Ads (728x90)




သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြစဉ်


သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မတ် ၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်ဟု သတင်းထွက်ပေါ်လာသည်။

ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်သည် ငါးကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါသည်။ ယခင်တွေ့ဆုံမှုများ၌ ခေါင်းဆောင်နှစ်ဦးအကြား မည်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည် ဆိုခြင်းကို အသေးစိတ် ထုတ်ပြန်ပြောဆိုခဲ့ကြခြင်း မရှိပေ။ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လျို့ဝှက်အနေဖြင့်သာ ထားရှိခဲ့သည်။ မီဒီယာများသို့ ထုတ်ပြောခြင်း မရှိခဲ့သည့်နည်းတူ ပြည်သူများလည်း သိရှိခဲ့ရခြင်း မရှိခဲ့ချေ။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် အကျပ်အတည်း တစ်ခုအတွင်း ဆိုက်ရောက်နေသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ခေါင်းဆောင်များအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပက်သက်ပြီး သဘောကွဲမှုများ ရှိနေသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုက လျော့ကျသွားခြင်း မရှိဘဲ ပိုဆိုးလာသည်။ ခေါင်းဆောင်များ၏ သဘောထား ကွဲမှုများက ပြည်သူလူထု၏ ကျပ်တည်းမှုကို ပိုဆိုးစေသည့် လမ်းကြောင်းသို့ မရောက်သင့်တော့ပါ။ ပြည်သူလူထု၏ ကျပ်တည်းမှုကို အဖြေရှာနိုင်မည့် အာမခံချက်များ (သို့မဟုတ်) ဖြစ်နေသည့် အကျပ်အတည်းကို ပိုမဆိုးစေသည့် ဆွေးနွေးမှုများ လုပ်ဆောင်သင့်ပြီဆိုသော သုံးသပ်မှုများ ရှိနေသည်။

ငါးကြိမ်မြောက် တွေ့ဆုံမှု

၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်၌ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် ပထမဆုံး တွေ့ဆုံခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၁၂ ရက် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်နေ့၌ တတိယအကြိမ် တွေ့ဆုံသည်။ ၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်တွင် စတုတ္ထအကြိမ် တွေ့ဆုံခဲ့ကြသည်။ ပထမဆုံး တွေ့ဆုံမှုမှ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအထိ တွေ့ဆုံမှုတိုင်းတွင် သတင်းအသေးစိတ် ထုတ်ပြန်ခြင်းများ မရှိခဲ့ပါ။

“အရင်က တွေ့ဆုံမှုတိုင်းမှာ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဘူး။ ဘာတွေဆွေးနွေးခဲ့ကြတယ်။ ဘာတွေအပေးအယူ လုပ်ခဲ့တယ်ဆိုတာတွေ မတွေ့ရဘူး။ အခုချိန်မှာ ပြောဖို့အချိန်ကျပါပြီ” ဟု ရိုက်တာသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဦးအောင်လှထွန်းက ပြောကြားသည်။

အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြ

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသော ခေါင်းစဉ်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျစဉ် ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ဦးသန်းရွှေ (အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး) နှင့် ဦးခင်ညွန့် (အငြိမ်းစား ဗိုလ်ချုပ်ကြီး) နှင့်လည်း တွေ့ဆုံခဲ့သည်။ ၁၉၉၄ ခုနှစ်အတွင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အနည်းဆုံး တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်လည်း အနည်းဆုံး တစ်ကြိမ်တွေ့ဆုံခဲ့သည်။ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေ၊ ဦးတင်ဦးနှင့် ဦးလွင်တို့ကို ဦးသန်းရွှေ (အငြိမ်းစားဗိုလ်ချုပ်မှူးကြီး)နှင့် ဦးမောင်အေး (အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး) တို့ အပါအ၀င် ထိုအချိန်က အစိုးရအဖွဲ့ဝင်များက ညစာစားပြီး တွေ့ဆုံခဲ့ကြသည်။

