Ads (728x90)


(၁)
လက်တစ်ဖ၀ါးသာသာ စာရွက်ပါးပါးလေးကို ကိုင်ထားသော သူ့လက်တွေ မနိုင်တော့သလို၊ မခိုင်တော့သလို တုန်ယင်နေ၏။ ဆီးချိုသွေးချိုရောဂါ မရှိသေးသော်လည်း “ကနဦးသွေးချို” (Prediabetes) ဟူသော စကားလုံးကတော့ ဆေးစစ်ချက် အဖြေစာရွက်လေးပေါ်မှာရော၊ သူ့ဘ၀မှာပါ ဖျောက်ဖျက်ပစ်၍ မရတော့ဘူးထင်သည်။

အလွန်အမင်း စိုးရိမ်စရာ မရှိသေးကြောင်း၊ မထင်မှတ်ဘဲ ပုံမှန် ကျန်းမာရေး စစ်ဆေးစဉ် တွေ့မိခြင်းသည် အထူးကံကောင်းကြောင်း အားပေးပြောပြနေသော ဆရာဝန်၏ စကားများလည်း ကြားနေပါလျက် အကုန်နားမလည်ဘဲ နီးလာလိုက် ဝေးသွားလိုက်ဖြင့် လူက ထူပူတုန်လှုပ်နေသည်။

