Ads (728x90)

Photo: MFF Ooredoo Cup တတိယ အဆင့်သို့ ဟံသာဝတီနှင့် မြ၀တီ တက်လှမ်း
--------------------------------------------------------------------------

MFF Ooredoo Cup ၂၀၁၄ ဒုတိယ အကျော့ပွဲစဉ် တစ်ပွဲဖြစ်သည့် ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် မောရ၀တီ အသင်းတို့ ၂၀၁၄ ခုနှစ်၊ မေလ (၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီတွင် ရန်ကုန်မြို့၊ ပဒုမ္မာကွင်း၌ အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဟံသာဝတီ ယူနိုက်တက် အသင်းက မောရ၀တီ အသင်းကို (၂-၀) ဖြင့် အနိုင်ရယူပြီး
MFF Ooredoo Cup တတိယ အကျော့သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါပွဲတွင် ရှုံးထွက်ဖလား ပွဲစဉ်တစ်ပွဲ ဖြစ်သည့်အတွက် နှစ်သင်းစလုံး အကောင်းဆုံး ပွဲထွက်လူစာရင်း ဖြင့် ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ပထမပိုင်း စသည်နှင့် ဟံသာဝတီ ယူနိုက်တက် အသင်းက မောရ၀တီ အသင်းဘက်ကို ပိုမိုထိုးဖောက် ကစားပြီး  ပွဲချိန် (၈) မိနစ်တွင် နံပါတ် (၃၁) ဘမ်ဘာက ဟံသာဝတီ အတွက် အဖွင့်ဂိုးကို ပြိုင်ဘက် ဂိုးသမားနှင့်အတွေ့ အပိုင်ကန်သွင်း ယူသွားခဲ့သည်။ ယခုပွဲစဉ်တွင် ဟံသာဝတီ အသင်းအတွက် နံပါတ် (၃၁) ဘမ်ဘာနှင့် (၃၂) ချီကာတို့က အကောင်းဆုံး တွဲဖက်ပြီး တိုက်စစ် လမ်းကြောင်းကို ပုံဖော်ခဲ့သည်။ မောရ၀တီ အသင်း တစ်ချက်တစ်ချက် ပြန်လည်ထိုးဖောက် ခဲ့သော်လည်း ဟံသာဝတီ နောက်တန်း အမှားအယွင်း မရှိကာကွယ် နေခဲ့သဖြင့် မောရ၀တီတို့ ချေပဂိုးနှင့် အလှမ်းဝေးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုတွေ ပြုလုပ်ပြီး အပြန်အလှန် အကောင်းဆုံး တုံ့ပြန်ကစားခဲ့ကြသည်။ ယင်းကြောင့် ပွဲမှာ ပထမပိုင်းကထက် ပိုမိုမြိုင်ဆိုင်လာခဲ့သည်။
 
ဒုတိယပိုင်းတွင်လည်း ဟံသာဝတီကပင် ပိုမိုထိုးဖောက် ကစားနိုင်ခဲ့သဖြင့် မောရ၀တီ နောက်တန်း အသည်းအသန် ခု ခံကာကွယ် နေခဲ့ရသည်။ ယင်းသို့ ကာကွယ်နေရင်း (၇၆) မိနစ်တွင် မောရ၀တီ နံပါတ်(၆) အောင်ဌေးဦး ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့် ဟံသာဝတီ ယူနိုက်တက် အသင်း (၂-၀) ဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ လက်ကျန် မိနစ်များတွင် မောရ၀တီအသင်း ပြိုင်ဘက်အသင်း ဂိုးဧရိယာအတွင်း ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ သော်လည်း တစ်ဖက်အသင်းနောက်တန်း ကာကွယ်ဖျက်ထုတ် မှုများနှင့် ကိုယ်တိုင်ဂိုးပေါက် လွဲချော်မှုများကြောင့် ချေပဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ (၂-၀) ဖြင့် ပွဲပြီးဆုံးခဲ့သည်။

တစ်ချိန်တည်း ယှဉ်ပြိုင် ကစားခဲ့သည့် စလင်းကွင်း ပွဲစဉ်တွင် မြန်မာ နေရှင်နယ်လိဂ်-၂ ကလပ် မြ၀တီ အသင်းက မြန်မာ နေရှင်နယ်လိဂ်-၁ ကလပ် GFA အသင်းကို အချိန်ပိုအထိ ယှဉ်ပြိုင် ကစားပြီး (၂-၁)ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်လှမ်းသွား နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် မြ၀တီက သူရိန်စိုးနိုင် ၁၁ မိနစ်တွင် သွင်းယူသော ဂိုးဖြင့်ဦးဆောင် နေခဲ့ပြီး GFA အသင်းအတွက် ပွဲချိန် ၈၇ မိနစ်တွင် မောင်လွယ်က ပြန်လည် ချေပသဖြင့် (၁-၁)ဂိုးဖြင့် သာမန် ပွဲကစားချိန် ကုန်ဆုံးခဲ့သည်။

GFA အသင်းသည် သာမန် မိနစ်(၉၀) ကစားချိန် အတွင်း ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် မြ၀တီကို အကြိမ်ကြိမ် ထိုးဖောက် ကစားနိုင်ခဲ့ သော်လည်း အဆုံးသတ် အားနည်းသဖြင့် ချေပဂိုး တစ်ဂိုးကို ပွဲချိန် နောက်ကျမှသာ ရရှိခဲ့သည်။ အချိန်ပို ၁၅ မိနစ်စီ ဆက်လက် ကစားရာတွင် GFA က ကွင်းလယ်တွင် ခြေစွမ်းပြနေသည့် အိုဘင်နာကို တိုက်စစ်တွင် ပြောင်းလဲကစား စေခဲ့ရာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး မရတော့ဘဲ မြ၀တီ အသင်း တိုက်စစ်ဆင် ဂိုးသွင်းမှု များကို ခွင့်ပြုခဲ့ရသည်။ မြ၀တီအသင်း နောက် တစ်ဆင့် တက်စေမည့် အဖိုးတန် အနိုင်ဂိုးကို အချိန်ပို ပထမပိုင်း ၉၃ မိနစ်တွင် သက်စိုးနိုင်က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။

 Ref ; #MFF

 ပုံ- မြ၀တီနှင့် GFA ပွဲမြင်ကွင်း (Photo:MFF) 

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...