Ads (728x90)



သန်းစိုးနိုင်

အာဏာရှင်စနစ်မှသည်

၁၉၄၈ ခုနှစ်က ကိုရီးယားသမ္မတနိုင်ငံ လွတ်လပ်ရေးရစဉ်တွင် ကိုရီးယားစစ်တပ်သည် စည်းလုံးမှုအရှိဆုံး၊ အင်အားအကောင်းဆုံးဖြစ်သကဲ့သို့ ခိုင်မာတောင့်တင်းမှု အရှိဆုံး Institution လည်း ဖြစ်သည်။ သို့တိုင် ဂျပန်ကိုလိုနီဘ၀တွင် နှစ်ကာလအချို့ ကျရောက်ခဲ့ရသည့်အလျှောက် ဖက်ဆစ်ဂျပန်တပ်၏ အကျင့် အကြံလုပ်ဟန်များ စွန်းထင်း စူးဝင်နေခဲ့၏။ တစ်ချိန်တည်းတွင် ၁၉၄၅ ခုမှ ၁၉၄၈ ခုအထိ အမေရိကန်စစ် အုပ်ချုပ်ရေးအောက်တွင် ဖြတ်သန်းခဲ့ရသည့်အလျောက် အမေရိကန်စစ်တပ်၏ မဟာဗျူဟာနှင့် ဖွဲ့စည်း ပုံစနစ်များကိုလည်း ခံယူခဲ့ရ၏။ သို့ဖြင့် ကိုရီးယားစစ်တပ်သည် သန္ဓေဗီဇဘ၀ကပင် ဖက်ဆစ်အကျင့် အကြံ နှင့် ဒီမိုကရေစီလုပ်ဟန် နှစ်မျိုးစလုံးကို အမွေဆက်ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့်ပင် ၁၉၄၈ ခုနှစ်တွင် ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ပထမဆုံး သမ္မတဆစ်ဂ်မန်းရီး (Syngman Ree)သည် အရပ်သားသမ္မတ တစ်ဦးပင် ဖြစ်သော်လည်း ရဲတပ်ဖွဲ့၊ စစ်တပ်တို့ကိုအသုံးချ ကာ လူထုအပေါ် အကြမ်းဖက်ဖိနှိပ် အုပ်ချုပ်ခဲ့သည့် အာဏာရှင်တစ်ဦးပင် ဖြစ်နေခဲ့ရသည်။ သူသည် ကိုရီးယားစစ်တပ်အတွင်းရှိ အုပ်စု ပဋိပက်္ခများကို လှုံ့ဆော်အသုံးချကာ တပ်အတွင်းတွင် မည်သည့်အုပ်စု မျှ အင်အားကြီးထွားမလာစေရန် တားဆီးထားခဲ့၏။ စစ်တပ်ကို သူတစ်ဦးတည်း ချုပ်ကိုင်ကာ လူထုကို ဖိနှိပ်ခဲ့၏။ သို့ဖြင့် စစ်တပ်နှင့် ကျောင်းသားများ၏ ပဋိပက္ခတိုက်ပွဲများ၊ သည်းသန်ပြင်းထန်လာသည့်အခါ သူသည် အရပ်ဘက်မှရပ်တည်ကာ စစ်တပ်အပေါ် ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်လာပြန်သည်။ အရပ် သားကို ကာကွယ်ရေးဝန်ကြီး ခန့်ကာ စစ်တပ်အသုံးစရိတ်များကို အကြီးအကျယ် ဖြတ်တောက်ပစ်ခဲ့၏။ ဆန္ဒပြပွဲများကို သူ့အမိန့်အရ နှိမ်နင်းခဲ့သူ စစ်အရာရှိများကို တရားခံများအဖြစ် အရေးယူ ဖြုတ်ချခဲ့၏။

ထိုအခါ သဘာဝကျစွာပင် ၁၉၆၁ ခုနှစ်၌ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးက သမ္မတ ဆစ်မန်းရီး၊အရပ်သားအစိုးရ ကို အာဏာသိမ်းဖြုတ်ချကာ အနှစ်,နှစ်ဆယ်နီးပါးမျှ ရှည်ကြာခဲ့သည့် စစ်အာဏာရှင်အစိုးရကို ထူထောင် ခဲ့ပေသည်။

