Ads (728x90)


Monday, December 23, 2013

အငြင်းပွားနေသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ် သတ်မှတ်ရေးမှာ နှစ်နိုင်ငံ သဘောတူညီချက် မရသေးသဖြင့် ကြန့်ကြာနေကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောကြားသည်။
“အဓိက ကြာနေတာက နှစ်နိုင်ငံ သဘောတူညီချက် မရသေးလို့ ကြာနေတာပါ။ အိန္ဒိယဘက်က လက်ရှိ ကျောက်တိုင်ရှိတဲ့ နေရာမှာ သတ်မှတ်လိုတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက စာချုပ်ပါ မြေပုံညွှန်းအတိုင်း သတ်မှတ်လိုတယ်။ အဲဒါကြောင့်မို့ ကြာနေတာ” ဟု ၎င်းက ပြောကြားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံထိ ၉၀၃ မိုင် ရှည်လျားပြီး တမူးခရိုင်အတွင်း ၇၈ မိုင် ထိစပ်ကာ နယ်စပ် နယ်နိမိတ် ကျောက်တိုင် (BP ၅၉ မှ BP ၁၂၂ ထိ) ၅၃ တိုင်ရှိပြီး အငြင်းပွားဆဲ ကျောက်တိုင် (BP ၆၆၊ ၇၆၊ ၇၈၊ ၈၉-၉၄ ထိ) ကိုးတိုင်ကျန် ရှိကြောင်း၊ ယခုအခါ အဆိုပါ အငြင်းပွား နေရာများသို့ အိန္ဒိယနိုင်ငံဘက်မှ မြေကျူးကျော်မှုများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“မကျူးကျော်ဖို့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ စာလည်း ၁၁ ကြိမ် ပို့ထားပြီးပါပြီ။ ကန့်ကွက်တဲ့ကြားက ဆက်လက် လုပ်ဆောင်နေတာဟာ နှစ်နိုင်ငံ ချစ်ကြည်မှုကို အလေးမထားတာလို့ မြင်ပါတယ်” ဟု မြေကျူးကျော်မှုနှင့် စပ်လျဉ်း၍ ၎င်းက ပြောဆိုသည်။

အငြင်းပွားဆဲ ကျောက်တိုင် အမှတ်များ နေရာတွင် ၎င်းတို့၏ မြေကျူးကျော်မှုနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံ တာဝန်ရှိသူများက တမူးမြို့နယ် မြို့သစ် မြို့နယ်ခွဲဘက်ရှိ ၎င်းတို့ပိုင် မြေနေရာများတွင် အစားထိုး ပြန်ပေးမည်ဟု ဆိုသော်လည်း အဆိုပါ နေရာများမှာ တောတောင် ထူထပ်ပြီး စီးပွားရေး လုပ်ကိုင်ရန် အဆင်မပြေသော နေရာဖြစ်ကြောင်း တမူးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
“အခုဖြစ်နေတဲ့ နေရာမှာက နယ်စပ်ဂိတ်နဲ့ နီးပြီး ကုန်သွယ်မှု အားကောင်းတဲ့ နေရာဖြစ်တယ်။ နှစ်နိုင်ငံလုံးက သူ့ဘက် ကိုယ့်ဘက်လုနေတဲ့ နေရာပါ။ နှစ်ဖက်စလုံးက လိုချင်နေကြတော့ နယ်စပ်မျဉ်း တိတိကျကျ အမြန်ရေးဆွဲနိုင်ရင် ကောင်းမယ်” ဟု နယ်စပ်ကုန်သည် တစ်ဦးက သူ့အမြင်ကို ပြောကြားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ကျောက်တိုင် အမှတ် ဘီပီ-၇၇ နှင့် ဘီပီ -၇၈ ကြား၊ နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာမှု အတည်မပြု ရသေးသည့် နေရာတွင် အိန္ဒိယနိုင်ငံမှ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် မြေထိုးစက်၊ မြေသယ် ယာဉ်များဖြင့် ၂၀၁၃ ခုနှစ် မေလ နှောင်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ ကန့်ကွက်လျှင် ရပ်ဆိုင်းသော်လည်း ပြန်လည် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဘီပီ-၇၆ အနီးတွင်လည်း အိန္ဒိယနိုင်ငံ၊ ဟောင်လင်းဖိုင် (ခ) မန်ကန်ရွာသစ် တည်ထောင်ရာတွင် နေအိမ်များ ဆောက်လုပ်မှုမှာ အငြင်းပွား မြေနေရာများတွင် ရောက်ရှိနေသည့်အတွက် ကန့်ကွက်ခဲ့ရကြောင်း၊ ဘီပီ-၈၂ နှင့် ဘီပီ-၈၃ ကြားတွင်လည်း အိန္ဒိယနိုင်ငံ၊ နောင်ကမ်ရွာသည်မှ နေအိမ်သုံးလုံးနှင့် ကျေးရွာ ဆိုင်းဘုတ်တို့မှာ မြန်မာနိုင်ငံတွင်းသို့ ကျရောက်နေသဖြင့် တစ်ဖက်နိုင်ငံ တာဝန်ရှိသူများထံ ကန့်ကွက်စာများ ပို့ထားပြီး တိုးချဲ့လုပ်ဆောင်မှု မရှိသော်လည်း ဖယ်ရှားသေးခြင်း မရှိသေးကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...