ဘုရားရေ…….။ ဘ၀တစ်လျောက်လုံး ဆေးတွေ နေ့တိုင်းသောက်ရတော့မှာလား။ မျက်လုံးမကောင်း၊ ခြေတွေလက်တွေ ထုံကျင်လာပြီး ဖြတ်ပစ်ရတော့မှာလား။ အနာတစ်ခုဖြစ်တိုင်း အကျက်နှေးတာမျိုး၊ ဟိုဟာလည်း မစားရ၊ သည်ဟာလည်းမတည့် ဘ၀နဲ့ လူမမာကြီးလို နေသွားရတော့မှာလား။
မြင်ဖူးကြားဖူးသမျှ ဆီးချိုဝေဒနာရှင်များအကြောင်း စဉ်းစားရင်း သူ့ရင်ထဲက အတွေးများ မျက်နှာမှာ ထိန်းမရ သိမ်းမရ ပေါ်လာသည်။ အနေအထားကို ဆရာဝန်က သဘောပေါက်၍ သေချာရှင်းပြသည်။ ကနဦးသွေးချို အနေအထားသည် အသက်အရွယ် ရလာသည်နှင့်အမျှ မဆင်မခြင် နေလျှင် နှစ်အနည်းငယ်မှ အဝေးဆုံး ဆယ်နှစ်အတွင်း သွေးချိုဆီးချိုရောဂါ အနေအထားသို့ ရောက်သွားနိုင်သည်။ သို့ရာတွင် အစားအသောက် အနေအထိုင် အစစ သတိပြုဆင်ခြင်၍ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သွားလျှင် ဆီးချိုဝင်မလာအောင် တားထားနိုင်ပါသည်ဟု ကြားရမှ သူအနည်းငယ် တည်ငြိမ်သွားရသည်။
(၂)
ဤသို့ဖြင့် အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက် မအားလပ်သည့်ကြားက လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း မှန်မှန် လုပ်ဖြစ်သည်။ အစားအစာဆိုလည်း ကစီဓာတ်၊ အချိုဓာတ်တွေ သင့်တင့်မျှတစွာ စားပြီး အဆီ၊ အငန်တွေ လျှော့စားသည်။ အသီးအရွက် သစ်သီးဝလံ နေ့စဉ် များများစားသည်။ ယခင်က ဒေါင်ဒေါင်မြည်ပဲဟု ဆိုကာ ကျန်းမာရေးဂရုမစိုက်ဘဲ အနေအစား မဆင်မခြင်နှင့် အလုပ်ပဲဖိလုပ်တတ်သူက အပြောင်းလဲကြီး ပြောင်းလဲသွားတော့ အားလုံးက အံ့အားသင့်ကြသည်။ သည်ကြားထဲ ရသည့်အချိန် ယောဂနှင့် ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းပါ ပြေးတက်၍ အဆင်ပြေသလို လေ့ကျင့်နေသည်ဖြစ်၍ သုံးလအတွင်း ၁၁ ပေါင်ကျော်ကျကာ ကိုယ်ရေစစ်ပြီး ဖျတ်လတ်၍ နေလို့ကောင်းလာတာ လက်တွေ့ခံစားရသည်။
သွေးချို ပြန်စစ်တော့ ပုံမှန်ထက် နည်းနည်းလေး များနေသေးသည်ဟု အဖြေထွက်သော်လည်း သွေးချိုဆီးချို ရောဂါကို ကမ်းလင့်ကြိုဆိုသော ပမာဏနှင့် အတော်လေးတော့ ဝေးသွားပြီဖြစ်လေသည်။ အချိန်မီသိ၍ အချိန်မီပြင်နိုင်လိုက်သည်ကိုပဲ ကျေနပ်နှစ်သိမ့်မိ၏။
(၃)
ဒီဖြစ်ရပ်ဟာ ကနဦးသွေးချို (Prediabetes) အနေအထား ရှိနေပြီလို့ ခန့်မှန်းထားတဲ့ အမေရိကန်လူမျိုး ၇၉ သန်းထဲက တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံ ဖြစ်ပါတယ်။ ကနဦးသွေးချို ဆိုတာ သွေးချိုဆီးချိုရောဂါပါလို့ သတ်မှတ်လို့ ရလောက်အောင် သွေးတွင်းသကြားဓာတ် မများသေးပေမယ့် ပုံမှန်ပမာဏထက် များနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ မကြာခင် နှစ်အနည်းငယ် အတွင်းမှာ ဆီးချိုရောဂါ အမျိုးအစား-၂ တကယ်ဖြစ်လာတော့မယ့် အနေအထား ဖြစ်ပြီး ပြုပြင်ဆင်ခြင်ပြီး နေထိုင်ဖို့ မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါတယ်။
(၄)
လူတစ်ယောက် ဆီးချိုရောဂါ ဖြစ်နေပြီလားလို့ စစ်ဆေးနိုင်တဲ့ အသုံးများတဲ့ စစ်ဆေးစမ်းသပ်မှု ၂ ခုရှိပါတယ်။ ညဆယ်နာရီနောက်ပိုင်း အစာမစားဘဲ နောက်နေ့မနက် ၆ နာရီကျော်မှာ ဒီအတိုင်းသွေးဖောက်စစ်တဲ့ Fasting Blood Sugar (FBS) သို့မဟုတ် fasting plasma glucose test (FPG) နဲ့ သကြားဓာတ်များတဲ့ အစားအစာ ဖျော်ရည်တစ်ခုကို သောက်ပြီး နှစ်နာရီ အကြာမှာ ပြန်ဖောက်တဲ့ oral glucose tolerance test (OGTT) တို့ပဲ ဖြစ်ပါတယ်။

