Ads (728x90)



ကြည့်ရှုခြင်း (WATCHING)
ကြည့်ရှုခြင်းဆိုတာ မထင်မှတ်ထားလောက်အောင်ကောင်းတဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုပါ။ နောက်ပြီး ငွေကုန်ကြေးကျလည်းမရှိပါဘူး။ကျွန်တော့်အတွက်ကတော့ လေ့လာစူးစမ်းမှုနှစ်မျိုးရှိတယ်။ ပထမတစ်ခုက အသေးစိတ်ကနေစူးစမ်းခြင်းနဲ့ နောက်တစ်ခုကတော့ ရုပ်ပုံကြီးတစ်ချပ်ကနေစူးစမ်းခြင်း ဖြစ်ပါတယ်။ အဘာဒင်းကို ကိုင်တွယ်နေစဉ် အာခီ နော့စ် ကို လက်ထောက်မန်နေဂျာအဖြစ် ငှားပြီးတဲ့အထိ အသေးအဖွဲကိစ္စတွေကို ဂရုစိုက်နေတာနဲ့ ကျယ်ပြန့်တဲ့ကိစ္စတွေကို နားလည်အောင်လုပ်တာရဲ့ ခြားနားချက်ကို ကျွန်တော် နားမလည်နိုင်သေးပါဘူး။အာခီနော့စ် ရောက်လာတဲ့အခါ ကျွန်တော်နဲ့ထိုင်ပြီး သူ့ကို ငှားရတဲ့အကြောင်းရင်းကို မေးတယ်။ အရာအားလုံးကို ဆက်လုပ်ဖို့ ပြောတဲ့ချိန်မှာ သူ့မှာ ဘာမှ လုပ်စရာမရှိဘူးလို့ ကျွန်တော့်ကို ရှင်းပြနေတာတောင် ဒီမေးခွန်းက ကျွန်တော့်ကို ဇဝေဇဝါဖြစ်စေခဲ့တယ်။ သူဟာ အရမ်းကို တောင်းဆိုတတ်ပြီး သူနဲ့သဘောတူထားတဲ့ အဘာဒင်းအသင်းက အထွေထွေမန်နေဂျာ တက်ဒီစကော့တ် ရဲ့ အားပေးမှုကို ရရှိထားသူပါ။ အာခီက ကျွန်တော့်ကို လေ့ကျင့်ရေးပိုင်းတွေမှာ ဝင်ကွပ်ကဲမနေသင့်ပဲ အဲ့ဒီအစား ဘေးကနေပဲ ကြည့်ပြီး လမ်းညွှန်နေသင့်တယ်လို့ ပြောတယ်။ ကျွန်တော် ဒီအကြံညဏ်ကို လိုက်နာသင့်တယ်လို့ မသေချာခဲ့ဘူး။ အကြောင်းရင်းကတော့ ဒါဟာ ကျွန်တော်ရဲ့ လေ့ကျင့်မှုထိန်းချုပ်ခြင်းကို အခက်တွေ့လာနိုင်စေမယ်လို့ ထင်ခဲ့လို့ပါပဲ။ဒါပေမဲ့ သူ့အကြံကို စဉ်းစားပေးချင်တယ်လို့ပြောတဲ့အခါ အာခီက တောင်းဆိုနေမြဲပဲ။ ဒါကြောင့် မလုပ်ချင်ပေမယ့်လည်း သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့တယ်။ နားလည်ဖို့ အချိန်အနည်းငယ် ကြာမြင့်ပေမယ့်လည်း ကိစ္စတွေရဲ့ အရေးကြီးဆုံးနေရာမှာမနေတဲ့အခါ များများသိမြင်လာနိုင်တယ်ဆိုတာကို သိလာခဲ့တယ်။ .. > ဆက်လက်ဖတ်ရှုရန် Read More ကိုနိုပ်ပါ
ဒါက ကျွန်တော်ရဲ့ စီမံအုပ်ချုပ်ပုံအတွက် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေထဲက အရေးပါဆုံးဖြစ်ခဲ့တယ်။ ပွဲကနေ ဘေးထွက်နေလိုက်ချိန်မှာ အံ့အားသင့်ဖွယ်ရာတွေအဖြစ် ဝင်ရောက်လာမယ့် အရာတွေ ကို သင် မြင်နိုင်တယ်။ နောက်ပြီး သင့်ကိုယ်သင့် အံ့အားသင့်ခွင့်ပေးဖို့ကလည်း အရေးကြီးပါတယ်။ အကယ်၍ သင်ဟာ လေ့ကျင့်ရေးဆင်းနေတဲ့ချိန် ကွင်းလယ်မှာ ခရာတစ်ခုပါးစပ်မှာတပ်ပြီး ရောက်နေတယ်ဆိုရင် သင့်ရဲ့ အာရုံစိုက်မှုတစ်ခုလုံးက ဘောလုံးမှာပဲ ရှိနေမှာပါ။ ကျွန်တော် နောက်ဆုတ်နေလိုက်ပြီး ကွင်းဘေးကနေပဲကြည့်နေတဲ့အခါ မြင်ရတဲ့ ရှုထောင့်ပိုကျယ်လာပြီး ကစားသမားတွေရဲ့ စိတ်နေစိတ်ထားတွေ၊ခြေစွမ်းတွေနဲ့ အမူအကျင့်တွေကို သတိပြုမိလာသလိုမျိုး လေ့ကျင့်ရေးတစ်ခုလုံးကို ခြုံငုံပြီး ကြည့်နိုင်လာခဲ့တယ်။ဒါဟာ ကျွန်တော့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ရခဲ့တဲ့ တန်ဖိုးအရှိဆုံးသင်ခန်းစာတွေထဲက တစ်ခုဖြစ်ပြီး နှစ်ပေါင်း သုံးဆယ်ထက် မနည်း ရရှိခဲ့လို့လည်း ဝမ်းသာမိခဲ့ပါတယ်။ အာခီရဲ့ စူးစမ်းမှုကတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေပါပဲ။ ကစားသမားတစ်ယောက် အနေနဲ့ ကျွန်တော်ရဲ့ ခြေထောက်နားကဘောလုံးနဲ့ ကွင်းပတ်လည်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ တွေကို တစ်ချိန်တည်းမှာ အာရုံစိုက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အာခီ လက်ခါပြနေတဲ့အချိန်ထိ ကျွန်တော် အဲ့ဒါကို လုံးဝနားမလည်ခဲ့သေးပါဘူး။ မန်နေဂျာတစ်ယောက် အနေနဲ့ ကျွန်တော် အသေးစိတ်အချက်တွေမှာ ကျဆုံးဖို့အန္တရာယ်ရှိလာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ အာခီပြောတဲ့အချက်တွေရဲ့ ကောင်းကျိုးတွေကို နားလည်လာခဲ့တယ်။အဲ့ဒီအချိန်ကနေစပြီး အမြဲလိုလို အသေးစိတ်ခြုံကြည့်နိုင်ပြီး ဖြစ်စဉ်တစ်ခုလုံးကို အကျယ်ချဲ့မြင်နိုင်တဲ့ အနေအထားမှာပဲ ကျွန်တော် နေခဲ့တယ်။မန်နေဂျာတစ်ယောက်အနေနဲ့ အခြေခံအချက်တွေကို အမြဲသတိရှိနေသင့်တယ်။
အကယ်၍ ကစားသမားတစ်ယောက်ဟာ ပေါင်ခြံဒဏ်ရာရသွားတဲ့အခါ၊ လူငယ်အကယ်ဒမီမှာ စာချုပ်ချုပ်ထားတဲ့ ဆယ့်နှစ်နှစ်အရွယ်ကောင်လေးကို အကဲဖြတ်နေတဲ့အခါ၊ ဂျာမဏီက ဘောလုံးကွင်းတစ်ချို့မှာ ညဘက်အပျော်တမ်းကန်ပွဲတွေကနေ ရေပန်းစားလာနိုင်ခြေတွေကို ကြည့်ရှုနေတဲ့အခါနဲ့ နေ့လည်စာထမင်းဝိုင်းမှာ ကစားသမား သို့မဟုတ် နည်းပြတစ်ယောက်ရဲ့ အပြုအမူတွေကို လေ့လာနေတဲ့အခါတွေမှာ သင်ဟာ လေ့ကျင့်ရေးကာလတွင်း ကစားသမားတွေကို စောင့်ကြည့်နေကောင်းနေမိလိမ့်မယ်။ နောက်ပြီး သုံးသပ်ချက်ဗီဒီယိုခွေတွေ၊ ဆွေးနွေးပွဲတွင်း ခြေဟန်လက်ဟန်တွေနဲ့ ကွင်းထဲက မြက်ပင်ရဲ့အရှည်ကို ကြည့်ပြီး ကစားပုံနည်းစနစ်တွေနဲ့ သဲလွန်စတွေကို သင်ရှာဖွေနိုင်ပါတယ်။ စနေညနေခင်းတွေ သို့မဟုတ် ဗုဒ္ဓဟူးနေ့ညနေတွေမှာတော့ ဖြစ်စဉ်ကို ကိုယ့်ထက် ကောင်းကောင်းမြင်နိုင်တဲ့ အားကောင်းတဲ့မှန်ဘီလူးလို အခြားသောအရာတွေလိုလာပါပြီ။ သင့်မျက်စိကမြင်သမျှ ယုံကြည်သင့်တယ်လို့ ပြောဖို့ လွယ်ကူသယောင် ရှိပေမယ့် တကယ်တမ်းလုပ်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘက်လိုက်မှုတွေနဲ့ ကြိုတင်မှန်းဆထားတဲ့ စိတ်ကူးတွေဘယ်လောက်တောင် သယ်လာခဲ့သလဲဆိုတာ ယုံကြည်နိုင်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး ဒီအရာတွေဟာ ကျွန်တော်တို့ ဘာမြင်လဲ၊ ပိုပြီး တိတိကျကျပြောရမယ် ဆိုရင် ကျွန်တော်တို့ မြင်တဲ့အရာအပေါ်ဘယ်လိုတွေးသလဲဆိုတာကို လွှမ်းမိုးပါတယ်။ လူသစ်စုဆောင်းရေးကသူက ဘယ်ခြေစွမ်းထက်တဲ့ ကစားသမားကောင်းတစ်ယောက်အကြောင်း ကျွန်တော့်ကို လာပြောမယ်ဆိုရင် သူတကယ်ကစားတာကို မြင်ချင်တဲ့ အခါ ဒီလို လေ့လာချက်ကိုမေ့ထားဖို့က ကျွန်တော့်အတွက် ခက်ခဲလာလိမ့်မယ်။ နောက်ပြီး ဒီလိုလုပ်ခြင်းဖြင့် အခြားအားသာချက်ကို ကျော်သွားတာ သို့မဟုတ် အဓိကအမှားကို တော်တော်ဆိုးဆိုးရွားရွား လျစ်လျူရှုမိသွားတာမျိုး ဖြစ်လွယ်လိမ့်မယ်။ ကျွန်တော်ဟာ အခြားသူတွေ ဘာပြောသင့်လဲဆိုတာကို ပိုမို စိတ်ဝင်စားမိခဲ့တယ်။ ဒါပေမယ့် သူများတွေရဲ့ ညွှန်ပြမှုတွေ လွှမ်းမိုးနေတဲ့ အကဲဖြတ်မှုမပါပဲ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့သာ အမြဲကြည့်ချင်ခဲ့တယ်။ဒါကတော့ ဆယ်စုနှစ်တွေအတွက် အကျိုးရှိစေခဲ့တဲ့ စူးစမ်းလေ့လာမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
၁၉၆၉ခုနှစ် အနောက်ဂျာမဏီအသင်းက ကီလ်မာနော့ခ်မြို့၊ ရပ်ဂ်ဘီ ပန်းခြံမှာလေ့ကျင့်ရေးဆင်းနေကြချိန် ဂျာမဏီဘောလုံးအဖွဲ့ချုပ်က ကယ်ရီဟင်းဇ် ဟက်ဒါဂေါ့ကို လေ့ကျင့်ရေးလာကြည့်ဖို့ ကျွန်တော် ခွင့်တောင်းခဲ့တယ်။ ကွင်းထဲမှာ ဂျာမန်ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ကွင်းထိန်းသိမ်းသူအနည်းငယ်နဲ့ ကျွန်တော်ပဲ ရှိနေခဲ့တယ်။ ကျွန်တော် လေ့ကျင့်ရေးကို တစ်နာရီခွဲဝန်းကျင်ကြည့်ခဲ့တယ်။ ဂျာမဏီအသင်းက ဂိုးသမားတွေမပါပဲ ကစားကြပြီး ဘောလုံးရနေတာကိုပဲ အာရုံစိုက်နေကြတယ်။ ဒါဟာ နည်းပြတွေ တာဝေးပြေးတာပါဝင်တဲ့လေ့ကျင့်ခန်းတွေကို အာရုံစိုက်လေ့ရှိကြတဲ့ကာလမှာ ဖြစ်နေကျမဟုတ်တဲ့ အခြေအနေတစ်ခုပါပဲ။ အဲ့ဒီတွေ့ဆုံမှုတစ်ခုဟာ ကျွန်တော့်ကို အတော် အထင်ကြီးစေခဲ့ပြီးနောက် ဘောလုံးရရှိမှုရဲ့ အရေးပါပုံကို