၁။ အလှူငွေဖြတ်ပိုင်းလေးက အစိမ်းရောင်။ ငွေသားပမာဏနေရာတွင် ၂၀၀၀+၅၀၀
ဟုရေးထားသည်။ ချက်စ်အိတ်စရေးရိုက်ရန်အတွက် ငွေပမာဏ။ ၂၅၀၀ မဟုတ်ပဲ
အပေါင်းနှင့် အဘယ်ကြောင့် ရေးထားပါသနည်း။ ရှေ့မှ ၂၀၀၀က မင်ခံနှင့်
ရေးထားသောမှန်ုဝါးဝါး စာ၊ နောက်မှငါးရာကမူ မင်ခံရာပေါ်တွင် မဟုတ်။
ဒုတိယကော်ပီစာရွက်ပေါ်တွင် တိုက်ရိုက်ရေးထားသည့်စာသား။ နိုင်ငံတော်သို့
ပေးသွင်းရမည့် ဖြတ်ပိုင်းစာအုပ်တွင် ၂၀၀၀ ဟူသည့်စာသားသာ ပါသွားပေလိမ့်မည်။
၂။ ပြင်ပ ဓာတ်ခွဲခန်းနှင့် ဆေးရုံကြီးဓာတ်ခွဲခန်း ထိုအတိုင်းဆိုလျှင်
တောင်းယူသောငွေပမာဏ လွန်လွန်မင်းမင်း ကွာခြားလိမ့်မည်မဟုတ်။ သို့သော်
(အော်ဟစ်ကြိမ်းမောင်းခြင်းမဟုတ်သော်လည်း)
ညင်သာနွေးထွေးသော ဆက်ဆံမှုမျိုးကား ပြည်သူ့ဆေးရုံများတွင် ရလိမ့်မည်မထင်။
အော်လည်း၊ ဒီလစာ၊ မအော်လည်း ဒီလစာ။ လူနာများကို ကြည့်လိုက်လျှင် မနိုင်ဝန်။
အုံခဲပြွတ်သိပ်လျက်။ သေသေချာချာရှင်းပြလျှင် ဈေးဆစ်တတ်သော လူနာများက
ပါလိမ့်ဦးမည်။ ဟိုလိုမရဘူးလား၊ ဒီလိုမရဘူးလား။ ခပ်ပြတ်ပြတ် ဆက်ဆံခြင်းက
အလုပ်တွင်ပေမည်။ သို့သော်…
၃။ အစ်ကိုလုပ်သူပြောဘူးသော ပြင်ပဆေးရုံကြီးတစ်ခု၏ ၀န်ဆောင်မှုကို သတိရသည်။
မိမိအလှည့်ကို ထိုင်စောင့်နေကြသော လူနာများကို
အလှည့်ကျခေါ်သည့်ဝန်ထမ်းငယ်များအကြောင်း။
ပုံမှန်အားဖြင့် “ဦးချာလတန်၊ ၀င်လို့ရပါပြီ” ဟု ပြောလျှင် ပြောနေကျ။
သို့သော် သူရို့ကို သင်ထားပေးသည်။ စာရင်းဝယ် အသက်ပါပြီးသား။ ဦးချာလတန်၊
အသက်၈၃။ ထိုအခါ ရှေ့မှ ၀ိသေသျလေး တိုးထည့်ပေးလိုက်ရုံ။ “ဘဘချာလတန်၊
ဝင်လို့ရပါပြီရှင်”။ ရိုးရိုးလေးသာဖြစ်သည်။ သို့သော် လူနာကို
လူအဖြစ်သတ်မှတ်ခြင်းနှင့် ကေ့စ်တစ်ခုလို သဘောထားခြင်းက ဒီမှာကွာသည်။
၎။ ဒေါ်စိန်ခင်၊ဒေါ်စိန်ခင်။ အော်သံကြောင့် ဘေးမှ ထိုင်နေသော အဒေါ်ကြီး
တုန်တုန်ရင်ရင်ထသည်။ ခေါ်ရာသို့လှမ်းသွားသည်။ ခုနှစ်ဆယ်ကျော်အရွယ်။
“ရှိနေရင်ထူးလေ၊ ဘာကိစ္စမထူးတာလဲ၊ တကထဲမှ” ငေါက်ငန်းနေသူက
အသက်သုံးဆယ်ကျော်ခန့်။ နိစ္စဒူဝ ဖြစ်ရပ်များ။
၅။ ဆေးရုံများဘက်မှ ကာကွယ်ရေးခဲ့ဘူးသည်။ ဆရာဝန်များဘက်မှကာကွယ်ရေးခဲ့ဘူးသည်။
လုပ်ရသော ၀န်နှင့်အား၊ မမျှသူများအကြောင်း။ သို့သော် လူနာများဘက်မှ
ပြန်ကြည့်ရန်လည်းလိုသေးသည်။ နာခြင်းဒုက္ခ ထုထောင်းခြင်းခံရ၍
မဖြစ်နိုင်လွန်းသော်ကြောင့် မိမိတွင်ရှိသော အတ္တမာနများကို နှိမ့်ချကာ
သူစိမ်းနယ်မြေသို့ လာခဲ့ရသူများ။ ဘုရားဖူးလာသကဲ့သို့ ကြည်လင်ရွှင်ပျသောစိတ်
ရှိကောင်းမှ ရှိနိုင်ပေမည်။ နာသူနှင့်မနာသူ၊ ဘယ်သူက ဘယ်သူ့ကို
သည်းခံသင့်သနည်း။ ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်သူများကိုလည်း
မေးခွန်းထုတ်ရန်ကျန်သေးပါသည်။ ပေးထားသော လစာနှင့် မတန်ရင်ကာ
လုပ်နေရခြင်းအတွက် ဒေါသထွက်မည်၊ စိတ်တိုမည်ဆိုလျှင် “ထိုထို လူနာများအပေါ်
ပုံချသင့်ပါသလား”။
၆။ အပေါ်တွင်ဖေါ်ပြထားသကဲ့သို့
မလောက်ငခြင်းများလောက်ငစေရန် မျက်နှာလွှဲ၍ နားလည်မှုပေးထားသော
နေရာများစွာရှိပါသည်။ လုပ်ကြပါ။ သို့သော် ဆရာဝန်ကိုယ်တိုင်ဆေးရုံတက်ရချိန်
လက်တွန်းလှည်းခတောင်းသူများ၊ ၀င်ခွင့်အတွက် “အာရကေ”
တောင်းခံသောသူများကတော့ လွန်လာပါသည်။ ကိုယ့်ထိတော့သိပြီကိုးဟု
ပြောချင်လည်းပြောပါ။ ကိုယ့်ကိုထိခြင်းထက် ကျင့်ဝန်ပိုင်းဆိုင်ရာတွင်
အလွန်အကျူးထိခိုက်လာပြီဟု ခံစားရ၍ဖြစ်ပါသည်။ ဆရာဝန်အချင်းချင်း BP တိုင်းခ
တစ်ထောင်တောင်းသည်လည်းကြုံဘူးပါသည်။ မသိလျှင်ထားတော့။ သိသိနဲ့ကတော့ ပေးရသူက မျက်နှာပူသည်။
၇။ ငွေမျက်နှာကြည့်ရသည်မှာ အရသာရှိပါသည်။ သို့သော် မကြည့်မိပါပဲနှင့် အရသာရှိသည့်အချိန်လည်း ရှိပါသေးသည်။
By :
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။