FBS ရလဒ် 126 mg/dl နဲ့ အထက် ရှိနေရင် ဆီးချိုရောဂါ ရှိတယ်လို့ သတ်မှတ်ပြီး ပုံမှန် ရောဂါ မရှိရင် 100 mg/dl အောက် ရှိနေရမှာ ဖြစ်ပါတယ်။ (ယူနစ်တွေကို ဖျောက်ပြီး ၁၂၆၊ ၁၀၀ စသဖြင့် ခေါ်ဝေါ်ကြပါတယ်) ဒီတော့ ၁၀၀ နဲ့ ၁၂၅ အထိ ရှိသူတွေကို ကနဦးသွေးချိုလို့ နာမည်တပ်ပါတယ်။ (၁၈၀ ကျော်မှ ဆီးထဲမှာ အချိုဓာတ်တွေ ပါလာလို့ ဆီးချိုလို့ ခေါ်ပြီး ၁၂၆ နဲ့ ၁၇၉ ကြားကို သွေးချိုလို့ ခွဲပြောနိုင်ပေမယ့် ထူးထူးခြားခြား မလိုအပ်လို့ ဒီအချက်တွေကို မှတ်သားထားစရာ မလိုပါဘူး)
OGTT ရလဒ်ကျတော့ ဆီးချိုဖြစ်နေပြီဆိုရင် ၂၀၀ နဲ့ အထက်၊ ပုံမှန်ဆိုရင် ၁၄၀ အောက်၊ ကနဦးသွေးချိုဆိုရင် ၁၄၀ မှ ၁၉၉ ကြားလို့ သတ်မှတ်ပါတယ်။ ဒီမှာ ရောဂါ ဟုတ်မဟုတ် အတည်ပြုဖို့ ပုံမှန်သုံးနေကျ မဟုတ်တဲ့ Hemoglobin A1C Test ဆိုတာလည်း ရှိပါတယ်။ ၄င်းရလဒ် ၅.၇ နဲ့ ၆.၄ ကြား ရှိရင် ကနဦးသွေးချိုလို့ သတ်မှတ်ပါတယ်။ ၆.၇ ထက်များရင် ဆီးချိုရောဂါ၊ ၅.၇ အောက်ဆိုရင် ရောဂါမရှိဘူးပေါ့။ ဒီစမ်းသပ်ချက်က ကုန်ကျစရိတ် အနည်းငယ်များပြီး လွန်ခဲ့တဲ့ နှစ်လနဲ့ သုံးလကြားက သွေးတွင်းသကြားဓာတ်ပမာဏ ဘယ်လောက်ဖြစ်ခဲ့သလဲ ဆိုတာကိုပဲ နောက်ပြန်ခန့်မှန်းနိုင်လို့ အသုံးနည်းပါတယ်။ ဆီးချိုရောဂါ ရှိပြီးသားလူတွေ ထိန်းချုပ်မှု ရမရ ဆန်းစစ်ဖို့ သုံးတာ ပိုများပါတယ်။
(၅)
ကူးစက်ရောဂါမဟုတ်သော ရောဂါများ (Non-Communicable Diseases, NCD) စာရင်းဝင်၊ အသက်အရွယ် အနေအထိုင်အရ ခန္ဓာကိုယ် ဖောက်ပြန်ပြောင်းလဲလာ၍ ဖြစ်သော ရောဂါများ (Metabolic Diseases) စာရင်းဝင် သွေးချိုဆီးချိုရောဂါ၊ သွေးတိုး၊ ဂေါက်ခေါ် ဒူလာရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ စတဲ့ ရောဂါတွေဟာ တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီးမှ ရောဂါအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။ ကြားထဲက အဆင့်တွေမှာ ကြိုတင်သိရှိပြီး ဆင်ခြင်ကုသရင် ရောဂါအထိ ရှေ့ဆက်မသွားတော့ဘဲ လူကောင်းနီးပါး နေသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ကြိုတင်စစ်ဆေး သိရှိရမယ့် အသိပညာ၊ အခွင့်အလမ်း မရှိသူတွေက လူအများစု ဖြစ်နေတာ တွေ့ရပါတယ်။

ဒီလို NCD ရောဂါတွေဟာ လူထုထဲမှာ ပျံ့နှံ့ဖြစ်ပွားနေပြီး ရောဂါရှိတယ်လို့ စစ်ဆေးတွေ့ရှိထားသူတွေက အနည်းစုဖြစ်ပြီး မစစ်ဆေးလို့ မသိသေးသူ၊ ကုသမှု မခံယူရသေးသူတွေက အများကြီးရှိနေလျက်ပါ။ ရေခဲမျော တစ်ခု ရေထဲမှာ မျောလာရင် ထိပ်ဖျားချွန်လေးပဲ မြင်ရပေမယ့် သေးသေးလေးပါလို့ မှန်းလို့ မရဘဲ ရေထဲမှာ နစ်မြုပ်နေတဲ့ အောက်ခြေအပိုင်းက ပိုကြီးနေတာကို သိကြမှာပါ။ ဒါကို ရေခဲမျောတောင်ဖြစ်ရပ် (Iceberg Phenomenon) လို့ သာဓကပြု ခေါ်ဆိုကြပါတယ်။ အမေရိကန်လို့ ဖွံ့ဖြိုးမှု အမြင့်ဆုံး ပထမကမ္ဘာနိုင်ငံကြီးမှာတောင် ကနဦးဆီးချို ဆိုတဲ့ အနေအထားကို ကြိုတင်စစ်ဆေးမိပြီး လက်ဦးသိရှိသွားသူတွေက လူဦးရေရဲ့ ၇% ပဲ ရှိတာတွေ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အသိပညာနဲ့ အထောက်အပံ့၊ သုံးနိုင်စွမ်းတွေ နည်းတဲ့ နိုင်ငံတွေမှာတော့ ဒီထက်များနေမှာ သေချာပါတယ်။
ရောဂါကြီးတစ်ခု ၀င်ရောက်လာခြင်းကို ကြိုတင်သိရှိ ကာကွယ်ကုသထားခြင်းနဲ့ ဝေဒနာတွေ ပေါ်လာမှ အသိနောက်ကျ ကုသရခြင်းဟာ နောက်ပိုင်းရလဒ် အနေနဲ့ အတော်လေး ကွဲပြားခြားနားကြောင်း သတိပြုစေလိုပါတယ်။ ဒါကြောင့် ဘယ်သူမဆို ပကတိကျန်းမာနေတယ်လို့ ထင်ရသည့်တိုင်အောင် အနည်းဆုံး အသက် ၃၀ ကျော်ရင်ဖြင့် သွေးတွင်းသကြားဓာတ် စစ်ဆေးမှု လုပ်ဖူးတယ်ရှိအောင် တစ်နှစ်နှစ်ခါတော့ လုပ်ကြည့်စေချင်ပါတယ်။ ဆိုရိုးစကား နှစ်ခု ကြားဖူးမှာပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏။ အသက်ကို ဥာဏ်စောင့် တဲ့။ အင်္ဂလိပ်လို ထပ်ပြောရရင် Knowledge is power. ပေါ့။ ဒီနေရာမှာ Power ဆိုတာ စွမ်းအားလို့ ဘာသာပြန်တာထက် အဟန့်အတား၊ လုံခြုံစေတဲ့ အကာအရံလို့ ဘာသာပြန်တာ ပိုဆီလျော်ပါတယ်။

