Ads (728x90)




ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်းများအား ဖျက်ဆီးရန်သွားရောက်သည့် တာဝန်ရှိပူးပေါင်းအဖွဲ့ အား ဒီဇင်ဘာ ၂၂ ရက် မနက် ၇ နာရီခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး

ကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA) အဖွဲ့မှ ဆုံလောကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းပူးပေါင်းအဖွဲ့ထံမှ သိရှိရပါသည်။

`` ဘိန်းဖျက်ဖို့ သွားကြတာပါ၊ နယ်မြေမအေးချမ်းတော့ ပူးပေါင်းအဖွဲ့ ဖွဲ့ပြီး သွားကြတာပါ၊ ဆုံလောကျေးရွာ အနီးမှာ မိုင်းတစ်လုံးကွဲတယ်၊ ပြီးတော့ သေနတ်တွေနဲ့ စပစ်တော့တာပဲ ´´ ဟု ပူးပေါင်းအဖွဲ့တွင် ပါဝင်သော မြို့နယ်အုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဘိန်းခင်းများ ဖျက်ဆီးရေးအတွက် ဆုံလောကျေးရွာတစ်ဝိုက်ရှိ တောင်ကြောများ ဆီသို့ သွားရောက်စဉ် မိုင်းတစ်လုံးဖောက်ခွဲပြီး အသင့်စောင့်ဆိုင်းနေသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောပြသည်။

``ဒီနယ်မြေထဲမှာတော့ RCSS/SSA အဖွဲ့တွေပဲ လှုပ်ရှားနေတာလေ၊ ဘိန်းဖျက်လာမှန်းသိရက်နဲ့ မကူညီမယ့် အပြင် နှောင့်ယှက်တဲ့သဘောပဲ၊ အဲဒီ ဘိန်းခင်းတွေဆီက RCSS/SSA က ဆက်ကြေးကောက်စားနေတာ ဆိုတော့ ပူးပေါင်းအဖွဲ့တွေ မလာနိုင်အောင် တားဆီးပေးတာပါ ´´ ဟု မနရ(မိုင်းကိုင်)မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မိုင်းကိုင်မြိ့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဘိန်းခင်းများကို သွားရောက်ဖျက်ဆီးရန် နယ်မြေဒေသလုံခြုံရေး အရ နယ်မြေခံတပ်မတော်စစ်ကြောင်းများကို အကူအညီတောင်းရကြောင်း၊ RCSS/SSA အဖွဲ့၏ မိုင်းခွဲ တိုက်ခိုက်မှုကို နယ်မြေခံစစ်ကြောင်းမှ ခုခံတိုက်ခိုက်ပေးခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘိန်းဖျက်မည့် ပူးပေါင်းအဖွဲ့များ ပြန်လှည့်လာခဲ့ရကြောင်း မြို့နယ်စိုက်ပျိုးရေးအရာရှိက ဆိုသည်။

``ပထမတော့ မိုင်းခွဲ တိုက်ခိုက်တာ ဘယ်အဖွဲ့လဲဆိုတာ သက်သေမပြနိုင်ဘူးပေါ့၊ တိုက်ပွဲဖြစ်တုန်းက နယ်မြေခံစစ်ကြောင်းက လိုက်လံရှင်းလင်းရင်း RCSS/SSA ၀တ်စုံဝတ်ထားတဲ့ အလောင်းတစ်လောင်း တွေ့တော့မှ သက်သေက ခိုင်လုံသွားတာ၊ ကျွန်တော်တို့ တာဝန်ရှိပူးပေါင်းအဖွဲ့ကို အခုလို တိုက်ခိုက်တာဟာ ဒီနယ်မြေတွေမှာ RCSS/SSA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဘိန်းဆက်ကြေးတွေ ကောက်စားနေတယ် ဆိုတာ အဖြေက ရှင်းနေတာပဲဗျာ ´´ ဟု မြို့နယ်မြေစာရင်းအရာရှိကလည်း ပြောပြသွားသည်။

နယ်မြေခံစစ်ကြောင်းမှ ရှာဖွေတွေ့ရှိခဲ့သော RCSS/SSA တပ်ဖွဲ့ဝင် အလောင်းနှင့်အတူ လမ်းလျှောက် စကားပြောစက်တစ်လုံး၊ မိုင်းထောင်မိုင်းခွဲရာတွင် အသုံးပြုသော နိုင်လွန်ကြိုး ပေ ၅၀ ခန့် ၁ ချောင်း၊ ၀ါယာကြိုး ပေ ၅၀ ခန့် ၁ ချောင်း၊ နေရှင်နယ်ဓါတ်ခဲ အသေး ၆ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် တာဝန်ရှိပူးပေါင်းအဖွဲ့ မှာ ဘိန်းဖျက်ဆီးရေး သွားရောက်ရန် လုံခြုံမှုမရှိသဖြင့် ဆက်လက်ဆောင်ရွက်ရေး အခက်အခဲဖြစ်နေကြောင်း ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်ခမ်း
Shan News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...