အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ
အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ရင် စီးပွားရေးလုပ်တတ်ရုံနဲ့ အဆင်မပြေပါဘူး။ လူအများရှေ့မှာ အကောင်းဆုံးစကားပြောတတ်ဖို့လည်း လိုပါတယ်။ ဒီလို ပြောဆိုနိုင်ဖို့က မခက်ပါဘူး။ အခြားသော အရည်အချင်းတွေလိုပဲ အချိန်ပေးပြီး စီစဉ်လေ့ကျင့်ရင် ထူးချွန်လာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့အရည်အသွေး (၃၀)ကို ဖော်ပြလိုက်ပါတယ်။
၁။ ပရိသတ်ကို သိပါစေ။ သင့်ပြောတာကို နားထောင်မယ့် ပရိသတ်အကြောင်းကို မသိထားဘူးဆိုရင် အချိန်ပေးပြီး လေ့လာပါ။ သင့်ပရိသတ်နဲ့ သင့်ပြောမယ့်အကြောင်းအရာကို သေချာနားလည်အောင် လုပ်ပါ။
၂။ အကြောင်းအရာကို ဂရုတစိုက်ရွေးပါ။ သင်ပြောမယ့်ခေါင်းစဉ်ကို သင့်စိတ်တိုင်းကျရွေးနိုင်တဲ့ အခြေအနေဆိုရင် ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီပြီး ပရိသတ်လည်း စိတ်ဝင်စားရမှာဖြစ်သလို သင့်ရဲ့ ဗဟုသုတနဲ့ ကိုက်ညီမယ့်အကြောင်းအရာကို ရွေးပါ။
၃။ များများလေ့ကျင့်ပါ။ လေ့ကျင့်မှုက ပြီးပြည့်စုံမှုကို ရရှိစေပါတယ်။ အချိန်ရတိုင်းလေ့ကျင့်ပါ။ အောင်မြင်တဲ့ စကားပြောသူတွေဟာ အကြိမ်များစွာ ကြိုတင်လေ့ကျင့်ထားကြသူတွေ ဖြစ်ပါတယ်။
၄။ အာရုံစူးစိုက်ပါ။ သင်ပြောချင်တဲ့အဓိကအကြောင်းအရာနဲ့ ကိုက်ညီနေပါတယ်။ မလိုအပ်တာတွေ ပြောပြီး လမ်းလွဲမသွားပါစေနဲ့။
၅။ ခရီးတစ်ခုလို့ မှတ်ယူပါ။ ပြောမယ့်အကြောင်းအရာကို ရွေးချယ်ပါ။ ပရိသတ်အတွက် ပြင်ဆင်ပါ။ ပြီးရင် သူတို့ကို နားလည်စေချင်၊ သိစေချင်တာတွေကို နားလည်သွား သိသွားအောင် ဦးဆောင်သွားပါ။
၆။ ပရိသတ်အာရုံစိုက်မှုကို ရယူပါ။ စပြောကတည်းက အာရုံစိုက်ခံရမယ့် နိဒါန်းမျိုး ပျိုးလိုက်ပါ။ ဟာသတွေက အကောင်းဆုံးပါပဲ။ မျက်လုံးအကြည့်ချင်းဆုံးပါ။ ပရိသတ်တွေကို ပွဲစကတည်းက စောင့်ကြည့်နေသလိုမျိုး ခံစားသွားရပါစေ။
၇။ ခွန်အားစိုက်ထုတ်ပါ။ သင့်ရဲ့ပရိသတ်က သင့်ပြောတဲ့နောက်ကိုလိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံအပြည့်နဲ့ အားအပြည့်သုံးပြီး ပြောဆိုပါ။ သင်ပြောနေတဲ့အကြောင်းအရာပေါ်မှာ သင်ကိုယ်တိုင်က တက်ကြွမှု၊ စိတ်လှုပ်ရှားမှု မရှိရင် ပရိသတ်အတွက်လည်း ပျင်းစရာဖြစ်နေမှာပါ။
၈။ လေးစားစရာဖြစ်ပါစေ။ သင့်ရဲ့ပရိသတ်ကို လေးစားသမှုနဲ့ ဆက်ဆံပါ။ သူတို့ကို နှိမ့်ချပြောဆိုတာ၊ ရန်စပြောဆိုတာမျိုး မလုပ်ပါနဲ့။ သင်ပြောသမျှ လုပ်သမျှက လေးစားစရာဖြစ်ပါစေ။
