အသက် ၂၅ နှစ်အရွယ် ပေါလ်မက္ကလင်းသည် မိတ်ဆွေများနှင့်အတူ အပန်းဖြေခရီး ထွက်ရင်း ရေအိုင်တစ်ခုတွင် လက်ဆေးနေစဉ် မိကျောင်း တိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။ ဗြိတိန် နိုင်ငံသား၊ အောက်စ်ဖို့ဒ် တက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်သည့် မက္ကလင်းသည် ကြောက်မက်ဖွယ် တွားသွားသတ္တဝါကြီး၏ ရေအောက်သို့ ဆွဲချ နှစ်မြှုပ်ခြင်းကို ခံခဲ့ရသည်။
ယခုသီတင်းပတ်အတွင်း အခင်းဖြစ်ပွားခဲ့ရာ အဆိုပါ ရေအိုင်သည် မိကျောင်းများ ကျက်စားသည့် နေရာတစ်ခုအဖြစ် လူသိများသည်။ သီရိလင်္ကာ မိကျောင်းများသည် အမဲလိုက်ရာတွင် အလွန်ပါးနပ်ပြီး ၎င်းတို့ ချဉ်းကပ်လာသည်ကို မသိနိုင်လောက်အောင် ငြင်သာ သိမ်မွေ့စွာ လှုပ်ရှားတတ်ကြောင်း သိရသည်။
သီရိလင်္ကာ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့သည် ရေအိုင်တဝိုက်တွင် မက္ကလင်း၏ အလောင်းကို ရှာဖွေလျက် ရှိသည်။ အလောင်း ပြန်မတွေ့သေးသဖြင့် သေဆုံးပြီဟု တရားဝင် အတည်မပြုသေးသော်လည်း မက္ကလင်း အနေဖြင့် အသက်ရှင်နိုင်ခြေ မရှိတော့ဟု ရဲများက ဝန်ခံ ပြောကြားထားသည်။
အဆိုပါ ရေကန်သည် ပင်လယ်ကမ်းခြေနှင့် ကပ်လျက် တည်ရှိပြီး ရေငန်ဝင်ရောက်နေသည့် ကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း ရေငန်မိကျောင်းများ သဘာဝအတိုင်း ကျက်စားနေကြခြင်း ဖြစ်သည်။
သီရိလင်္ကာတွင် မက်ဂါမိကျောင်းမျိုးနှင့် ရေငန်မိကျောင်းမျိုးဟူ၍ နှစ်မျိုး ရှိနေသည်။
ဧပြီလအတွင်းက သီရိလင်္ကာရှိ ပူလ်နီဝါ ရေကန်တွင် မိသားစုနှင့်အတူ ရေချိုးနေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး မိကျောင်းဆွဲခံရပြီး အလောင်း ရှာမတွေ့ခဲ့ချေ။ ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း အသက် ၆၀ အရွယ် သီရိလင်္ကာ အမျိုးသားကြီးတစ်ဦး ပါယင်ဒန်မြစ်ထဲ ငါးမျှားနေစဉ် မိကျောင်း တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
Ref: Fox News
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။