Ads (728x90)



KIA/KIO ဆိုတာ ကချင်တွေကို ကိုယ်စားပြုတာပါတဲ့ KIA ခေါင်းဆောင်တွေက ထိုသို့ဆိုခဲ့သည်။
KIA သည်သောင်းကျန်းသူမဟုတ်၊ ကချင်လူမျိုးများ၏ အကျိုးစီးပွားအတွက် ကချင်တွေအကုန်လုံးကို
ကိုယ်စားပြုသည် ဆိုသည့်စကားဖြင့် ပြည်သူတွေကြားထင်ယောင်ထင်မှားဖြစ်အောင် ၀ါဒဖြန့်ထုတ်လွှင့်ခဲ့သည်။ သို့သော် KIA နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် စည်းစိမ်၊ ဥစ္စာဆုံးရှုံးရယုံသာမက မိသားစုများကွဲကွာ၍ စစ်ပြေးဒုက္ခသည်ဘ၀ဖြင့် ဒုက္ခများခဲ့ကြသော ကချင်တိုင်းရင်းသားတို့သည် ကချင်ကိုကိုယ်စားပြုသည်ဆိုသော KIA ၏လုပ်ရပ်များသည် ကချင်ကို ဒုက္ခပေးသူများသာ ဖြစ်ကြောင်း ကချင်ပြည်သူတို့ သိလာကြသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားများသာ နေထိုင်သည်မဟုတ်။ ဗမာ၊ ရှမ်း၊ ရခိုင်၊ ရ၀မ်၊ လီဆူ စသည့် အခြား လူမျိုးစုများလည်း နေထိုင်ကြသည်။ KIA ပေးသောဒုက္ခသည် ကချင်တွေသာ မက အခြားတိုင်းရင်းသားများအတွက်ပါ သောကဝေစေရသည်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဒုက္ခများကြားထဲတွင်KIA ၏ လုပ်ရပ်တွေအပေါ် စိတ်ပျက်လာကြသည်။ ထိုဒုက္ခများကြားမှ အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် ဒုက္ခသည်များအတွက်
ရေနစ်သူအဖို့ ကောက်ရိုးမျှင်သဖွယ် မျှော်လင့်ချက်တစ်ခုဖြစ်လာသည်။ အစိုးရနှင့် KIA ငြိမ်းချမ်းရေး
ရယူနိုင်ရေး ပြည်သူတို့ မျှော်လင့်လာသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာသော
KIA ထိပ်တန်းခေါင်းဆောင်တွေအပေါ် ကချင်ရှိ တိုင်းရင်းသားအားလုံး အားရ၀မ်းသာကြိုဆိုခဲ့ကြသည်။
သို့သော် KIA သည် ပြည်သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့။ ယောက်မမြင်းစီးထွက်ပြခဲ့သည်။





ငြိမ်းချမ်းရေးအတွက် တပ်မတော်မှထိုးစစ်များရပ်တန့်ယုံမက၊ တပ်များဖြန့်ကျက်မှုကို ရပ်ဆိုင်းထားချိန်တွင်
ကချင်လူမျိုးများကို ကိုယ်စားပြုပါသည်ဆိုသော KIA က ကချင်မဟုတ်သည့် အခြားတိုင်းရင်းသားများကို
လူသစ်အဖြစ် ဖမ်းဆီးစုဆောင်းနေသည်။ ဆက်ကြေးများ ကောက်ခံနေသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်ရှိ ရှမ်းရွာများမှ ရွာလူကြီးများကို တစ်ရွာ ၁၅ ယောက် လူသစ်ပို့ပေးဖို့ ရာဇသံပေးသည်။ လူသစ်မပေးနိုင်သော ရှမ်းလူကြီးများကို ကိုယ့်အိပ်ယာကိုယ်လိပ်ပြီး လာခဲ့ဖို့ ခြိမ်းခြောက်သည်။ လယ်လုပ်နေသာ ရှမ်းများကို နေ့အချိန်ထင်ထင်ပေါ်ပေါ် ၀င်ရောက်ဖမ်းဆီးသည်။ ညအချိန်တွင်လည်း အိမ်တွေပေါ် တက်၍ဆွဲသည်။ ကြာလာတော့ မန်စီတ၀ိုက်က ရှမ်းများ အိမ်တွေမှာမနေရဲတော့ အရွယ်ရောက်သူလူငယ်များ နေအိမ်မှ ထွက်ပြေးကာ KIA ၏ ရန်ကို ရှောင်နေကြရသည်။

