Ads (728x90)



၁၉၈၂ နိုင်ငံသားဥပဒေအပေါ် ထောက်ခံဆန္ဒပြနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
  
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို နိုင်ငံသားပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီယား၏ ပြောကြားမှုသည် လက်တွေ့မကျ၍ မဖြစ်နိုင်ဟု အစိုးရနှင့် ပြည်သူများက တုံ့ပြန်ခဲ့ပြီး ၎င်း၏ပြောကြားမှုသည် ရခိုင်ပြည်နယ်အတွင်း ပြန်လည်တည်ငြိမ်စ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပြဿနာများ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ရာ ရောက်နေသည်ဟု သုံးသပ်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို နိုင်ငံသားပေးရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ၎င်းတို့သည် အမြဲတမ်း ခြိမ်းခြောက်ခံနေရလိမ့်မည် ဖြစ်ကြောင်းနှင့် ယင်းသည် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်လာနိုင်ပါကြောင်း မေ ၁ ရက်က အမေရိကန်နိုင်ငံ နိုင်ငံတကာ ငြိမ်းချမ်းရေးဌာနတွင် မစ္စတာနမ်ဘီးယားက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဗီဂျေနမ်ဘီယားက “အစိုးရကနေ ရိုဟင်ဂျာတွေကို Temporary Identity Certificate ထုတ်ပေးမယ်။ မွေးလာတဲ့ ကလေးတွေကို မွေးစာရင်းသွင်းပေးမယ်။ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးမယ်လို့ ကတိတွေအများကြီး ပေးခဲ့ပေမယ့် ရိုဟင်ဂျာအရေးကို ခုထိဖြေရှင်းတာ မရှိသေးပါဘူး” ဟုဆိုသည်။
“လက်ရှိ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအ၀ိုင်းတွေရဲ့ အဓိက အလိုအပ်ဆုံး အရာကတော့ သူတို့ရဲ့ Status ကို စိစစ်အတည်ပြုပြီး တရားဝင်ဖြစ်အောင် ပြုလုပ်ပြီး မှတ်ပုံတင်ထုတ်ပေး။ ပြီးရင် နိုင်ငံအနှံ့ အကန့်အသတ်မရှိ သွားလာနိုင်အောင် နိုင်ငံသားဖြစ်ခွင့်ပေးပြီး ပြည်ပထွက်ခွာဖို့ နိုင်ငံကူးလက်မှတ်ပါ ပြုလုပ်နိုင်အောင် လုပ်ဆောင်ပေးရပါမယ်။ ဒါဟာ ရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းလို့ ထင်ပါတယ်။ ပြီးရင် ဒီရရှိထားတဲ့ အနေအထားကနေ တဖြည်းဖြည်း နိုင်ငံရေး မဲဆန္ဒနယ်တစ်ခု တည်ထောင်နိုင်တဲ့အထိ လုပ်ဆောင်ရပါမယ်။ ဒါဟာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်မှာ ဖြစ်ပေါ်တတ်တဲ့ ကိစ္စတစ်ခုပါပဲ” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီယားက ဆိုသည်။
မစ္စတာ ဗီဂျေနမ်ဘီယားက မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို နိုင်ငံသားပေးရန် လိုအပ်ကြောင်း ပြောကြားမှုအပေါ် အစိုးရ၊ ရခိုင်တိုင်းရင်းသားများ၊ နိုင်ငံရေးသမားအချို့နှင့် ပြည်သူများက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် စပ်လျဉ်း၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူများအနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ရမည်ဖြစ်ပြီး ဥပဒေနှင့် မညီသူများ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် မရနိုင်ကြောင်း၊ ဗီဂျေနမ်ဘီယား၏ တောင်းဆိုမှုမှာ မဖြစ်နိုင်ကြောင်း တညီတညွတ်တည်း ပြောကြားခဲ့ကြပြီး ၎င်း၏ပြောကြားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်ရာရောက်သည်ဟု သုံးသပ်ခဲ့ကြသည်။