ထိုအချိန်မတိုင်မီ ၁၉၈၈ ခုနှစ်အလွန် ကာလကလည်း ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ်နှောင်းပိုင်း ဒေါ်ခင်ကြည် ဈာပနတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခေတ္တတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ် ကြားကာလများ၌ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာရာဇလီအစ္စမေးကို ကြားခံပြု၍ လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ် ကာလများတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို ကြားခံပြု၍ လည်းကောင်း၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီ တွေ့ဆုံခဲ့သည်။

၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ တိုက်ရိုက်တွေ့ဆုံခြင်း မရှိတော့ဘဲ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အပြီး၌ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဦးအောင်ကြည် (ယခု ပြန်ကြားရေးဝန်ကြီး) ကို ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးခဲ့သည်။ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၇ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၀၈ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၀၉ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်တွင် သုံးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထိုသို့ လွတ်မြောက်ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် သြဂုတ်လတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကာ သုံးနှစ်တာ ကာလအတွင်း လေးကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သော ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း လွှတ်တော်တွင်း၌သာမက လွှတ်တော်ပြင်ပ၌ပါ အကြိမ်ကြိမ် တွေ့ဆုံခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုလိုက်သည်။ သို့သော် အဆိုပါတောင်းဆိုချက်ကို ဦးသိန်းစိန်အစိုးရက ပယ်ချခဲ့သည်။

“တွေ့ဆုံမှုနဲ့ ဖြေရှင်းဖို့ဆိုတာက ကျွန်တော်တို့ NLD မှာ တစ်လျှောက်လုံး ရှိခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြောခဲ့တဲ့ ၁၉၈၈ ခုနှစ် သြဂုတ် ၂၆ ရက် ရွှေတိဂုံအနောက်မုခ် စည်းဝေးပွဲမှာလည်း အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ ဖြေရှင်းကြမယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြမယ်ဆိုတာ စပြီးကမ်းလှမ်းခဲ့တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးပုံစံနဲ့ ကမ်းလှမ်းခဲ့တာမျိုးတွေ ရှိပါတယ်။ တစ်လျှောက်လုံးလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာဟာ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတဲ့ဟာပေါ်မှာ တည်ပါတယ်။ အဲဒါအပေါ် မကြိုက်တဲ့သူတွေ ရှိမယ်။ အားမရတဲ့သူတွေ ရှိမယ်။ ဘယ်လောက်ပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းစဉ်တွေ မှန်ကန်တယ်ဆိုတာ ဒီနေ့ထိ တွေ့ဆုံဆွေးနွေးရေး အိုင်ဒီယာ အခြေအနေ ပြောင်းလဲလာတယ်ဆိုတဲ့ဟာ ပြနေတယ်လို့ ယူဆပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်က ပြောကြားသည်။

နိုင်ငံတကာ ခေါင်းဆောင်များ၏ အလေးထားမှု

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်တွင် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်၌ နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်ကာ ၂၀၀၀ ပြည့်နှစ်တွင် ထပ်မံထိန်းသိမ်းခံရသည်။ ၂၀၀၂ ခုနှစ်တွင် ပြန်လွတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း အရေးအခင်းဖြင့် ထပ်မံထိန်းသိမ်း ခံခဲ့ရပြန်သည်။ ထို့နောက် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာမတိုင်မီ အချိန်အထိ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

ထိုသို့ နေအိမ်အကျယ်ချုပ်ဖြင့်ရှိစဉ် ကာလပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာက အစိုးရကို ဖိအားပေးခဲ့သည်။