စတင်ဦးစားပေးလာခဲ့တယ်။ ကျွန်တော် စိန့်မီရန်အသင်းနည်းပြဖြစ်နေချိန်မှာ နေရာကျဉ်းလေးထဲ ကစားသမားနှစ်ယောက်ကို လေးယောက်တိုက်စစ်ပုံစံဖြစ်တဲ့ သေတ္တာပုံကစားကွက်ကို စတင်ခဲ့တယ်။ ၂၅ကိုက်လုံးအပြည့်ဖြစ်နေတဲ့ သေတ္တာပုံကစားကွက်နေရာချကစားမှုကို စတင်ခဲ့ပြီး ဒါဟာ ကစားသမားတွေကို နေရာကျဉ်းအတွင်း စွမ်းဆောင်နိုင်အောင် တွန်းအားပေးခဲ့တဲ့အပြင် ဘောလုံးစွမ်းရည်ကိုလည်း မြှင့်တင်ပေးခဲ့တယ်။ ကစားသမားတွေရဲ့ စွမ်းရည်မြင့်လာလေ သေတ္တာပုံနေရာချထားတာကို တင်းကျပ်လေပါပဲ။ ဒီလိုလုပ်ဆောင်ချက်က သတိရှိမှု၊ ထောင့်ပေါင်းစုံနဲ့ ဘောလုံးထိမှုစတဲ့ အရာတွေအားလုံးကို အကူအညီဖြစ်စေခဲ့ပြီး ရံဖန်ရံခါဆိုသလို တစ်ကြိမ်ထိဘောကိုကစားနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ၂ဝ၁၃ မတ် ၁၈က မန်ချက်စတာယူနိုက်တက်နဲ့ နောက်ဆုံးလေ့ကျင့်ခန်းထိ တစိုက်မတ်မတ်အသုံးပြုခဲ့တဲ့ နည်းပြပုံ နည်းစနစ်တစ်ခုပါပဲ။ ၁၉၆၉ ကီလ်မာနော့ခ်မှာ မိနစ်ကိုးဆယ်စာ လေ့ကျင့်ခန်းကို ကြည့်ခဲ့ခြင်းက ကျွန်တော့်ကို ရာစုနှစ်တစ်ဝက်အကြာ အသုံးပြုခဲ့တဲ့ သင်ခန်းစာအဖြစ် အထောက်အကူပြုခဲ့တယ်။ အခြားအရာတွေကို လေ့လာသုံးသပ်ပြီး အခြေအနေတွေကို အဆုံးအဖြတ်ပေးခြင်းဖြစ်တဲ့ စူးစမ်းလေ့လာခြင်းဆိုတာ ကြိုတင်ပြင်ဆင်မှုမှာ မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ အဲ့ဒီအချက်ကို အလေ့အကျင့်ပြုပြီး ပွဲကြီးတွေမကစားခင် ပြိုင်ဘက်ကစားသမားတွေကို သေချာလေ့လာခဲ့ကြတယ်။ အဆင့်မြင့်ပြီး ရှုပ်ထွေးတဲ့၊ အရှေ့ သို့မဟုတ် နောက်ပြန်ပြန်ရစ်တာကို အကောင်းဆုံးလုပ်နိုင်တဲ့ ဗီဒီယိုခွဲခြမ်းစိတ်ဖြာမှုကို အသားပေးတဲ့ခေတ်မှာတောင် ဒီအချက်ဟာ ပိုမိုအရေးပါလာပါတယ်။
အဲ့ဒါရဲ့ ရလဒ်ကောင်းတွေထဲက ဥပမာတစ်ခုကတော့ ၁၉၉၁ ဥရောပ ဖလား ဗိုလ်လုပွဲက မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာရဲ့ ယှဉ်ပြိုင်မှုပါပဲ။ ဒါဟာ ၁၉၈၅ ဟေဆဲလ် သဘာဝဘေးအပြီး ဥရောပပြိုင်ပွဲများဝင်ရောက်မှုကို ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ အင်္ဂလိပ်အသင်းတစ်သင်းက ဗိုလ်လုပွဲထိ တက်ရောက်ကစားနိုင်ခဲ့ခြင်းဖြစ်တယ်။ဘာစီလိုနာရဲ့ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းနဲ့ပွဲကို အဘာဒင်းအသင်းရဲ့ ကစားသမားဟောင်း စတိဗ် အာချီဘတ်နဲ့အတူ သွားကြည့်ခဲ့တယ်။အဲ့တုန်းက ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ဟရီစတို