Ads (728x90)


ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မောင်တောခရိုင်အတွင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနီးရှိ ကျေးရွာ ၂၅ ရွာမှ ဒေသခံ လေးထောင်ကျော် နေရပ်ပြန်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ၏ ထိတွေ့မှုဖြစ်စဉ်များ လျော့နည်းလာကာ နယ်မြေတည်ငြိမ်မှု ရှိလာသည့်အတွက် စက်တင်ဘာလ ၁၄ ရက်အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၄၂၂၈ ဦး ၎င်းတို့ မူရင်းနေရပ်ဒေသသို့ ပြန်လည်နေထိုင်နိုင်ခဲ့သည်။

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာနှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ တိုင်းရင်းသား ၄၂၂၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ် လုံခြုံရေး လမ်းကြောင်းများဖြင့် နေရပ်ပြန်နိုင်အောင်  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အစိုးရအနေနှင့် လက်ရှိ ရခိုင်ပြည်နယ်အရေးကို အစီအစဉ်သုံးရပ်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ပြီး ရေတိုတွင် ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဒေသခံများ၏ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်သွားရန်၊ အလယ်အလတ်အနေနှင့် နေရာပြန်လည်ချထားရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်တွင် ကိုဖီအာနန် အစီရင်ခံစာနှင့် ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင် သော ကော်မတီ အစီရင်ခံစာတို့ကို အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ဒီဒေသမှာ ပြန်ပီးတော့ အေးချမ်းမှုရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုပ်တာက အတော်အသင့်တော့ ရှိလာပြီ။  ပုံမှန်အနေအထားတော့ ပြန်ပြီးတော့ မရောက်သေးဘူး။ သို့သော် ထိတွေ့မှုတွေ  နည်းလာပြီ။ ကျွန်တော်တို့ ပထမဆုံး လုပ်ရမှာက တည်ငြိမ်မှုနဲ့ လုံခြုံမှုကို လုပ်ရမှာ။ တည်ငြိမ်သွားပြီဆိုမှ ဒေသခံတွေ ပြန်နေတာက ၇ ရက်နေ့က စတယ်” ဟု ၎င်းက သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သြဂုတ်လ ၂၅ ရက်က စတင်ခဲ့သည့် မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် စက်တင်ဘာ ၅ ရက်အထိ ပြည်တွင်းနေရပ်စွန့်ခွာသူ တိုင်းရင်းသား နှစ်သောင်းခြောက်ထောင်ကျော် ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်မှတ်တိုင် (၃၁) နှင့် (၃၅) အကြားတွင် ယာယီတဲများဖြင့် နေထိုင်သူ သုံးသောင်းကျော်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့်  မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင် မြို့နယ်များမှ  ဘင်္ဂါလီကျေးရွာ ၄၇၁ ရွာ ရှိသည့်အနက် ကျေးရွာ ၁၇၆ ရွာက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ရွာ ၃၄ ရွာက ရွာသားတစ်ချို့တစ်ဝက်က ထွက်ပြေးတိမ်းရှောင်ခဲ့ကာ ကျေးရွာ ၂၆၀ က ရွာသူရွာသားများက ထွက်ပြေးတိမ်းရှောင်ခြင်း မရှိပဲ ကျန်ရှိကြောင်း ဦးဇော်ဌေးက ပြောသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးရာတွင် မောင်တောအတွင်းဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများအတွက် ယာယီစခန်း ၇ ခု ပြုလုပ်ပေးပြီး  ယင်းစခန်းများသို့ လာရောက်ခိုလှုံရန် နှိုးဆော်ထားပြီး ဘင်္ဂါလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးသွားသူများကိုလည်း စိစစ်မှုများ ပြုလုပ်ပြီးမှသာ လက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ မောင်တောခရိုင်အတွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ရာတွင် တစ်ချို့သော ဘင်္ဂါလီကျေးရွာများရှိ  ရပ်မိရပ်ဖများက ၎င်းတို့ရွာတွင် အကြမ်းဖက် အဖွဲ့အစည်းများ မရှိပဲ အကြမ်းဖက်မှုများကို လက်မခံပဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လာရောက်ပူးပေါင်းမှုများကို ပြုလုပ်ကြောင်း အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်မှု မရှိပဲ တိုင်းရင်းသားကျေးရွာအကြားတွင် ရှိနေသည့် ဘင်္ဂါလီ ကျေးရွာများသည်လည်း ၎င်းတို့အတွက် လုံခြုံစိတ်ချမှု မရှိသည့်အတွက် လက်ရှိတွင် နားလည်မှု တည်ဆောက်နေရကြောင်း ၎င်းက ဆိုသည်။          

J-09
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...