Ads (728x90)



ရန်ကုန်အသင်းပိုင် မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သော ပရိသတ်များ၏ အပြုအမူကြောင့် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ပရိသတ်များကို အရက်သောက်သုံးထားခြင်း ရှိမရှိ စစ်ဆေးမည့် Alchol Test ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

“အစီရင်ခံစာတစ်ခု ရေးနေပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြပြီး လုံခြုံရေး ကော်မတီနဲ့လည်း ညှိနှိုင်းမယ်” ဟု ၎င်းက ပြောဆိုသည်။

အရက်အမူးလွန်သော ပရိသတ်များကို ကွင်းအတွင်း မဝင်ခင်ကတည်းက စစ်ဆေးသင့်ပြီး ကွင်းအတွင်း၌ ဆူပူမှုများ ဖြစ်လာပါက အိမ်ကွင်း ပိတ်ပင်သည်အထိ အရေးယူ ခံရနိုင်သောကြောင့် အိမ်ရှင်အသင်းများ အနေနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး စစ်ဆေးမှုများ၊ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃၀ ခန့် တာဝန်ယူခဲ့ကြောင်း၊ ပြိုင်ပွဲအတွင်း ပြဿနာ ဖြစ်ပွားချိန်တွင် ပြဿနာ ပိုမိုကြီးထွားမည်ကို စိုးရိမ်ခြင်းကြောင့် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းခြင်းမျိုး မရှိဘဲ ဓာတ်ပုံ မှတ်တမ်းများသာ ရိုက်ကူးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးတာဝန်ခံ ဦးအေးချိုက ရှင်းပြသည်။

တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ဖြစ်ပေါ်ခဲ့သော ယင်းပွဲပြီးဆုံးချိန်တွင် ပရိသတ်များက ဒိုင်လူကြီးကို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခြင်း၊ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်ခြမ်းရှိ ပရိသတ်များနှင့် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းတို့ စကားများခဲ့ကာ ယင်းအသင်း ပရိသတ်များက အဆောင်ကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသည်။


From : .. the voice

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...