KIA ၏ လူသစ်စုဆောင်းမှု ဗျူဟာ သည် မန်စီမြို့နယ်လောက်နှင့် မတင်းတိမ်။
ဝိုင်းမော်နောင်စီပေါ၊ တနိုင်းပယင်းမော်ထိပါ လူသစ်လိုက်စုသည်။ ရှမ်းနီတွေသာ မက ရ၀မ်၊ လီဆူတိုင်းရင်းသားတွေပါဖမ်းဆီးကြသည်။ လီဆူ တွေလည်း မနေရဲ မိုးကုတ်သို့ ထွက်ပြေးကြရသည်။

ပြည်သူတွေမျှော်လင့်ထားသော ငြိမ်းချမ်းရေးသည် ဖြစ်မလာသေး အကောင်အထည်မပေါ်သေးဘဲ
KIA ၏ အတင်းဓမ္မလူသစ်ဖမ်းဆီးခေါ်ဆောင်မှုများကြားထဲမှာ ပြည်သူများ ထွက်ပြေးနေကြရကာ ကြောက်ရွံ့ထိတ်လန့်နေကြရသည်။
ကချင်တွေကို ကိုယ်စားပြုသည် ဆိုသော KIA သည် ၎င်းတို့ တပ်ကို လူမျိုးပေါင်းစုံဖြစ်အောင် လုပ်ဆောင်နေသည်။ ကချင်သာမက ရှမ်းနီ၊ ရ၀မ်၊ လီဆူ တိုင်းရင်းသားတွေကိုပါ KIA ထဲ ဖမ်းဆီးဆွဲသွင်း
နေကြသည်။ KIA ၏ မတရားဖမ်းဆီးခေါ်သည့် လုပ်ရပ်တွေအပေါ် စက်စုပ်ရွံရှာလာသော ရှမ်းတိုင်းရင်းသား ၄ သောင်းကျော်ကမြစ်ကြီးနားမြို့ရှိ KIA/KIO Technical Team ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ကြသည်။ KIA ၏ လူသစ်စု၊ ဆက်ကြေးကောက်မှုများအပေါ် မန်စီရှိ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တွင် သီးခြားတင်ပြမည်ဟုဆိုသည်။



KIA သည် ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြု၍ ကချင်လူမျိုးအကျိုးစီးပွား၊ စစ်မှန်သော ဒီမိုကရေစီ
အတွက် တိုက်ပွဲဝင်နေသည်ဟု အမြဲမပြတ် ၀ါဒဖြန့်ခဲ့သည်။ လက်တွေ့တွင် ကချင်လူမျိုးများကို ကိုယ်စားမပြု ယုံသာမက အတင်းဓမ္မဖမ်းဆီးမှု ဆက်ကြေးကောက်မှုများကြောင့် ကချင်တွေသာမက အခြားတိုင်းရင်းသား တွေပါ စိတ်ပျက်ရွံရှာနေကြသည်။ ငြိမ်းချမ်းလုပ်ငန်းစဉ်များတွင်လည်း KIA ၏ လက်နှေးနေမှုအပေါ် အားမရဖြစ်နေကြသည်။ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားအားလုံးလည်း ငြိမ်းချမ်းချင်ကြသည်။ အေးအေးချမ်းချမ်း နေထိုင်လိုကြသည့် ဆန္ဒများ ပြည်သူများအကြား အစဉ်သဖြင့်
ဖြစ်ပေါ်နေသည်။ KIA ပြောသော ငြိမ်းချမ်းရေးနှင့် ကချင်လူမျိုးများ အကျိုးစီးပွားသည် KIA ၏ ဆန့်ကျင့်ဘက် လုပ်ရပ်များကို မပြုပြင်သ၍ ဖြစ်လာနိုင်မည် မဟုတ်ပေ။ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေသည့် အပေါ် ကချင်တွေသာမက အခြားတိုင်းရင်းသားများကပါ သည်းခံနိုင်မှုများ ကုန်ဆုံး၍ ဆန္ဒထုတ်ဖော် ဆန့်ကျင်မှုများ ထွက်ပေါ်လာသည်။ ကချင်သာမက မည်သည့် တိုင်းရင်းသားမှ ထောက်ခံမှုမရသော KIA အတွက် မိမိ၏ ဥပဒေမဲ့ လုပ်ရပ်များကို အချိန်မှီသာ မပြင်ဆင်ဘဲ ငြိမ်းချမ်းရေးအတွက် ကမ်းပေးသောလက်ကို ပုတ်ချကာ ထင်ရာစိုင်းနေမည် ဆိုလျှင် ငြိမ်းချမ်းရေးပန်းခင်းလမ်းမှ ဝေးကွာ၍ ပြည်သူ၏ အမျက်သင့် ဒဏ်ခတ်ခြင်းကို ခံရမည်မှာမလွဲဧကန် လက်ခံရပေတော့မည် ဖြစ်သည်။

ကိုရင်သာဗြော(ပတ္တမြားမြေ)
 Ref ; http://www.oppositeyes.info
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...