ပတ်ချုံဟီး (Park Chon Hee) စစ် အစိုးရသည် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး စစ်အုပ်ချုပ်ရေး ကို ကြေညာထူထောင်ခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း ဖျက်သိမ်းပြီး နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို လည်း တားဆီးပိတ်ပင်လိုက်သည်။ ပတ်ချုံဟီးဦးဆောင်သည့် တော်လှန်ရေးကောင်စီသည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်၍ တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးအာဏာ အလုံးစုံကို ချုပ်ကိုင် ကျင့်သုံးခဲ့ကြပေသည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် နိုင်ငံရေးအင်အားစုများ ၏ ဖိအားပေးမှုကြောင့် ၊ အရပ်သား အုပ်ချုပ်မှုပုံစံသို့ လွှဲပြောင်းရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြရ သည်။ အဆိုပါ အခြေခံဥပဒေအရ၊ စစ်တပ်သည် အရပ်သား ကာကွယ်ရေးဝန်ကြီး လက်အောက်တွင် ရှိနေရမည်ဖြစ်ပြီး၊ ယူနီဖောင်းဝတ်ထားသောသူများ၊ သမ္မတ လုပ်ခွင့်မရှိသကဲ့သို့ ရွေးကောက်ပွဲလည်း ၀င်ခွင့်မရခဲ့ကြပေ။ ထိုအခါ ပတ်ချုံဟီးနှင့် တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များသည် စစ်ဘက်ရာထူးများ စွန့်လွှတ်ကာ နည်းမျိုးစုံ ဖြင့် ရွေးကောက်ပွဲအနိုင်ရအောင်လုပ်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ကြသည်။ သို့ဖြင့် ၁၉၆၄ ခုမှ ၁၉၇၉ ခုနှစ်အတွင်း ပတ်ချုံဟီး အစိုးရအဖွဲ့တွင် ၀န်ကြီးပေါင်း(၃၁၄)ဦး ရှိရာတွင် (၁၁၈)ဦးမှာ ဗိုလ်ချုပ်ဟောင်းများ ဖြစ်ကြ၍ အရေးပါသည့်ဝန်ကြီးဌာနမှန်သမျှ ၎င်းတို့က ချုပ်ကိုင်ထားကြ၏။

ထို့အပြင် အမျိုးသားလွှတ်တော်အတွင်းရှိ အမတ်နေရာပေါင်း၏ ၂၃ ရာခိုင်နှုန်းမျှကို ယူနီ ဖောင်းချွတ် အရာရှိကြီးများက ၀င်ရောက် နေရာယူထားကြ၏။ သို့ဖြင့် ရာထူးမှ အနားယူထားသည့် ယူနီဖောင်းချွတ် ဗိုလ်ချုပ်များသည် ပတ်ချုံဟီးအစိုးရအဖွဲ့၏ ကျောရိုးဖြစ်ကြပြီး ယူနီဖောင်းချွတ်အမတ်များမှာ လွှတ်တော် ၏ အခြေခံအင်အားများ ဖြစ်နေခဲ့ကြ၏။ အတွင်းသဘောအားဖြင့် ပတ်ချုံဟီး အစိုးရအဖွဲ့မှာ ယူနီဖောင်း ချွတ်ထားသော စစ်အစိုးရပင် ဖြစ်ပေသည်။

