Ads (728x90)




တောင်ကိုရီးယား စစ်တပ်သည် လုပ်ဖော် ကိုင်ဖက် စစ်မှုထမ်း (၅)ဦးကို ပစ်သတ်သွား သည့် တပ်ကြပ်ကြီး တစ်ဦးကို အင်အား အလုံးအရင်း အသုံးပြုပြီး လိုက်လံဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနှင့် နယ်နိမိတ် အနီးတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး တစ်ဦးသည် အခြားစစ်မှုထမ်း (၇)ဦးကိုလည်း ဒဏ်ရာများ ရရှိအောင် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။ ၎င်းသည် သစ်တောထူထပ်သည့် ဒေသတွင် ခိုအောင်းနေခဲ့ပြီး ယခုအခါ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားရာမှ စစ်ဘက်က လက်ရဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်နေ့တွင် ထောင်နှင့်ချီသော စစ်သားများသည် အထူးတပ်ဖွဲ့များ၊ စစ်သုံးရဟတ်ယာဉ်များ၏ အကူအညီဖြင့် သတ်မှတ်ဧရိယာကို တဖြည်းဖြည်းချင်း နယ်ကျဉ်းလာအောင် ဝန်းရံချဉ်းကပ်ပြီး အဆိုပါ တရားခံပြေးကို ပိတ်ဆို့နိုင်ခဲ့သည်။

“သူက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူ့ကို ဝင်ဖမ်းခဲ့တာပါ”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ လင်မ်ဟုသာ အမည်ဖော်ပြထားသည့် အသက်(၂၂)နှစ်အရွယ် တပ်ကြပ်ကြီးကို ယခုအခါ ဆေးရုံသို့ တင်ပို့ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လင်မ်သည် K-2 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်နှင့် အပိုကျည်ကပ်များကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းသည် ဇွန် ၂၁ ရက်နေ့ ညပိုင်းက မြောက်ကိုရီးယားနှင့် နယ်ခြားဒေသရှိ ကင်းစခန်းတွင် အခြားစစ်သားများကို ပစ်ခတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဇွန် ၂၂ ရက်နေ့ ညပိုင်းက လင်မ်သည် ၎င်းကို လိုက်လံဖမ်းဆီးသူများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ထို့နောက်ပိုင်းတွင်မူ ရွာငယ်လေးတစ်ခု၏ အပြင်ဘက်ရှိ တောအုပ်အတွင်း ခိုအောင်းနေခြင်း ဖြစ်သည်။

လင်မ်ကို စစ်တပ်ထံ လာရောက်အဖမ်းခံရန် ဖခင်ဖြစ်သူ ကိုယ်တိုင်က လိုက်လံ နားချစည်းရုံးခဲ့သည်။ လင်မ်သည် သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်ခဲ့သလို လက်ပစ်ဗုံး တစ်လုံးကိုလည်း စနက်တံဖြုတ် ဖောက်ခွဲခဲ့သေးသည်။ ၎င်းသည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး လာမည့် လအနည်းငယ်အတွင်း ၎င်း၏ စစ်မှုထမ်းကာလ ပြီးဆုံးမည် ဖြစ်သည်။

လင်မ်၏ အပြုအမူနှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရသေးသော်လည်း ၎င်းသည် စစ်တပ်နှင့် အံဝင်မှု မရှိဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရပြီး အထက်အရာရှိများ အနေဖြင့် မိမိကို ပိုမိုဂရုစိုက်ရန် တောင်းဆိုခဲ့ဖူးကြောင်းလည်း စစ်ဘက်နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ လင်မ်ကို ဂမ်ဝမ်ဒေသ အရှေ့ပိုင်းရှိ မြောင်ဂါပါ ကျေးရွာလေး အနီးတွင် ဝန်းရံဖမ်းဆီးခဲ့ပြီး ဒေသခံ (၅၀၀)ကျော်ကို အရေးပေါ် အခြေအနေဖြင့် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရှိရသည်။

_Channelnewsasia
7Day News Daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...