၁၉၉၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ဦးသန်းရွှေ (အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး) နှင့် ဦးခင်ညွန့် (အငြိမ်းစား ဗိုလ်ချုပ်ကြီး) နှင့်လည်း တွေ့ဆုံခဲ့သည်။ ၁၉၉၄ ခုနှစ်အတွင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အနည်းဆုံး တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်လည်း အနည်းဆုံး တစ်ကြိမ်တွေ့ဆုံခဲ့သည်။ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် . . . . .
အနီးစပ်ဆုံး အနေဖြင့် ၂၀၀၉ ခုနှစ်တွင် အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။ ထိုအချိန်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးစာတစ်စောင် ပေးပို့ပြီး အစိုးရကို သတိပေးခဲ့ခြင်းများ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ကတိပြုခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန်တို့ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာပင် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အနောက်ဥရောပနိုင်ငံများ၊ သြစတြေးလျ၊ တောင်အမေရိက၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် အစရှိသော နိုင်ငံများ၏ ထောက်ခံမှုများစွာကို ရရှိထားသည်။ ထို့ပြင် အမေရိကန်၊ ဗြိတိန်နိုင်ငံတို့၏ ထောက်ခံမှုနှင့်အတူ ဒီမိုကရေစီ၏ပြယုဂ် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

နိုင်ငံတကာ၏ သဘောထား

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အလေးထား ဆက်ဆံမှုမှာ သိသာထင်ရှားသည့်အသွင် ဆောင်ခဲ့သည်။ သမ္မတဦးသိန်းစိန်သည် အမေရိကန်၊ ဗြိတိန် အစရှိသော ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်ရာတွင် သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်အဆင့် ကြိုဆိုမှုဖြင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် နိုင်ငံတော်အဆင့် ကြိုဆိုမှုများ ပြုလုပ်ခဲ့သည်။ အချို့ခရီးစဉ်များ၌ ဒေါ်အောင်ဆန်းစုကြည်အား အလေးထားဆက်ဆံမှုမှာ သမ္မတဦးသိန်းစိန်အား အလေးထား ဆက်ဆံမှုများထက် ပိုခဲ့သည်။

ထို့အတူ အစိုးရနှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံတကာ ခေါင်းဆောင်များနှင့် ထိပ်တန်းအရာရှိ အားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့်အထက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီးယားသမ္မတ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ စင်ကာပူသမ္မတ တိုနီထန်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ မွန်ဂိုလီးယားသမ္မတ၊ သြစတြေးလျ ၀န်ကြီးချုပ်၊ ဂျာမနီသမ္မတ အစရှိသူတို့နှင့် တွေ့ဆုံခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ဗြိတိန်ဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ မွန်ဂိုလီးယားသမ္မတ အစရှိသူတို့နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတကာ၏ အမြင်၌ သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆက်ဆံသည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတကာ ခေါင်းဆောင်တစ်ဦးအနေဖြင့် အလေးထား ဆက်ဆံခဲ့ကြသည်။ ထိုအချက်ကို ၂၀၁၄ ခုနှစ် မတ်လဆန်းပိုင်းက ပြုလုပ်ခဲ့သော (၁၆) ကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးတွင် သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။

ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံခေါင်းဆောင်များအနက် အာဏာရှင်ဆန်သော သီရိလင်္ကာ သမ္မတမှလွဲ၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၊ ဘူတန်နိုင်ငံ ၀န်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့် နီပေါနိုင်ငံ ၀န်ကြီးချုပ်တို့က ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ကြသည်။

အစိုးရ၏ သဘောထား

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ နိုင်ငံတကာ ခေါင်းဆောင်တစ်ဦးအနေဖြင့် အလေးထား ဆက်ဆံသော်လည်း သမ္မတဦးသိန်းစိန် အစိုးရနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့်သာ သဘောထားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၌ပြုလုပ်ပြီး အစိုးရပိုင်းက ပါဝင်ပတ်သက်သော အီးယူလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကဲ့သို့ နိုင်ငံတကာ ဆွေးနွေးပွဲများ၌လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ်) အမြင့်ဆုံးအဆင့် အနေဖြင့် ၀န်ကြီးများနှင့် တန်းတူထား ဆက်ဆံခဲ့ပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အခြားသော ၀န်ကြီးများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့်သာ တက်ရောက်ခဲ့ရပြီး အခြားသူများနည်းတူ သမ္မတဦးသိန်းစိန်ကို စောင့်ဆိုင်းနှုတ်ဆက်ခဲ့ရသည်။