၁၉၈၀ ခုနှစ်၊ မေလတွင် ဗိုလ်ချုပ်ကြီး ၊ချွန်ဒူးဟွမ် (Chon Doo Hwan)၊ဦးဆောင်သည့် စစ်ဘက်အာဏာ သိမ်းမှုတစ်ရပ်က ပတ်ချုံဟီးအစိုးရကို ဖြုတ်ချခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးဟောင်းများထံမှ အာဏာကို မျိုး ဆက်သစ် ဗိုလ်ချုပ်ကြီးများက လွှဲပြောင်း သိမ်းယူခဲ့ခြင်းမျှသာ ဖြစ်သည်။ အတွင်း သဘောအရ ထူးထူး ခြားခြား ပြောင်းလဲမှု မရှိလှပေ။ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အ ပြောင်းအလဲပင် များများစားစား မပြုလုပ်ခဲ့ ကြပေ။ ပတ်ချုံဟီးကဲ့သို့ပင် ချွန်ဒူးဟွမ်တို့ အဖွဲ့သည် တပ်မတော်ရာထူးများကို စွန့်လွှတ်ကာ ၊ ဒီိမိုကရေစီ တရားမျှတရေးပါတီ (Democrative Justic Party) ကို ထူထောင်ကာ စစ်တပ်ကို ချုပ်ကိုင်ထိန်းကျောင်း ခဲ့ကြ သည်။ သို့သော် ချွန်ဒူးဟွမ်သည် အစိုးရ အဖွဲ့အတွင်း ယူနီဖောင်းချွတ်များပါဝင်မှုကို ကန့်သတ် လျှော့ချလိုက်ပြီး စစ်ဘက်နှင့် အရပ်ဘက် (Elite) များပါဝင်သည့် ဟာနာဟိုး (Hanahoe)အုပ်စုဖြင့် တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့ခြင်း ဖြစ်သည်။ သို့တိုင် ချွန်ဒူးဟွမ်တွင် စတင်အာဏာသိမ်းစဉ်ကပင် မည်သို့ မျှ ချေဖျက်၍မရသော သမိုင်းအမည်းစက်ကြီးက သူ့ကို အမြဲတမ်းလိုက်ပါ အရိပ်ထိုးနေခဲ့သည်မှာ စစ်အာ ဏာသိမ်းပွဲကို ဆန့်ကျင်သည့် ၊ကွမ်ဂျူးတက္ကသိုလ် ကျောင်းသားများနှင့် ပြည်သူလူထု နှစ်ရာကျော် ကျ ဆုံးခဲ့ရသည့် လူသတ်ပွဲကြီးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်သည် ချွန်ဒူးဟွမ် နှင့် ကျောင်းသားပြည် သူများအကြား ကမ္ဘာ မကျေနိုင်သည့် အရေးအခင်းဖြစ်သည်။ ထို့ပြင် ချွန်ဒူးဟွမ်သည် ရွေးကောက်တင် မြှောက်ခံထားသည့် တရားဝင်အစိုးရ မဟုတ်ပေ။

ဤသည်ကို အကြောင်းပြု၍ အရပ်ဘက်အဖွဲ့အစည်းခများ၏ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လူထု အုံကြွမှု များ ပေါ်ပေါက်လာတော့သည်။ အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများ၏ အုံကြွ ဆန္ဒပြမှုများကို အင်အားသုံးဖြိုခွဲရန် ကြိုးပမ်းသည့်အခါ ပြင်းထန်သည့် နိုင်ငံရေး တိုက်ပွဲများ ဖြစ်ပွားလာခဲ့၏။ နောက်ဆုံး ချွန်ဒူးဟွမ်အနေဖြင့် အခြေခံဥပေဒ ပြုပြင် ပြောင်းလဲရေးကို လက်ခံခဲ့ရပြီး ၁၉၈၇ ခု တွင် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးခဲ့ရသည်။ ဤရွေးကောက်ပွဲတွင် အာဏာရ ဒီမိုကရေစီ တရားမျှတရေးပါတီက ချွန်ဒူး ဟွမ်ထက် ပိုမို ပျော့ပြောင်းစိတ်ရှည်သော စစ်တပ်ထောက်ခံမှုလည်း ရှိနေသော ရိုတေ၀ူး (Roh Tae Woo) ကို သမ္မတအဖြစ် တင်မြှောက်ပေးခဲ့ကြသည်။

