဝမ်းသာတယ်” ဟု တပ်မတော်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
ထို့အပြင် တပ်မတော် ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုကို များစွာ အသိအမှတ်ပြုကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် မဖြစ်မနေ ချုပ်ဆိုရမည် ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်တွင် ရှိနေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။
NCCT အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးနိုင်ဟံသာကလည်း “ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသားနဲ့ ဆွေးနွေးကြတယ်။ ပိုပြီးတော့ နားလည်မှု ရကြတယ်” ဟု ပြောကြားသည်။
လော်ခီးလာ ထိပ်သီးညီလာခံ အပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တပ်မတော်က ပထမဆုံးအကြိမ် အဖြစ် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားပြု NCCT ခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်ခဲ့သည်။
ယနေ့ ဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင် တက်ရောက်ခြင်း ဖြစ်သည်။
The Voice Weekly

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။