Ads (728x90)


မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင် ပံ့ပိုးခဲ့သည့် ဂျပန်နိုင်ငံ၊ ဂျပန်ကျွန်းကို နှစ်မြှုပ်ပစ်ကာ အမေရိကန်ပြည်ထောင်စုကို ပြာပုံနှင့် မှောင်အတိဖုံးအောင် နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ ပြည်ပဆက်ဆံရေး ကိစ္စများနှင့် ဝါဒဖြန့်ချိမှုများကို တာဝန်ယူ လုပ်ဆောင်ရသည့် ကိုရီးယား အာရှပစိဖိတ် ငြိမ်းချမ်းရေးကော်မတီ (KAPPC) က ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကို အထက်ပါအတိုင်း ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လာဘ်များ ရယူထားသည့် နိုင်ငံများဖြင့် တည်ဆောက်ထားသော မိစ္ဆာလက်ကိုင်တုတ်တစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အမိန့်အတိုင်း လုပ်ဆောင်နေသည်ဟု KAPPC က စွပ်စွဲပြောကြားသည်။ 

‘ကျွန်းစုကြီးလေးခုကို ကျွန်ုပ်တို့၏ ဂျူချေးနျူကလီးယားဗုံးဖြင့် ဖျက်ဆီးနှစ်မြှုပ်ပစ်သင့်သည်။ ဂျပန်ဟူသည့် နိုင်ငံမှာ ကျွန်ုပ်တို့ အနီးနားတွင် ဆက်ရှိနေနိုင်တော့မည် မဟုတ်ပေ’ ဟု ဆိုထားသည့် အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် KCNA သတင်းက ကိုးကားဖော်ပြသည်။ 

ဂျူချေးဟူသည်မှာ မာ့ခ်စ်ဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒတို့ကို ရောစပ်ထားသည့် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတစ်ခု ဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကွယ်လွန်သူ ကင်အီဆွန်း (ကင်ဂျုံအန်း၏အဘိုး) က ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ 

ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုမှာ မြောက်ကိုရီးယားနိုင်ငံက ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြီးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် လွန်စွာမြင့်တက်လာခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့်ပင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် အလွန်ပြင်းထန်သည့် ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုများ ပေါ်ပေါက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု၏ အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ KAPPC က “အမေရိပြည်ထောင်စုကြီးကို ပြာကျပြီး အမှောင်အတိဖုံးအောင် လုပ်ဆောင်ကြပါစို့၊ လက်တုံ့ပြန်မည့် နည်းလမ်းများ အားလုံးကို ဖွင့်ချအသုံးပြုလိုက်ကြပါစို့” ဟုလည်း ဖော်ပြသည်။ 

ထိုသို့ ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုများ အလွန်အမင်း မြင့်တက်လျက် ရှိသော်လည်း တောင်ကိုရီးယားနိုင်ငံမှ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ၎င်းအနေနှင့် မြောက်ကိုရီးယားရှိ မွေးကင်းစ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်နှင့် ယူနီဆက်တို့မှတစ်ဆင့် ဒေါ်လာ ၈ သန်း ထောက်ပံ့ပေးအပ်သွားရန် စီစဉ်လျက် ရှိသည်ဟု ကြေညာသည်။ 

ယင်းသို့ ကူညီထောက်ပံ့မည့် အစီအစဉ်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မြောက်ကိုရီးယားနိုင်ငံက စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံရေးနှင့် မပတ်သက်သော မူဝါဒ (လူသားချင်း စာနာထောက်ထားသော အကူအညီသက်သက်) သာ ဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ဂျပန်သည် အမေရိကန်ပြည်ထောင်စု၏ ကကြိုးအတိုင်း လိုက်ကနေရသော နိုင်ငံဖြစ်ပြီး ယင်းနိုင်ငံသည် စစ်တွင်းကာလ ကိုရီးယားပြည်သူများအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ ရိုးစင်းသော တောင်းပန်မှု မပြုလုပ်ခဲ့သည့်အတွက်ကြောင့် မည်သို့မျှ ခွင့်လွှတ်ပေး၍ မရနိုင်သောနိုင်ငံ ဖြစ်ကြောင်း ပြောကြားသည်။       

F-01

သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...