နှိုင်းယှဉ်မှုအရ တရားမျှတ သန့်ရှင်းသော ရွေးကောက်ပွဲဖြင့် သမ္မတ ဖြစ်လာသည့်တိုင် ရိုတေ၀ူးကိုယ် တိုင်သည် အပြစ်ကင်းလှသူကား မဟုတ်ပေ။ ၁၉၈၀ ခုနှစ် ချွန်ဒူးဟွမ် အာဏာသိမ်းပွဲတွင် သူသည် နောက်ကွယ်မှ အခါပေးခဲ့သူ ဖြစ်၏။ ကိုရီးယားစစ်တက္ကသိုလ်သင်တန်း အပတ်စဉ် (၁၁)ဆင်းများကို အခြေပြုဖွဲ့စည်းထားသည့် ဟာနာဟိုး-အုပ်စု၏ သစ္စာရှိသော အမာခံ တစ်ဦး ဖြစ်၏။ အဆိုပါ ဟာနာဟိုး အုပ်စုဝင်များကို အရေးကြီး ရာထူးအဆင့်နေရာများ တိုးမြှင့်ပေးခြင်းအားဖြင့် စစ်တပ်၏ ထောက်ခံမှုကို ရယူထားသူဖြစ်သည်။ မည် သို့ပင်ဖြစ်စေ ၁၉၉၂ ခု ရွေးကောက်ပွဲ မတိုင်မီမှာပင် ရိုတေ၀ူးအနေဖြင့် အရေးပါသည့် ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ပေးခဲ့ သည်။ လာမည့်ရွေးကောက်ပွဲတွင် သူသည် သမ္မတ ပြန်လည်ဝင်ရောက် အရွေးခံတော့မည်မဟုတ် ထို့ပြင် တရားမျှတသန့်ရှင်းသော ရွေးကောက်ပွဲ တစ်ရပ် အား ကျင်းပပေးပြီး အများပြည်သူလူထု ရွေးကောက်တင်မြှောက်သည့် သမ္မတထံ အာဏာလွှဲပြောင်း ပေးမည် ဖြစ်သည်။

၁၉၉၂ ခု ရွေးကောက်ပွဲတွင် ကင်ယုမ်ဆမ် (Kim Young Sam) သည် တစ်ပြည်လုံးတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီး ကိုရီးယားနိုင်ငံ၏ နှစ်သုံးဆယ်သမိုင်းတွင် ပထမဆုံးသော အစစ်အမှန် အရပ်သား သမ္မတ ဖြစ်လာခဲ့ပေသည်။ သူ၏ သမ္မတ ရာထူးသက်တမ်း တစ်ခုအတွင်းမှာပင် ကိုရီးယား ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ကို ခိုင်မာအောင်မြင်အောင် တွန်းတင်ခဲ့သူ ဖြစ်သည်။ သူသည် နိုင်ငံရေးနှင့် စီးပွား ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကျယ်တပြန့် စီမံကိန်းချ၍ လုပ်ဆောင် အောင်မြင် ခဲ့သည်။ သို့သော် သူ၏ အဓိကဦးတည်ချက်မှာ စစ်အာဏာရှင်များ တစ်လက်ကိုင် အသုံးပြုခဲ့ကြသည့် စစ်တပ်ကို ၊ဒီမိုကရေစီ တပ်မတော်အဖြစ် အသွင်ကူးပြောင်းရေးပင် ဖြစ်သည်။ သူသည် စစ်ဗိုလ်ချုပ်ကြီး များနှင့် ရင်းရင်းနှီးနှီး တစ်စားပွဲတည်းထိုင်ကာ သူ၏ ပြုပြင် ပြောင်းလဲရေးအစီစဉ်များကို သဘောတူ လက်ခံလာသည်အထိ အချိန်ယူ ဆွေးနွေးညှိနှိုင်းခဲ့၏။

ထို့ပြင် တပ်တွင်းစည်းလုံး ညီညွတ်ရေးအတွက် အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ လှုပ်ရှားခဲ့သော ဟာနာဟိုး အုပ်စုထဲတွင် တိုင်းမှူးတပ်မှူးများဖြစ်နေသည့် ဟာနာဟိုးအုပ်စုဝင် ဗိုလ်ချုပ် ၅၀ ခန့်ကိုလည်း ရာထူးနေရာ အပြောင်း အလဲများ လုပ်ပေးနိုင်ခဲ့သည်။