တပ်မတော်နေ့ အခမ်းအနားများတွင်လည်း သာမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ်သာ တက်ရောက်ခွင့်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ယင်းသဘောထားများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုသော လေးပွင့်ဆိုင်တွေ့ဆုံရေးမှာ နှောင့်နှေးနေရသည့် ကိစ္စရပ် ဖြစ်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ၏ ခေတ်အဆက်ဆက် တွေ့ဆုံမှု ရလဒ်များကြောင့် ထပ်မံတွေ့ဆုံမှုများသည် ပြည်သူလူထုအတွက် မည်မျှအကျိုးရှိမည်ဆိုခြင်း ကိစ္စရပ်အပေါ် မေးခွန်းထုတ်မှုများ ဖြစ်စေသည်။

လေးပွင့်ဆိုင်အရေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံရန် ကမ်းလှမ်းမှုသည် မဖြစ်နိုင်သေးကြောင်း အစိုးရဘက်က တုံ့ပြန်ထားသည်။ သမ္မတဦးသိန်းစိန် အစိုးရက လွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို စောင့်ဆိုင်းနေသည်။ ထိုအချိန်နောက်ပိုင်း လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း အာမခံချက် ပေးမထားပေ။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် အဆင်သင့်ရှိသည်ဟု ဆိုသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထားမှာ ဦးသိန်းစိန်အစိုးရ၏ သဘောထားနှင့် ကွာခြားချက် မရှိနိုင်ဟု ယူဆရပြီး မှတ်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

“ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားတဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေးကို ဦးရွှေမန်းတို့က လက်ခံထားပြီးပြီ။ တပ်မတော်နဲ့ အစိုးရပဲ ကျန်တော့တယ်။ အမှန်ကတော့ အစိုးကဟာ တပ်မတော်အပေါ်ကပဲ ရှိရှိ၊ တပ်မတော်က အစိုးရအပေါ်ကပဲ ရှိရှိ၊ တန်းတူညီတူပဲဖြစ်ဖြစ် နှစ်သင်းနှစ်ဖွဲ့စလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့လိုပြီ” ဟု ဦးဝင်းတင်က ပြောကြားသည်။

“ခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီးတော့ ပဏာမသဘောတူညီချက်တွေ ရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ရေးဟာ တော်တော်လေး ခရီးရောက်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ပြည်သူတစ်ရပ်လုံးကလည်း လေးပွင့်ဆိုင်တွေ့ဆုံဖို့ကို မျှော်လင့်ချက်ကြီးကြီးနဲ့ တောင်းဆိုနေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ လေးပွင့်ဆိုင် အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတဲ့ အကြမ်းဖျင်း သဘောတူညီချက်ရအောင် ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်” ဟု ရခိုင်ပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။

မတူညီသော အကျပ်အတည်း

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမဆုံး တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေး တိုးတက်မှုအား ဖော်ညွှန်းပြီး ပုံရိပ်ကောင်း ထင်စေခဲ့ပါသည်။ သို့သော် နောက်ဆုံးအကြိမ် မတွေ့ဆုံမီ ကာလမှ လက်ရှိအချိန်အထိ ၎င်းတို့၏ ဆက်ဆံရေးမှာ ပြန်လည်အေးစက်သွားသည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်သည့်အသွင် ဆောင်လာခဲ့ရာမှ သမ္မတနှင့် ဆက်ဆံရေးမှာ ပို၍အေးစက်သွားသည်။

အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုခဲ့ပြီးသည့်နောက် ၎င်းတို့အကြား သဘောကွဲမှုမှာ အထင်အရှား ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေက သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းက တစ်ဖက်ဟူသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခေါင်းဆောင်များအကြား သဘောထားကွဲမှု ရှိနေချိန်တွင် ပြည်သူလူထု၏ အကျပ်အတည်းမှာလည်း ပိုဆိုးသည့် အခြေအနေ ဖြစ်လာသည်။