မစ္စတာ ဗီဂျေနမ်ဘီယား၏ ယင်းကဲ့သို့ ပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် စပ်လျဉ်းပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူများ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည်ဖြစ်ပြီး ဥပဒေနှင့် မညီသူများ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် မရနိုင်ကြောင်း၊ တိုင်းရင်းသားဆိုသည်မှာ၊ မျိုးနွယ်စုဆိုသည်မှာ ဖိအားပေးပြီး တောင်းဆို၍ရသည့်အရာ မဟုတ်ကြောင်း၊ အစိုးရကလည်း ယခုကဲ့သို့ တောင်းဆိုသည့်အတွက် ပေးပါသည်ဆိုပြီး လုပ်၍မရကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့် အရာရှိက “အချက်သုံးချက်ပေါ့။ နံပါတ် (၁) ဘင်္ဂါလီ-ပေါ့နော်။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ဆီမှာ မရှိဘူး။ တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုဆိုတာ မရှိဘူး။ အသုံးအနှုန်း မရှိဘူး။ အဲဒီတော့ ဘင်္ဂါလီဆိုပြီးတော့ပဲ အစိုးရရော ပြည်သူကရော တစ်နိုင်ငံလုံးက ဒီလိုသတ်မှတ်ထားတယ်။ အဲဒီတော့ ဘင်္ဂါလီနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် သူတို့ရဲ့ Rights to Citizen ကို ကျွန်တော်တို့က မျက်စိမှိတ်ပြီး ငြင်းနေတာ မဟုတ်ဘူး။ နံပါတ် (၂) အချက်က ပေးမယ်။ သို့သော် ၈၂ ခုနှစ်ဥပဒေနဲ့ ညီတဲ့ဟာကို ပေးမယ်။ ၈၂ ခုနှစ်ဥပဒေနဲ့ မညီတာကိုတော့ ပေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားကိစ္စသည် နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ တရားဝင် ထုတ်ပြန်ထားပြီးသား။ အဲဒီ အချုပ်အခြာအာဏာ တစ်စိတ်တစ်ပိုင်းကို ပေးတဲ့အခါမှာ တည်ဆဲဥပဒေဖြစ်တဲ့ ၈၂ ခုနှစ် ဥပဒေနဲ့ ပေးမယ်။ ဥပဒေနဲ့ မညီတဲ့လူကိုတော့ မပေးနိုင်ဘူး။ နံပါတ် (၃) အချက်အနေနဲ့ ဒီဟာက ဘယ်လောက်အငြင်းပွားနေလဲဆိုတော့ အခုနောက်ဆုံး Census မှာ တွေ့တဲ့အတိုင်းပေါ့နော်။ သန်းခေါင်စာရင်းမှာကိုက မရှိတဲ့ဟာကို ဒီလိုမျိုး လုပ်နေတယ်။ ဆိုလိုတာက တိုင်းရင်းသားဆိုတာ၊ မျိုးနွယ်စုဆိုတာ ဒီလိုမျိုး pressure ပေးပြီးတော့ တောင်းဆိုလို့ရတဲ့ဟာ မဟုတ်ဘူး။ အစိုးရကလည်း ဒီလိုတောင်းဆိုတဲ့အတွက် ပေးပါတယ်ဆိုပြီး လုပ်လို့မရဘူး။ လုပ်လည်းမပေးနိုင်ဘူးပေါ့။ အဲဒီတော့ ဥပဒေနဲ့အညီပဲ နိုင်ငံသားဖြစ်ခွင့် ရမယ်။ ဥပဒေနဲ့ညီသော နိုင်ငံသားအားလုံး နိုင်ငံသားဖြစ်ခွင့် ပေးမယ်” ဟု ပြောကြားသည်။
“UN မှာရော ဘန်ကီမွန်းတို့ အပါအ၀င် အမေရိကန်၊ ဥရောပသမဂ္ဂ အကုန်လုံးနဲ့ တွေ့ဆုံတဲ့အခါတိုင်း၊ ဆွေးနွေးတဲ့အခါတိုင်း ဒီကိစ္စက ဒီအတိုင်းပဲ။ ကျွန်တော်တို့ ရပ်တည်ချက်က အဲဒါပဲ။ အစိုးရရဲ့ ရပ်တည်ချက်ပါ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေ အကုန်လုံးကို ပေးရမယ်။ ပေးမှ ပြေလည်မယ်ဆိုတဲ့ ဟာကတော့ လက်တွေ့မကျဘူး။ ကျွန်တော်တို့ ပြည်တွင်းနိုင်ငံရေး၊ ပြည်တွင်းလူမှု တည်ငြိမ်ရေး၊ နောက်ပြည်တွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ နောက် အကုန်လုံးနဲ့ ပြဿနာ ပြေလည်ရေးပေါ့။ ပြဿနာ ပြေလည်ရေးက အရေးအကြီးဆုံးပါ။ ပြဿနာပြေလည်ရေးကို ရှေးရှုတဲ့ တိုက်တွန်းချက်တွေ ဖြစ်သင့်တယ်” ဟု အဆိုပါအဆင့်မြင့် အရာရှိက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိသည့် တိုင်းရင်းသား လူမျိုးများ၏ ပကတိ သမိုင်းအခြေအနေများကို သုံးသပ်မည်ဆိုပါက နှစ်ပေါင်းထောင်ချီရှည်ကြာ တည်တံ့ခဲ့သည့် လူမျိုးများ၊ သမိုင်းများရှိသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီး သမိုင်းများကိုသာမက မြန်မာနိုင်ငံသမိုင်း ရခိုင်သမိုင်းနှင့် အရှေ့တောင်အာရှသမိုင်း စသည့်သမိုင်းဆိုင်ရာ အထောက်အထားများအရ ရိုဟင်ဂျာလူမျိုး မရှိဆိုသည်မှာ ထင်ရှားသည်ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ဦးအေးသာအောင်က “လုပ်ကြံဖန်တီး ပြောဆိုနေတဲ့ ဒီလူမျိုး မရှိဘူးဆိုတာ ကျွန်တော်တို့နိုင်ငံတော် အစိုးရက တရားဝင်ထုတ်ဖော် ကြေညာပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာလည်း ဒီလူမျိုးဆိုတာ မပါဘူး။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိပါဘူး။ အဲဒီတော့ မရှိတဲ့လူမျိုးတစ်မျိုးကို နိုင်ငံသားဖြစ်ဖို့ တောင်းဆိုနေတာ ပြောနေတာကတော့ ဒါကယုတ္တိလည်း မတန်ဘူး၊ သဘာဝလည်း မကျဘူး။ တောင်းလည်းမတောင်းသင့်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး” ဟု ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်ကလည်း “မစ္စတာ နမ်ဘီးယားက ဒီဟာကို ရိုဟင်ဂျာလို့ သုံးနှုန်းတယ် ဆိုရင်တော့ ကျွန်တော်တို့တွေ အနေနဲ့ လက်မခံပါဘူး။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ ဒီအသုံးအနှုန်းတွေဟာ လက်ရှိတည်ငြိမ်စပြုနေတဲ့ လူ့အဖွဲ့အစည်း နှစ်ဖွဲ့ကို ပြန်ပြီးတော့ အန္တရာယ်ပေးနိုင်ပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ တိုင်းရင်းသား မျိုးနွယ်စုထဲမှာလည်း ရိုဟင်ဂျာဆိုတဲ့ဟာ မရှိပါဘူး။ ဒီအသုံးအနှုန်းက ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် အန္တရာယ်ဖြစ်စေနိုင်တဲ့ စကားလုံး အသုံးအနှုန်းလို့ ကျွန်တော်တို့ ဒီလိုပဲ ယူဆပါတယ်။ ကျွန်တော်တို့က လက်ရှိ ၁၉၈၂ နိုင်ငံသားဖြစ်မှု အက်ဥပဒေကို ကျွန်တော်တို့က ထောက်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံသားဖြစ်ခွင့် ရှိမရှိကို ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု လုံခြုံမှု၊ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး၊ ယဉ်ကျေးမှု အားလုံးရဲ့ လုံခြုံမှုအတွက်ကို မြန်မာနိုင်ငံသား ဖြစ်ချင်သူ တစ်ယောက်သည် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ကိုက်ညီရပါလိမ့်မယ်” ဟု ပြောကြားသည်။
မစ္စတာနမ်ဘီးယား၏ ပြောကြားမှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည်ဟု ခံယူကြောင်း၊ ၎င်းကဲ့သို့သော ပုဂ္ဂိုလ်မျိုး အနေဖြင့် ယခုကဲ့သို့ အသုံးအနှုန်းများ ပြောကြားမှုများ မကြာခဏ ပြုလုပ်နေခြင်းသည် ရခိုင်ပြည်နယ်အတွင်း ပြဿနာများ ပိုမိုကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်ရာ ရောက်သွားမည်ကို စိုးရိမ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက သုံးသပ်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက “နိုင်ငံခြားမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုခုကသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရကသော် လည်းကောင်း၊ နိုင်ငံခြားမှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကသော် လည်းကောင်း မြန်မာနိုင်ငံရဲ့ အထူးသဖြင့် အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံသားဖြစ်မှုဆိုတာ အချုပ်အခြာအာဏာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စပါ။ အဲဒီ နိုင်ငံသားဖြစ်မှု ကိစ္စတွေအပေါ်မှာ အကြံပေးခြင်းဖြစ်ဖြစ် ဒါမှမဟုတ် ပြောဆိုခြင်းဖြစ်ဖြစ် ဒီလိုမျိုးလုပ်ဆောင်ခြင်းက ကျွန်တော်တို့ ပြည်တွင်းရေးကို တိုက်ရိုက်စွက်ဖက်တဲ့သဘော သက်ရောက်တယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ကျွန်တော်တို့ အဲဒီလို ခံယူတယ်။ မစ္စတာနမ်ဘီးယား အနေနဲ့ ကျွန်တော်တို့ နိုင်ငံသားဖြစ်မှု မဖြစ်မှုအပေါ်မှာ အခုလိုမျိုး မှတ်ချက်ပေးခြင်းသည် ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို တိုက်ရိုက်စွက်ဖက်နေတယ်လို့ ခံယူပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးအပေါ်မှာ တိုင်းရင်းသားအဖြစ်နဲ့ လုံးဝအသိအမှတ် မပြုနိုင်ဘူး” ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း “နိုင်ငံတော်သမ္မတကြီးက ရိုဟင်ဂျာမရှိဘူး ပြောမှတော့ သူဘာလုပ်လို့ရမှာလဲ။ သူစကားက သင်္ကြန်အမြောက်ပဲ။ သူတို့အနေနဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ဘာမှဝင်စွက်ဖက်ခွင့် မရှိဘူး” ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမဟုတ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂါလီ အပါအ၀င် အခြားသူများ အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားရထားသည့်သူများ ရှိသကဲ့သို့ ဥပဒေနှင့်မညီဘဲ နိုင်ငံသားရထားသည့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်နေသူများ ရှိနေကြောင်း၊ ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံအတွင်း ရောက်နေသည့် ဘင်္ဂါလီ လူမျိုးများထဲတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရမည့် ပုဂ္ဂိုလ်များ ရှိနေနိုင်ကြောင်း၊ ယင်းဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားခွင့် တောင်းဆိုသည်ဆိုပါက နည်းလမ်းကျမည် ဖြစ်သကဲ့သို့ နည်းမျိုးစုံဖြင့် ခိုးဝင်လာသည့် တရားမ၀င် ၀င်ရောက်လာသည့် လူများကိုလည်း အရေးယူ ဆောင်ရွက်သွားရမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
နိုင်ငံတော်အစိုးရဘက်မှ ဘင်္ဂါလီများနှင့် ပတ်သက်၍ ရပ်တည်ချက်များကို တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသားဥပဒေပါ အချက်အလက်နှင့် ကိုက်ညီသည်ဆိုပါက နိုင်ငံသားဖြစ်မည်ဖြစ်ပြီး မကိုက်ညီပါက နိုင်ငံသားဖြစ်ခွင့် ရရှိမည်မဟုတ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်က ပြောကြားသည်။
“ဗီဂျေနမ်ဘီးယားပြောသလို ဖြစ်ခွင့်ပေးသင့် မပေးသင့် ဆိုတာထက် ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ပြီး ဒီကဥပဒေတွေနဲ့ ကိုက်ညီရင် သူ့အလိုလို နိုင်ငံသားဖြစ်ခွင့် ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂါလီ နိုင်ငံသား ဖြစ်ရေးမဖြစ်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ ဘယ်နိုင်ငံတကာ ဖိအားကိုမှ နားထောင်ပြီး ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအကျုံးဝင်တဲ့ ၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေအရပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်က ပြောကြားသည်။