ထို့ပြင် ၁၉၉၆ ခုတွင် ကွမ်ဂျူးလူသတ်ပွဲ တာဝန်ရှိသူ ချွန်ဒူးဟွမ်၊ စစ်အာဏာသိမ်းပွဲ ကိုဦးစီးခဲ့သူ ပတ်ချုံ ဟီးနှင့် ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်လာဘ်စားခဲ့သူ ဗိုလ်ချုပ်ကြီး ၁၃ ဦးတို့ကို ခုံရုံးတင်၍ စစ်ဆေး နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ကာကွယ်ရေး ၀န်ကြီးဌာနနှင့် စစ်ဦးစီးဌာနချုပ်တို့၏ လုပ်ပိုင်ခွင့်များကို လည်း တဖြည်းဖြည်း လျှော့ချခဲ့၏။ အကျိုးဆက်အားအဖြင့် စစ်ဘက်အုပ်စိုးမှု၏ အာဏာအခြေခံများ နှင့် Institution များ၏အင်အားကို လျှော့ချနိုင်ခဲ့ရုံမျှမ၊ စစ်တပ်အပေါ် အရပ်ဘက် အုပ်စိုးမှုဆိုင်ရာအဆောက် အအုံများကို ထူထောင်နိုင်ခဲ့သည်။

ယင်းသို့ သမ္မတကင်ယုံအမ်အနေဖြင့် စစ်ဘက်အပေါ် အရပ်ဘက်အုပ်စိုးမှု ထူထောင်ပြီး ဒီမိုကရေစီ တပ်မတော်အဖြစ် အသွင်ကူးပြောင်းနိုင်ခြင်းမှာ အကြောင်းပြချက်များကြောင့်ဟု ဆိုနိုင်ပါသည်။

၎င်းတို့တွင်-(၁) သမ္မတကင်ယုံအမ်အပေါ် လူထု၏ လေးစားချစ်ခင် ထောက်ခံမှု များပြားကျယ်ပြန့်ခြင်း။(၂) အရပ်ဘက် အဖွဲ့အစည်းများစွာတို့၏ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုတိုက်ပွဲဝင်မှု အရှိန် အဟုန် များပြား ကျယ်ပြန့်ခြင်း။(၃) တပ်မတော်၏ ပိုမိုစည်းလုံးမှုနှင့် Professional Army ထူထောင်လိုစိတ် မြင့်မားတက်ကြွခြင်း။(၄) မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုအောက်တွင် တပ်မတော်ကို နိုင်ငံရေးနယ်ပယ်မှ ဆွဲထုတ် ပြီး ခေတ်မီတိုးတက် အရည်အချင်းပြည့်ဝသော တပ်မတော် တည်ဆောက်လိုသောဆန္ဒများ ပြင်းပြ လာကြခြင်း။(၅) သမ္မတကင်ယုံအမ် လက်ထက်တွင် စီးပွားရေး အောင်မြင်ဖွံ့ဖြိုးတိုးတက်မှု ကြီးမားလာသည်နှင့်အမျှ ခေတ်မီ Professional Army ထူထောင်ရေးအတွက် များစွာပံ့ပိုးပေးနိုင်စွမ်းရှိခြင်း စသည်တို့ပင် ဖြစ်ပေ သည်။

ယင်းသို့ သမ္မတကင်ယုံအမ်အနေဖြင့် ကိုရီးယားစစ်တပ်ကို ဒီမိုကရေစီ တပ်မတော်အဖြစ် အသွင်ကူး ပြောင်းရေးလုပ်ငန်းကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သော်လည်း သမ္မတတစ်ဦးအနေဖြင့် တိုင်းပြည်ကို ရေရှည် ခေါင်းဆောင်နိုင်ခွင့် မရရှိခဲ့ပေ။ ၁၉၉၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် အာရှ စီးပွားပျက်ကပ်က ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို လှုပ်ခါပစ်ခဲ့သည်။ ထို့ပြင် ကင်ယုံအမ်၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ လာဘ်ယူလာဘ်စားမှုများကို မဖြေရှင်းနိုင်ခဲ့သဖြင့် လူထုထောက်ခံမှု ကျဆင်းခဲ့ရသည်။ထို့ကြောင့် ၁၉၉၈ ခုနှစ်ရွေးကောက်ပွဲတွင် ကင်ယုံအမ် ရှုံးနိမ့်ခဲ့ပြီး သမ္မတရာထူး သက်တမ်းတစ်ခုသာ ထမ်းဆောင်ခွင့် ရခဲ့ သည်။ မည်သို့ပင်ဖြစ်စေ သမ္မတကင်ယုံအမ်သည် ကိုရီးယားစစ်တပ်ကို ဒီမိုကရေစီ တပ်မတော်အဖြစ် ထူထောင်နိုင်ရေးအတွက် ပထမဆုံး လမ်းခင်းပေးခဲ့သူပင် ဖြစ်ပေသည်။