စီးပွားရေး အဆင်မပြေမှုများမှတစ်ဆင့် ဖြစ်လာသော ဆင်းရဲမွဲတေမှုနှင့် ၀င်ငွေမလုံလောက်မှုများကို ပြည်သူလူထုက ရင်ဆိုင်နေရသည်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တဖြည်းဖြည်း ကြီးထွားလာပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများကိုလည်း ပြည်သူလူထုက ရင်ဆိုင်လာရသည်။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး မရနိုင်သေးဘဲ စစ်မက်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ်တိုင်းရင်းသား နယ်မြေများမှ ပြည်သူလူထုများ၏ ဘ၀နေထိုင်မှုမှာ မရေရာမှုများဖြင့် ရှင်သန်နေရသည်။

“လူတွေက စားဝတ်နေရေး ပိုခက်နေတယ်။ ရာဇ၀တ်မှုတွေက ထူပြောနေတယ်။ ကျွန်တော်မြင်တာတော့ Key Player တွေဟာ ၂၀၁၅ ကိုပဲ အာရုံစိုက်နေကြတယ်။ လူထုရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေကို မဖြေရှင်းကြဘူး” ဟု ဦးအောင်လှထွန်းက ဆိုသည်။

“elite တွေကြားထဲမှာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သူရဦးရွှေမန်း သူတို့တွေကြားထဲမှာ သဘောထားကွဲမှုတွေ၊ အားပြိုင်မှုတွေက ရှိနေမှာပဲ။ အဲဒီ သဘောထားကွဲမှုကို ယဉ်ယဉ်ကျေးကျေးပြောရင် အခြေခံဥပဒေပြင်ဆင်ရေး ပြဿနာပေါ့။ အဲဒီပြဿနာကြောင့် ပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ပိုမဆိုးစေသင့်ဘူး။ ဒါကြောင့် ဒီအချိန်မှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲတွေ့တွေ့၊ လေးပွင့်ဆိုင်ပဲတွေ့တွေ့၊ တွေ့တဲ့အချိန်မှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာကို ပိုမဆိုးအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေတစ်ခုခုတော့ ရှာသင့်ပြီ” ဟု အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေ၌ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းရေးသားနေပြီး မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်က ပြောကြားသည်။

တွေ့ကြရုံနဲ့ ပြီးသွားမလား

ဖေဖော်ဝါရီ ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဖြစ်ကြပါက ငါးကြိမ်မြောက်တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။ ယခင်လေးကြိမ် တွေ့ဆုံမှု၌ မည်သို့သော အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ကို အသေးစိတ် မသိရှိရသေးပေ။ ထို့အတူ ခေတ်အဆက်ဆက် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သော အကြောင်းအရာတိုင်းကို အသေးစိတ် မသိရှိရခဲ့ပါ။ ထိုသို့ ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့မှုများကို ပြည်သူလူထုအနေဖြင့် ပွင့်လင်းမြင်သာစွာ သိရှိရန် လိုအပ်လာပါသည်။

အစိုးရအနေဖြင့် အကျပ်အတည်းတွေ့သည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုက်ခြင်းဖြင့် အခက်အခဲကို ကျော်လွှားနိုင်မည်ဟု တစ်ထစ်ချ မယူဆသင့်သလို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း အသုံးချခံဘ၀မှ ရုန်းထွက်ရမည့်အချိန် ရောက်နေပြီဆိုသော ဝေဖန်မှုများ ရှိနေသည်။

“တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့က ထောက်ခံတယ်။ ဒါပေမဲ့ ဒီလိုတွေ့ဆုံဆွေးနွေးတဲ့ အခါမှာ တိကျတဲ့ အခြေခံတချို့၊ တိကျတဲ့ မူတချို့တော့ ရှိဖို့လိုတယ်လို့ မြင်တယ်လေ။ အဲလိုမှမဟုတ်ဘဲ တွေ့ဆုံရုံပဲတွေ့ဆုံပြီးတော့ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ပြည်သူတွေလည်း သိခွင့်မရ၊ တကယ်တမ်းမှာလည်း ဘာရလဒ်မှ မထွက်ပေါ်လာတာမျိုးတွေ၊ အရင်ကအတိုင်း ဖြစ်လာမှာကိုတော့ ကျွန်တော်တို့က စိုးရိမ်တယ်” ဟု ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ဆိုသည်။

ဦးမင်းဇင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံရာတွင် သဲကွဲမှုများ မရှိခြင်းကြောင့် ကျယ်ပြန့်မှုများ အားနည်းနေကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက ဝေဖန်ခဲ့သည်။

“နိုင်ငံရေး ရင်ကြားစေ့ရေး Negotiation, Reconciliation လုပ်တယ်။ ရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ လုပ်တယ်။ ဦးသိန်းစိန်နဲ့ တွေ့တယ်။ ဦးရွှေမန်းနဲ့ တွေ့တယ်။ တပ်မတော်ခေါင်းဆောင်အချို့နဲ့ သူတွေ့တယ်။ ပထမတစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်ကတော့ဗျာ။ နားလည်မှုရအောင်၊ ဆက်ဆံရေး အဆင်ပြေအောင် တွေ့တယ်ပေါ့ဗျာ။ အဲဒီထက် ပိုကြာလာပြီဆိုရင် ဒီတွေ့ဆုံဆွေးနွေးမှုတွေမှာ အားလုံးပါဝင်လာနိုင်အောင် လုပ်ပေါ့။ သူက တွေ့ဆုံဆွေးနွေးမှုတွေကို သူတစ်ယောက်တည်းနဲ့ တွေ့နေတဲ့အခါ Binding မဖြစ်ဘူး။ သူမရှိရင် ဘယ်သူဆက်လုပ်မှာလဲ။ ဒါတွေ အကုန်ပျက်သွားမှာပေါ့။ တွေ့ဆုံဆွေးနွေးမှုတွေမှာ နောက်မျိုးဆက်တွေ၊ ၈၈ က လူငယ်တွေကို ခေါ်မှာလား၊ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေကို ခေါ်မှာလား။ ဒီတော့ တွေ့ဆုံဆွေးနွေးမှုတွေကို Personalize လိုက်လုပ်နေရာကနေ Institutionalize လုပ်ရမယ်။ ဒါမှ ဒီတွေ့ဆုံဆွေးနွေးမှုတွေက သူမရှိလည်း ဆက်သွားနေမှာပေါ့။ အခုဟာက ကျွန်တော်သိသလောက်က ဦးသိန်းစိန်ပဲတွေ့တွေ့၊ ဦးရွှေမန်းနဲ့ပဲတွေ့တွေ့ NLD ဥက္ကဋ္ဌက တွေ့တာလား ဒေါ်အောင်ဆန်းစုကြည်က တွေ့တာလားတောင် သိပ်မကွဲဘူး။ အဲဒါဆိုရင်တော့ တိုင်းပြည်အမျိုးသား ရင်ကြားစေ့ရေးအတွက် ကျယ်ပြန့်မှု အားနည်းမှာပဲ။ အားနည်းရင်တော့လည်း အဖြေတွေက ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိမှာ မဟုတ်ဘူး” ဟု ဦးမင်းဇင်က ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက Messenger သတင်းဂျာနယ်နှင့် တွေ့ဆုံခဲ့သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဆွေးနွေးမှုတိုင်းတွင် ရလဒ်ထွက်ပေါ်ရန် လိုအပ်နေပြီး ခေါင်းဆောင်များ အနေဖြင့်လည်း ပြတ်သားသည့်အဖြေများ ထုတ်ဖော်ပြောဆိုရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားမှုများ ရှိနေပါသည်။

Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...