(၆)
ကနဦးသွေးချို ရှိခြင်းဟာ တကယ့်သွေးချိုဆီးချိုရောဂါ မဖြစ်သေးလို့ သိသာခံခက်တဲ့ ဝေဒနာတွေ မပြသေးဘဲ လူကောင်းအတိုင်း ရှိနေနိုင်တဲ့ အဆင့်ဖြစ်လို့ လူအများစုဟာ ဆေးစစ်ကုသမှု မခံယူဘဲ ရောဂါတကယ်ကူးသွားတော့မှပဲ လူမမာ လုံးလုံးဖြစ်ပြီး စိတ်ဓာတ်ကျရတော့တာပါပဲ။ ကနဦးသွေးချိုဟာ တကယ့်ရောဂါလို ဝေဒနာတွေ မပေးပေမယ့် အန္တရာယ် ရှိပါတယ်။ မျက်လုံးအတွင်းက သွေးကြောလေးတွေမှာ microaneurysms ခေါ် သွေးကြောဖောင်းလေးတွေ ဖြစ်စေပြီး ပေါက်ထွက်သွားတတ်စေပါတယ်။ ဒါဟာ ဆီးချိုကြောင့်မျက်စိကွယ်ခြင်း (Diabetic Retinopathy) ရဲ့ အစပါပဲ။
ဆီးထဲမှာ ပရိုတိန်းခေါ် အသားဓာတ်တွေ ပါလာတတ်ပါတယ်။ မျက်စိနဲ့ မမြင်နိုင်ပဲ ဆီးစစ်ကြည့်မှ သိရတာပါ။ ဒါဟာလည်း ကျောက်ကပ် စထိခိုက်လာတာကို ပြတဲ့ လက္ခဏာပါ။ ဒါကြောင့် ကနဦးသွေးချိုလို့ သိရပြီးတဲ့ သူတစ်ယောက်ဟာ အနည်းဆုံး မျက်လုံးနဲ့ ကျောက်ကပ်တော့ စစ်ဆေးကြည့်ပြီး ဆက်လက်ထိန်းသိမ်းသွားရပါမယ်။ ဆေးတွေသောက်သင့်ပြီလား ဆိုတာကိုတော့ ဆရာဝန်က ဆေးစစ်မှု အဖြေတွေကို ကြည့်ပြီး အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ကနဦး သွေးချိုသမားတွေ နောက်ထပ် မေ့မထားသင့်တဲ့ အရာကတော့ ကနဦးဆီးချိုဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါများ ခံစားရဖို့ ရိုးရိုးလူတွေထက် တစ်ဆခွဲ၊ သွေးချိုဆီးချို ၀င်လာဖို့ နှစ်ဆမှ လေးဆ ပိုမို နီးစပ်သွားတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကို အားပေးတဲ့ တခြားအန္တရာယ်အချက်တွေကတော့ အသက်အရွယ်ရလာခြင်း၊ မိသားစုမျိုးရိုးရှိခြင်း၊ အ၀လွန်နေခြင်း၊ အထိုင်များသော နေထိုင်မှုပုံစံရှိခြင်း၊ အစားအသောက်မဆင်ခြင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကနဦးသွေးချို သို့မဟုတ် ဒီအချက်တွေထဲက ပြင်လို့ရတာတွေ ပြင်ပြီး အားကစား မှန်မှန် လုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ ဆီးချိုရောဂါကို ကာကွယ်ပေးမယ့် အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အဆီပိုတွေ ဖယ်ရှားပေးနိုင်လို့ ဆီးချိုရောဂါ မဖြစ်အောင် အကာအကွယ် ပေးနိုင်ဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
ကနဦးသွေးချို ဆိုတာနဲ့ စိတ်ဓာတ်ကျဆင်းစရာ မရှိပါဘူး။ သေချာပေါက်ဆီးချို ၀င်မလာအောင် သင့်မှာ တားဆီးနိုင်ဖို့ သင့်မှာ အခွင့်အလမ်း ရှိပါသေးတယ်။ လုပ်စရာ ရှိတာတွေ လုပ်ရပါမယ်။ အဆီဓာတ်၊ ကစီဓာတ်၊ အချိုဓာတ်တွေ သင့်တင့်ရုံသာ စားပါ။ အရက်သေစာ ဆင်ခြင်ပါ။ ဆေးလိပ် ဖြတ်ပါ။ အသီးအရွက် သစ်သီးဝလံ နေ့စဉ် စားပါ။ အထိုင်လျှော့နိုင်မယ့် နည်းလမ်းတွေ စဉ်းစားပါ။ အထိုင်များရင် လမ်းလျှောက်လည်း များပါစေ။ တစ်ပတ်အနည်းဆုံး ၃ ရက်၊ တစ်ခါလုပ်ရင် နာရီဝက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင် လုပ်ပေးပါ။ စိတ်ဖိစီးမှုတွေ၊ သောကတွေ တစ်နုံ့နုံ့ တွေးနေတတ်တဲ့ အကျင့်ကို ပြင်ပါ။ ကိုယ်အလေးချိန် လျှော့ချပေးဖို့ မဖြစ်မနေ လုပ်ဆောင်ပါ။ ပြည့်ဝဆီ (ဥပမာ စားအုန်းဆီ) စားသုံးခြင်း ရှောင်ပါ။ မပြည့်ဝဆီများ ဖြစ်တဲ့ နေကြာဆီ၊ ပဲပိစပ်ဆီ၊ မြေပဲဆီစစ်စစ် စားသုံးပေးပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး ကိုယ်အလေးချိန် ၅% လောက် လျှော့ချနိုင်ရင် ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း ၅၈% အထိ လျှော့ချနိုင်ကြောင်း သုံးနှစ်ကြာ ပြုလုပ်ခဲ့တဲ့ ဆီးချိုရောဂါ ကာကွယ်ရေး အစီအစဉ်ရဲ့ သုတေသနများအရ သိရပါတယ်။

ဒေါက်တာသီဟသစ်
People, July 2012

Post a Comment

Blogger Disqus
  1. ကျေးဇူးပါကိုသီဟသစ်ရေ .....နောက်လဲများများလေး တင်ပြပေးစေလိုပါတယ်ဗျာ :D

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...