ရေမြွှာရေနည်းခြင်း (Oligohydramnios)
တယ်လီဗီးရှင်းဓာတ်မှန် (USG) စက်ဖြင့် တိုင်းတာရာတွင် Amniotic Fluid Index (AFI) 5cm အောက် (ပုံမှန်ဆိုလျှင် 5 -25 cm)၊ Maximum Vertical Pocket (MVP) 2cm အောက်နည်းနေပါက ရေမြွှာရေပမာဏ ရှိသင့်တာထက် နည်းနေတယ်လို့ဆိုနိုင်ပါတယ်။ ရေမြွှာရေနည်းခြင်းကို အောက်ပါ ကိုယ်ဝန်ဆောင်များတွင် တွေ့ရနိုင်ပါတယ်။
- နာတာရှည်သွေးတိုးရောဂါရှိသော ကိုယ်ဝန်ဆောင်များ
- အချင်းအနေအထားမမှန်သော ကိုယ်ဝန်ဆောင်များ
- ကိုယ်ဝန်ဆိပ်တက်ခြင်း (ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း)
- ဆီးချိုရောဂါရှိသော ကိုယ်ဝန်ဆောင်များ
- အမွှာ ကိုယ်ဝန်ဆောင်သူများ
- မွေးရက်ကျော်လွန်နေသော ကိုယ်ဝန်ဆောင်များ
ရေမြွှာရေနည်းခြင်းဟာကိုယ်ဝန်ရဲ့ ပထမပိုင်းကနေ နောက်ဆုံးပိုင်းအထိ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး ရေမြွှာရေနည်းခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ မွေးရာပါချို့ယွင်းချက် များပါလာခြင်း၊ ကလေးကြီးထွားမှုနှုန်းနှေးကွေးခြင်း၊ မွေးဖွားရာတွင် အခက်အခဲကြုံရခြင်းစတာတွေနဲ့ ဆက်စပ်မှုရှိတာကြောင့် သေချာစွာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။
ရေမြွှာရေနည်းနေချိန်တွင် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုပုံမှန် ရှိ/မရှိသိနိုင်အောင် -
Non Stress test - ကလေးငယ်လှုပ်ရှားနေချိန်နှင့် နားနေချိန်တွင် ကလေးရဲ့နှလုံးခုန်နှုန်းကိုစစ်ဆေးခြင်း
Biophysical profile - ကလေးငယ်ရဲ့လှုပ်ရှားမှု၊ ခန္ဓာကိုယ်ကြွက်သားများကျန်းမာမှု၊ အသက်ရှုပုံနှင့် ရေမြွှာရေပမာဏကို အာထရာဆောင်းဖြင့် စစ်ဆေးခြင်း
Fetal Kick Count - ကလေးလှုပ်နှုန်းကိုတိုင်းတာခြင်း
Doppler Studies - အသံလှိုင်းကိုအသုံးပြုပြီး ကလေးကိုယ်တွင်းရှိသွေးစီးဆင်မှုကိုတိုင်းတာခြင်း စတဲ့စစ်ဆေးမှု တွေကိုပြုလုပ်နိုင်ပါတယ်။
ရေမြွှာရေများခြင်း(Polyhydramios)
တယ်လီဗီးရှင်းဓာတ်မှန် (USG) စက်နဲ့ တိုင်းတာရာမှာ Aminotic Fluid Index 24 cm နှင့်အထက် Maximum Vertical Pocket 8cm ထက် ကျော်ပါက ရေမြွှာရေများတယ်လို့ဆိုနိုင်ပါတယ်။ သန္ဓေသားလေး မှာ အောက်ပါအခြေအနေများရှိနေပါက ရေမြွှာရေများနိုင်ပါတယ်။
1. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း
ဥပမာ-အစာရေမြိုပြွန်ကျဉ်းမြောင်းခြင်း၊ ၀မ်းဗိုက်ကြွက်သားကျွံနေခြင်း၊
2. အာရုံကြောစနစ်ချို့ယွင်းမှုရှိခြင်း
ဥပမာခေါင်းခွံနောက်ပိုင်းအရိုးများ၊ ဦးနှောက်မြှေးအကာများနှင့် ဦးနှောက်အခြမ်းလုံးဝ (သို့) တ၀က်တပျက်မရှိခြင်း (Anencephaly)
3. အရိုးကြီးထွားဖွံ့ဖြိုးမှုတွင် နှောင့်နှေးမှုရှိခြင်း
4. ကလေးငယ်ရဲ့ ကိုယ်ခန္ဓာတစ်သျှူး လှိုဏ်ခေါင်းများတွင် အရည်များအလွန်အပင်စုနေခြင်း (hydropsfetalis)
5. နှလုံးခုန်နှုန်းဆိုင်ရာ ပြဿနာများရှိနေခြင်း
6. ရောဂါပိုးကူးစက်ခံရခြင်း
7. အမွှာကလေးနှစ်ယောက်တွင် ကလေးတစ်ယောက်ကထက် အခြားကလေးတစ်ယောက် သွေးကိုပိုမိုရရှိခြင်း
8. မိခင်နှင့်ကလေး Rh သွေးအုပ်စုမတူညီခြင်း
9. မိခင်တွင် ဆီးချိုသွေးချိုရောဂါရှိပြီးကောင်းစွာမကုသခြင်း
10. သန္ဓေသား၏အဆုတ်တွင် မူမမှန်မှုတစ်ခုခုရှိနေခြင်း
ရေမြွှာရေများလာခြင်းကြောင့် မိခင်ဟာ ၀မ်းဗိုက်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်းတို့ကို ခံစားရနိုင်ပြီး ရေမြွှာရေများခြင်းနှင့် ပေါင်မပြည့်လမစေ့ဘဲမွေးခြင်း၊ မွေးဖွားချိန်မတိုင်မီ ရေမြွှာရေစောပေါက်ခြင်း၊ အသေမွေးခြင်း၊ ကလေးမွေးပြီးနောက် သွေးသွန်ခြင်း၊ ကလေးအနေအထားမမှန်ခြင်း၊ အချင်းကွာကျခြင်းတို့နှင့် ဆက်စပ်နေပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းရှိသကြားဓာတ်ကို စစ်ဆေးခြင်းနှင့် ရေမြွှာရေပမာဏကို သိရအောင် တယ်လီဗီးရှင်းဓာတ်မှန် (USG) ရိုက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
ရေမြွှာရေအလွန်အမင်များတယ်ဆိုရင်တော့ ဗိုက်နံရံမှတဆင့် ရေမြွှာရေဖောက်ခြင်း (Amniocentesis) နှင့် ကလေးငယ်ရဲ့ ဆီးသွားနှုန်းကို ထိန်းချုပ်ပေးနိုင်မယ့် Indomethacin ဆေးဝါးကို အသုံပြုခြင်းတို့ကိုလိုအပ်ပါက ဆရာဝန်ကပြုလုပ်ပေးပါလိမ့်မယ်။

Dr. Htet Htet Aung
www.drmyanmar.com
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။