၉။ ပုံပြင်တစ်ပုဒ်ပြောပါ။ စကားပြောကောင်းသူတွေဟာ ပုံပြောကောင်းသူတွေဖြစ်ပါတယ်။ သင့်ရဲ့ပရိသတ်က စာသင်သလိုပြောနေတာမျိုးကို မနှစ်သက်ပါဘူး။ လူတွေစိတ်ဝင်စားလှုပ်ရှားသွားစေမယ့် ပုံပြင်တစ်ခုခု ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုပြောပါ။
၁၀။ သရုပ်မဆောင်ပါနဲ့။ စကားပြောတာက သရုပ်ဆောင်တာမဟုတ်ပါဘူး။ သင်က အများရှေ့မှာ သရုပ်ပြနေတာမဟုတ်ပါဘူး။ အရှိအတိုင်းနေထိုင်ပြီး ပြောဆိုရမှာဖြစ်ပါတယ်။ တမင်ဖန်တီးထားတဲ့ နေထိုင်ပြောဆိုမှုတွေက သင်နဲ့ သင့်ပရိသတ်ကို ဝေးကွာသွားစေပါလိမ့်မယ်။
၁၁။ ရယ်စရာကောင်းပါစေ။ ဟာသဉာဏ်ရှိပြီး လိုအပ်တဲ့အချိန်မှာ ရယ်စရာအကြောင်းအရာလေးတွေ ပြောတတ်တာက သင့်ကိုစကားပြောကောင်းသူတစ်ယောက် ဖြစ်စေပါတယ်။
၁၂။ ချိန်ညှိပါ။ သင့်ရဲ့အသံနေအသံထားကို ထိန်းပါ။ အတိုးအကျယ်၊ ဌာန်ကရိုဏ်း စတာတွေကို ပြင်ဆင်ပါ။
၁၃။ ကိုယ်နေဟန်ထားကိုလည်း အာရုံစိုက်ပါ။ သင့်ပြောချင်တဲ့အချက်ကို သင့်ရဲ့ကိုယ်နေဟန်၊ လက်ဟန်အနေအထားတွေနဲ့ အားဖြည့်ပေးလို့ရပါတယ်။ ဒါ့အပြင် ပရိသတ်နဲ့ဆက်သွယ်မိစေဖို့လည်း သုံးနိုင်ပါတယ်။
၁၄။ အသက်ရှုဖို့ မမေ့ပါနဲ့။ အရေးကြီးတဲ့အပိုင်းတွေ မရောက်ခင်နဲ့ ပြောပြီးတိုင်းမှာ ခေတ္တရပ်နားပါ။ ခဏလောက် တိတ်ဆိတ်သွားမှာကို မစိုးရိမ်ပါနဲ့။ ဒီလို ခဏရပ်နားပေးတာက သင်ပြောတဲ့အကြောင်းအရာပေါ်မှာ ပရိတ်သတ်က အပြည့်အဝစဉ်းစားသုံးသပ်ချိန် ရစေပါတယ်။
၁၅။ မျက်လုံးချင်းဆုံပါ။ ငေးမကြည့်ပါနဲ့။ ဒါပေမယ့် အခန်းပတ်လည်းကို ကြည်ပြီး ပရိသတ်ထဲက လူတွေကို လေ့လာပါ။ သင့်တော်တဲ့နေရာက လူတွေနဲ့ ခဏတာမျှ မျက်လုံးချင်းဆုံအောင် ကြည့်ပါ။
၁၆။ ရုပ်ပုံတွေကို အသိဉာဏ်ရှိရှိသုံးပါ။ သင့်ပြောချင်တဲ့အကြောင်းအရာကို ပိုနားလည်သွားစေဖို့ ပုံတွေကို သုံးနိုင်ပါတယ်။ ဒါပေမယ့် အရမ်းမများပါစေနဲ့။ Slide တစ်ခုလုံး ပရိသတ်ကို ဖတ်ပြတာမျိုး မလုပ်ပါနဲ့။
၁၇။ ယုံကြည်မှုရှိကြောင်း ပေါ်လွင်ပါစေ။ စိတ်လှုပ်ရှားတုန်လှုပ်နေတာမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့။
၁၈။ ကိုယ်ကျင့်သိက္ခာကို သိမြင်ပါစေ။ သင့်ရဲ့ ရိုးသားဖြောင့်မတ်မှု၊ ထင်ရှားမှု၊ စိတ်အားထက်သန်မှုတို့ကို သတိထားမိအောင် လုပ်ဆောင်ပါ။