“နိုင်ငံသားဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့သူဆိုရင် နိုင်ငံသားဖြစ်ခွင့် လုံးဝရှိတယ်ဆိုတာ အပြည့်အ၀ ခံယူပြီးသားပါ။ နိုင်ငံသားဖြစ်နိုင်တဲ့ အရည်အချင်း ပြည့်ဝပါလျက်နဲ့ နိုင်ငံသားမဖြစ်ခဲ့ဘူးဆိုရင် ဒီအပေါ်မှာ ဥပဒေကြောင်းအရ လုံးဝအကာအကွယ်ပေးဖို့ လိုသလို နိုင်ငံသားဖြစ်နိုင်တဲ့ အရည်အချင်း လုံးဝမပြည့်မီတဲ့ သူတွေကိုလည်း နိုင်ငံသားပေးလို့ လုံးဝမရဘူးဆိုတာ ကျွန်တော်တို့ အခိုင်အမာ ရပ်တည်ရမှာ ဖြစ်ပါတယ်” ဟု ဦးမင်းဇေယျက ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကလည်း “ကျွန်တော်တို့ရဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ရှိတယ်။ အဲဒီဥပဒေနဲ့အညီ တိုင်းရင်းသား ဟုတ်မဟုတ် နိုင်ငံသား ဟုတ်မဟုတ် စိစစ်ရမှာကိုး။ ဒါတွေက ကျယ်ပြန့်တယ်ဗျ။ ဒါက သေချာအောင် သူ့ဘက်က အထောက်အထား ကိုယ့်ဘက်က အထောက်အထား ပြပြီးတော့ စိစစ်ရမှာ။ တစ်ဖက်သတ်ကြီးဆို တစ်ဖက်ကလည်း လက်ခံမှာ မဟုတ်တဲ့အတွက် နှစ်ဖက်စုံညီတွေ့ဆုံပြီးတော့ သူ့ဘက်က အထောက်အထား ကိုယ့်ဘက်က အထောက်အထားကို တင်ပြပြီး စဉ်းစားဆုံးဖြတ်ရမှာပေါ့။ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးကတော့ လက်ရှိတည်ဆဲ ဥပဒေနဲ့ပဲ သွားရမှာလေ။ ဥပဒေကောင်းတာ မကောင်းတာ တစ်ပိုင်း၊ ဥပဒေမကောင်းရင်တော့ ပြင်ပေါ့” ဟု ပြောကြားသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများဟူ၍ သတ်မှတ်ထားသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်မှု နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး နယ်ကျော်မှုများ ဖြစ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်သူအစိုးရ၏ အားနည်းချက်များကြောင့်ဖြစ်ပြီး တရားဥပဒေ မစိုးမိုးခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော ပြဿနာများကို ရခိုင်တိုင်းရင်းသားများ ခါးစည်းခံနေရသည် ဆိုသည်ကို ယခုပွင့်လင်းမြင်သာသည့်ခေတ် ရောက်မှသာ ပြည်သူများ သိရှိလာခဲ့ရခြင်းဖြစ်ကြောင်း ဦးမင်းဇေယျက ပြောကြားသည်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ ဘင်္ဂါလီအရေးကိစ္စ အခြေအနေမှန်ကို သိရှိနားလည်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နှင့် အားလုံးက ပူးပေါင်းဆောင်ရွက်အောင် အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ဆန့်ကျင်နေသည့်၊ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အဖွဲ့များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ၀ိုင်းဝန်းတိုက်တွန်းရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိက ပြောကြားသည်။
“ပွင့်လင်းမြင်သာမှုမရှိတဲ့ ခေတ်ကာလတုန်းက တစ်နည်းအားဖြင့် အုပ်ချုပ်သူအစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အတိတ်အမွေဆိုးတွေကို အခုလိုမျိုး ပွင့်လင်းတဲ့အချိန် ရောက်လာတဲ့အချိန်မှာ ဒီမိုကရေစီနည်းကျကျ ပွင့်လင်းမြင်သာမှုရှိရှိ တရားဥပဒေစိုးမိုးမှု မှန်မှန်ကန်ကန်နဲ့ ရှင်းလင်းသွားမယ်ဆိုရင် ဒီပြဿ နာဟာ အပြီးသတ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ခုက ဒီပြဿနာသည် ကျွန်တော်တို့ရဲ့ ပြည်တွင်းရေး ပြဿနာစစ်စစ် ဖြစ်ပါတယ်။ ဘယ်နိုင်ငံကမှ လုံးဝစွက်ဖက်ပိုင်ခွင့် မရှိပါဘူး” ဟု ဦးမင်းဇေယျက ဆိုသည်။


Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...