ထိုမှတစ်ဆင့် ၁၉၉၈ ခုနှစ် ရွေးကောက်ပွဲတွင် ကင်ဒေးဂျုံ (Kim Dae-Jung) အနိုင်ရကာ သမ္မတဖြစ်လာ ခဲ့ခြင်းကလည်း ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီစနစ် ခိုင်မာအား ကောင်းရေးအတွက် တွန်းအားဖြစ်စေခဲ့ သည်။ စင်စစ်အားဖြင့် ကင်ဒေးဂျုံသည် သာမန်နိုင်ငံရေး ပါတီငယ်လေးတစ်ခု၏ ခေါင်းဆောင်မျှသာ ဖြစ် ၏။ သို့သော် သူသည် ကိုရီးယားနိုင်ငံတွင် အလွန်ထင်ရှား ကျော်ကြားသော အတိုက်အခံ နိုင်ငံရေး သမားတစ်ဦးဖြစ်ရုံမျှမက အလွန်တက်ကြွ လှုပ်ရှားသည့် ဒီမိုကရေစီ လိုလားသူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူသမ္မတ ဖြစ်လာသည့်အတွက် စစ်တပ်မှ အာဏာသိမ်းမည်ကို ပြည်သူလူထုက စိုးရိမ်သော က ရောက်ခဲ့ကြသည့်တိုင် ကိုရီးယားဒီမိုကရေ စီတပ်မတော်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိ တော့ပေ။

ကင်ဒေးဂျုံသည် ယခင်သမ္မတ ကင်ယုံအမ်ကဲ့သို့ စစ်တပ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်ခြင်း မပြုခဲ့ပေ။ သူ၏ အဓိက ပြုပြင်ပြောင်းလဲရေးမှာ “တောက်ပနေခြည်” (Sunshine Policy)မူဝါဒါအရ မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးသဘောထား ပြုပြင်ပြောင်းလဲရေးပင်ဖြစ်သည်။ ဤမူဝါဒက ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် အင်အားသုံးရင်ဆိုင်ရေးဆိုသည့် ကိုရီးယား သမ္မတ အဆက်ဆက်နှင့် တပ်မတော်တို့ ကိုင်စွဲခဲ့သည့်မူဝါဒဟောင်းကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ“တောက်ပနေခြည်မူဝါဒ” အရ မြောက်ကိုရီးယားနိုင်ငံ၏ ရန်စကျူးကျော်မှုများကို အပြုသဘော ဆန်ဆန် သည်းခံတုံ့ပြန်သွားရေး ဖြစ်သည်။ ကင်ဒေးဂျုံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒကို တပ်မတော် အကြီးအကဲများက ဘ၀င်မကျလှသော်လည်း ၀င်ရောက်ကန့်ကွက်စွက်ဖက်မှု မပြုခဲ့ကြပေ။ အကြောင်းမူ ကင်ဒေးဂျုံသည် ပြည်တွင်းတွင် ခိုင်မာသည့် အမျိုးသားရေး ယုံကြည်မှု တည်ဆောက်ပြီးမှ သာ မြောက်ကိုရီးယားနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ကင်ဒေးဂျုံ သမ္မတအဖြစ် အရွေးချယ်ခံပြီး လေးရက်အကြာမှာပင် ယခင်အစိုးရ လက်ထက်က တရားစွဲ ဆိုခံရပြီး အပြစ်ဒဏ် ကျခံနေရသည့် ဗိုလ်ချုပ်ဟောင်းကြီးများကို အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် ထောင်အသီးသီးမှ လွှတ်ပေးလိုက်တော့သည်။ ယခင် စစ်တပ်အတွင်းမှ“အန်နာဟိုး” ဂိုဏ်းဝင်ဟောင်းများကိုလည်း သိက္ခာကျ၊ ရာထူးချခြင်းများ မပြုလုပ်တော့ပေ။ သို့သော် သူသည် အရပ် ဘက်မှ စစ်ဘက်အပေါ် စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် “အမျိုးသားလုံခြုံရေးကောင်စီ” တစ်ရပ်ကို သမ္မတ အားအကြံပေးရန် ဖွဲ့စည်းထူထောင်ထားခဲ့သည်။ အဆိုပါကောင်စီတွင် အရပ်ဘက်လုံခြုံရေး ကျွမ်းကျင် သူများနှင့်အတူ အဆင့်မြင့်စစ်အရာရှိ ဗိုလ်ချုပ်ကြီးများလည်း ပါဝင်ခဲ့ကြ၏။

ယင်းသို့သော သမ္မတကင်ဒေးဂျုံ၏ ကိုရီးယားတပ်မတော်နှင့် ပတ်သက်သည့် အမျိုးသားယုံကြည်မှု တည်ဆောက်ရေး သဘောထားနှင့် ပျော့ပြောင်းသော မူဝါဒများက ချောမွေ့သော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထူထောင်ပေးနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကိုရီးယား ဒီမိုကရေစီတပ်မတော် ထူထောင် ရေးနှင့် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးလမ်းကြောင်း အဆင်ပြေချောမွေ့အောင် ပထမဆုံးကော်ဇော နီ ခင်းပေးခဲ့သူမှာ သမ္မတဟောင်း ကင်ယုံအမ်းပင်ဖြစ်ကြောင်း ကိုးကား အသိအမှတ် ပြုကြရမည် ဖြစ်ပေ သည်။

အခြေခံမူသဘော

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ မူသဘောအရ ကိုရီးယားသမ္မတတွင် တပ်မတော်ကို အမိန့်ပေး အုပ် ချုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ရှိပေသည်။ သို့သော် လုပ်ငန်းသဘောအရမူ ကာကွယ်ရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ တစ်ဆင့်သာ အကောင်အထည် ဖော်ရမြဲ ဖြစ်ပါသည်။ တပ်မတော်မှ ယူနီ ဖောင်းဝတ်အရာရှိ မှန်သမျှသည် ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကို နာခံရမည့် စစ်မှုထမ်းများချည်း သာ ဖြစ်ကြရပါသည်။ သို့သော် ကာကွယ်ရေး ၀န်ကြီးမှန်သမျှသည် စစ်ပွဲ၏ သဘော သဘာဝနှင့် စစ် တပ်ကိုအုပ်ချုပ်ရေးတွင် နားလည်ကျွမ်းကျင်သူ စစ်ဗိုလ်ချုပ်ဟောင်းကြီးများသာ ဖြစ်ကြရပါမည်။ ထို့ပြင် ၁၉၈၀ ခုနှစ်များအတွင်းကစ၍ ကိုရီးယားဥပဒပြု လွှတ်တော်သည် စစ်ဘက်ရေးရာကိစ္စရပ်များနှင့် ပတ် သက်၍ မူဝါဒချမှတ်ခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲခြင်း စသည်တို့တွင် ပိုမို ပါဝင်လာခဲ့ကြပါသည်။

လွှတ်တော်ထဲတွင် ယူနီဖောင်းဝတ်များ ပါဝင်လေ့ မရှိကြသော်လည်း လွှတ်တော်ရေးရာ စစ်ဘက် ကော် မတီတွင်မူ ဗိုလ်ချုပ်ဟောင်းများ ပါဝင်လေ့ရှိမြဲ ဖြစ်သည်။ စစ်ဘက်ရေးရာတွင် ခြစားမှု တိုက်ဖျက်ရေးဆိုင် ရာ အကောင်းဆုံးနည်းလမ်းမှာ စီးပွားရေးလုပ်ငန်းများတွင် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များ ထုတ်လုပ်မှု မှအပ လုံးဝပါဝင် ပတ်သက်မှု မရှိရန်ပင် ဖြစ်သည်။ သို့သော် နိုင်ငံတော် အနေနှင့် စစ်ရေးဘတ်ဂျက်ကို တာဝန်ယူရုံ မျှမက စစ်သည်များ၏ နေထိုင်မှုဘ၀ အဆင့်အတန်းကို မြှင့်တင်ပေးရန်လည်း တာဝန်ရှိပေ သည်။

Ref: Building Democratic Army
 Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...