Ads (728x90)



မြန်မာနိုင်ငံတွင် အင်အားကြီးငလျင်လှုပ်ခဲ့ခြင်းမှာ နှစ် ၈၀ ခန့်ကြာနေပြီဖြစ်ပြီး အချိန်မရွေး တစ်ကျော့ပြန် ပြန်လှုပ်နိုင်သောကြောင့် သတိထားရန်လိုသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံမှာက ငလျင်ဖြစ်နိုင်ခြေ အမြဲရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောကလည်း ၁၉၅၆ ခုနှစ်တုန်းကပဲ လှုပ်ခဲ့ပြီး နောက်ပိုင်းထိ မလှုပ်တာကြာပြီဆိုတော့ ဒီလိုငလျင်ကြီးတွေ အချိန်မရွေးလာနိုင်ခြေရှိတယ်”ဟု ၎င်းက ပြောသည်။ ၁၉၅၆ ငလျင်သည် ပြင်းအား ၆ ဒသမ ၈ မှ ၇ ဒသမ ၃ အထိ လှုပ်ခဲ့သည်။

ထိုသို့ အင်အားကြီးငလျင်လှုပ်မည်ဆိုပါက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်၊ ၀မ်းတွင်း၊ မြစ်ကြီးနား၊ ပူတာအိုတို့တွင် အန္တရာယ်ရှိနိုင်သည်ဟု ၎င်းက ပြောသည်။

“အဆောက်အအုံတွေနဲ့ ပတ်သက်လို့တော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ကြားမှာ ဆောက်ထားတဲ့ အဆောက်အအုံတွေက သတိထားဖို့လိုတယ်။ အဆောက်အအုံ ဒီဇိုင်းပေါ်မှာ မူတည်ပြီးလည်း ငလျင်ဒဏ်ခံနိုင်ခြေရှိမရှိ သိသာပါတယ်။ အဆောက်အအုံပိုင်းကတော့ အမြဲတမ်းကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် အောက်ခြေ၌ ပိုင်ချမထားလျှင် ငလျင်လာပါက ပြိုလဲသွားနိုင်ကြောင်း၊ အဆောက်အအုံနှစ်ခုကို ကပ်လျက် မဆောက်သင့်ကြောင်း၊ အဆောက်အအုံဒီဇိုင်းကို ကျွမ်းကျင်ပညာရှင်များနှင့်သာ ဆောက်လုပ်မှ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်နိုင်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဘူမိသိပ်္ပံအသင်း အတွင်းရေးမှူး ဦးညွန့်ဌေးက “ငလျင်ပြင်းအား ငါး၊ ခြောက်လောက်ဆိုရင်တော့ သိပ်အန္တရာယ်မရှိသေးဘူး။ ခုနစ်ကျော်ရင်တော့ စိုးရိမ်စရာဖြစ်နေပြီ။ တာလေ ငလျင်တုန်းက အောက်ခြေမခိုင်တဲ့ အဆောက်အအုံတွေ၊ နံရံကပ်တွေ ပြိုကျတာရှိခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့လည်း လှုပ်လာပြီဆိုတော့ အများကြီးသတိထားဖို့ လိုလာပါပြီ”ဟု ဆိုသည်။၊

Mizzima

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...