၁၉။ ကိုယ်ပိုင်ဟန်ဖြစ်ပါစေ။ အခြားတစ်ယောက်ရဲ့ ပုံစံကို ကူးချတာ၊ လိုတာထက်ပိုပြီး ဟန်လုပ်တာတွေ မလုပ်ပါနဲ့။ စကားပြောစင်မြင့်ထက်မှာ မဟုတ်တဲ့ အရှိအတိုင်းပုံစံနဲ့ပဲ ပြောဆိုပါ။
၂၀။ မကြွားပါနဲ့။ သင့်ရဲ့ ကျွမ်းကျင်မှုကို အသားပေးပြောတာ၊ ဒါမှမဟုတ် ကိုယ်တွေ့ဖြစ်ရပ်တွေကို ဝေမျှတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကြွားတဲ့အဆင့်မရောက်စေပဲ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပါစေ။
၂၁။ ရင်ထဲကစကားကိုပြောပါ။ သင့်ရဲ့ပရိသတ်တွေကို သူငယ်ချင်းမိတ်ဆွေတွေကို ပြောသလိုပြောပါ။ ရိုးသား၊ ပွင့်လင်းပြီး အပြုသဘောဆောင်ပါစေ။
၂၂။ အားနည်းချက်ကို ထုတ်ပြပါ။ သင်လည်းပဲ လူထဲကလူတစ်ယောက်ဖြစ်ပါတယ်။ ဒါကို ပရိသတ်က သိမြင်တဲ့အခါမှာ သူတို့နဲ့ ပိုပြီးလေးလေးနက်နက် ဆက်သွယ်မိမှာပါ။
၂၃။ နှိမ့်ချမပြောပါနဲ့။ သင့်ရဲ့ပြောပုံဆိုပုံကို ထိန်းသိမ်းပါ။ ပရိသတ်ကို ပြောဆိုပါ။ ရန်မရှာပါနဲ့။
၂၄။ စွမ်းအားပြည့်နေပါစေ။ တိုတောင်းရိုးရှင်းတဲ့ စကားတွေကို သုံးပါ။ မလောပါနဲ့။ ဒါပေမယ့် ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်းပြောဆိုပါ။
၂၅။ နောက်ထပ်နားထောင်ချင်လာပါစေ။ လူတွေ ငြီးငွေ့ပြီး ဂနာမငြိမ်မဖြစ်လာခင်၊ နာရီတကြည့်ကြည့် မဖြစ်ခင်မှာ အဆုံးသတ်ပါ။
၂၆။ အဆုံးသတ်ကောင်းပါစေ။ သင့်ရဲ့ပြောဆိုမှုကို အထင်ကြီးလောက်စရာထင်မြင်ချက်တစ်ခုနဲ့ အဆုံးသတ်ပါ။ အစကောင်းဖို့နဲ့ အဆုံကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။
၂၇။ ဆက်သွယ်ရလွယ်ပါစေ။ သင့်ရဲ့ပြောဆိုမှုကို နားထောင်ပြီးနောက်မှာ ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာကို ပြန်လည်ဝေမျှခွင့်ပေးပါ။ ဒါဆိုရင် သင်နဲ့ သင့်ရဲ့စိတ်ကူးတွေို့ သူတို့ပိုပြီ မှတ်မိနေမှာဖြစ်ပါတယ်။
၂၈။ အမှတ်ရစရာဖြစ်ပါစေ။ သင့်ပြောသမျှကို နားထောင်သူပရိသတ်ရဲ့ စိတ်ထဲနှလုံးသားထဲမှာ စွဲမြဲသွားစေဖို့ လုပ်ဆောင်ပါ။
၂၉။ ဝေဖန်အကြံပြုချက်ရယူပါ။ တတ်နိုင်သမျှ လူများများဆီက သင့်ရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ ရယူပါ။ အစမ်းလေ့ကျင့်ချိန်မှာရော တကယ်ပြောချိန်မှာရော ဖြစ်ပါတယ်။ ဒါမှ အားနည်ချက်တွေကို ပြင်ဆင်ပြီး ပိုကောင်းအောင် လုပ်နိုင်မှာဖြစ်ပါတယ်။
၃၀။ နားထောင်ပြီးသင်ယူပါ။ အခြားဟောပြောသူတွေကို အာရုံစိုက်နားထောင်ပါ။
Ref ; Gentleman Magazine
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။