စတို့ခ်ျကို့ဗ်က အလွန်အထင်ကြီးဖွယ်ကောင်းခဲ့ပြီး နှစ်ဂိုးသွင်းပေးနိုင်ခဲ့တယ်။ ဒုတိယပွဲစဉ်ဖြစ်တဲ့ တူရင်အသင်းနဲ့ ပွဲမှာ သူ့ကို ဗိုလ်လုပွဲမပါဝင်နိုင်စေခဲ့တဲ့ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တယ်။ ဗိုလ်လုပွဲမှာ ဘာစီလိုနာက မိုက်ကယ် လောဒရပ်ကို အဓိကတိုက်ခိုက်ရေးလက်နက်အဖြစ် အလယ်တန်းကနေ ရှေ့ပြေးပွဲထုတ်ခဲ့ပေမယ့် သူတို့ပွဲတွေကို ကြိုကြည့်ထားတဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနည်းစနစ်တွေကို ကြိုညှိထားပြီးဖြစ်တဲ့အတွက် လောဒရပ်ရဲ့ ရှေ့ပြေးဆွဲဆောင်မှုတွေကို ဖြည်းဖြည်းမှန်မှန် ရှောင်နိုင်ခဲ့ပြီး ပွဲအပြီးမှာ ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တယ်။ မတော်တဆသတိပြုမိတဲ့ အကောင်းဆုံးအဖြစ်လာခဲ့တဲ့ ကစားသမားတွေကို ကြည့်တဲ့အခါ အချိန်များစွာကုန်ပေမယ့် စိတ်ကျေနပ်ဖွယ် အံ့အားသင့်ခဲ့ရပါတယ်။ ၂ဝဝ၃ခုနှစ်တုန်းက ပြင်သစ်ကို ပီတာချက်အငယ်လေးကစားပုံကြည့်ဖို့ ကျွန်တော်လာခဲ့တယ်။ ကျွန်တော် တခါမှ မကြားဖူးတဲ့ ဒီဒီယာ ဒရော့ဘာလည်း အဲ့ဒီမှာ ကစားနေခဲ့တယ်။ သူဟာ အားကောင်းပြီး ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်နမိုလိုတိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကမ်းလှမ်းမှုကို လက်လွှတ်ခဲ့ပေမယ့် တကယ်ကို ပင်ကိုယ် သွင်းဂိုးသိမှုရှိသူတစ်ဦးဖြစ်ပါတယ်။ ဒီအခြေအနေက ပတ်ဂျီဆန်နဲ့တော့ မဖြစ်ခဲ့ပါဘူး။
လိုင်ယွန်အသင်းက မိုက်ကယ် အဲဆီယမ်ရဲ့ အခြေအနေကို သိရအောင် ၂ဝဝ၅ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဗီ အင်းဒ်ဟိုဗန်အသင်းနဲ့ပွဲကိုကျွန်တော် သွားကြည့်ခဲ့တယ်။ အဲ့ဒီမှာ ကွင်းတွင်း ကွပ်ကာ စပန်နီယယ်ခွေးလို မနားတမ်းအားအင်အပြည့်လုပ်ဆောင်ချက်တွေနဲ့ ကစားသမားတစ်ယောက်ကို မြင်ခဲ့ပါတယ်။ သူကတော့ ပတ်ဂျီဆန်ပါပဲ။ နောက်တစ်ပတ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူသစ်စုဆောင်းရေးတာဝန်ခံဖြစ်တဲ့ ကျွန်တော့်ညီ မာတင်ကို သူ့ကိုတွေ့ပြီး ဘယ်လိုမြင်လဲဆိုတာသိရဖို့ လွှတ်ခဲ့တယ်။ သူလည်း ကျွန်တော့်လိုပဲ မြင်တဲ့အတွက် ဂျီဆန်နဲ့ စာချုပ်ချုပ်ခဲ့ကြတယ်။ ဂျီဆန်ဟာ ကိုယ်ပိုင်ကစားကွက်ကို ဖန်တီးနိုင်တဲ့ ရှားပါးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါတွေက အလွန်ထူးခြားတဲ့ အခိုက်အတန့်တွေပါပဲ။ ကျွန်တော်ဟာ အရည်အချင်းသစ်တစ်ခုကို အနည်းဆုံးမျှော်လင့်နေချိန်မှာ မမျှော်လင့်ပဲ သတိပြုမိလာတာကို သဘောကျပါတယ်။အလွန်ရှားပါးစွာပဲ တခြားကမ္ဘာတစ်ခုက ရောက်ရှိလာသလို ခံစားရတဲ့(သူ့အကောင်းဆုံးအချိန်မှာလုပ်ဆောင်နိုင်တဲ့ အဲရစ်ကော်တိုနာ လို) ယုံကြည်ဖို့ခက်ခဲလောက်အောင်တစုံတခုကို သင်တွေ့ဖူးပါသလား။ဒီဖြစ်ရပ်တွေနဲ့ ကစားသမားတွေဟာ သေချာကြည့်ရှုခဲ့ခြင်းရဲ့ တစ်ဘဝစာ ဆုလာဘ်တွေပါပဲ။ သူတို့တွေထဲက တစ်ယောက်မှ ကျွန်တော့်ဆီကို ရုတ်တရက်ရောက်လာကြတာမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ရေဒါလည်ပတ်မှုကိုတစ်နေကုန် ထိန်းသိမ်းထားတဲ့ အကျိုးရလဒ်တွေပါပဲ။

ဖတ်ရှုခြင်း (READING)
ကလေးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ကျောင်းစာလုံးဝမကြိုးစားခဲ့ခြင်းနဲ့ မိဘတွေကို စိတ်ပျက်စေခဲ့တယ်။ဘောလုံးကို အဲ့အချိန်ကတည်းက ရူးသွပ်နေခဲ့လို့ ကျွန်တော့်ပညာရေးက အသက် ၁၆နှစ်မှာတင် ရပ်တန့်သွားခဲ့တာပါ။ ဒါပေမယ့် မြူးနစ်လေဘေးအကြောင်းကြားရတဲ့ ၁၉၅၈ ဖေဖော်ဝါရီ ၆ရက်နေ့က ဂလပ်စဂိုးက စာကြည့်တိုက်ထဲမှာ ကျွန်တော် ရှိနေခဲ့တယ်။ကျွန်တော်ဟာ ရုံးဖွင့်ရက်တွေမှာ Daily Expressနဲ့ ပိတ်ရက်တွေမှာ the Scottish Sunday Mail and Sunday Post, the Sunday Express နဲ့Independent သတင်းစာတွေကို နှစ်ပေါင်းများစွာ မှာယူဖတ်ရှုခဲ့တယ်။ ရံဖန်ရံခါလည်း မြင်းပွဲသတင်းသစ်တွေသိရအောင် Racing Postကိုလည်း ဖတ်ပါတယ်။ဒါပေမဲ့ ပိုအရေးကြီးတာက ကျွန်တော်က အမြဲတမ်း စာအုပ်တွေကို ကြိုက်နှစ်သက်တယ်ဆိုတာပဲ။ကျွန်တော့်ရဲ့ စာအုပ်အကြိုက်တွေကတော့ ဘောလုံးအားကစားကနေ တော်တော်လွန်သွားပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့စာတွေထဲက နည်းပြတစ်ယောက်ဆိုရင် ကျွန်တော် လုံးဝမသိတဲ့ အားကစားနည်းကို ကိုင်တွယ်တာပါ။ သူကတော့ UCLAဘတ်စကတ်ဘောအသင်းရဲ့ နည်းပြ ဂျွန်ဝုဒ်ဒန်ဖြစ်ပြီး အသင်းကို ၁၂ရာသီအတွင်း နိုင်ငံအဆင့်ဆုတံဆိပ်ဆယ်ခုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ သူဟာ နညှ်းဗျူဟာ ဆရာတစ်ဆူထက် ရည်မှန်းချက်ကြီးတဲ့ နည်းပြတစ်ယောက်အဖြစ် အားကောင်းနေခဲ့လိမ့်မယ်။ ဒါပေမယ့် ဘယ်သူက ထူးချွန်တယ်ဆိုတာနဲ့ပတ်သတ်ပြီး နားလည်မှုလွဲစရာမရှိပါဘူး။ သူဟာ ဆိုးရွားတဲ့အပြုအမူ သို့မဟုတ် သူချမှတ်ထားတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားတဲ့ သူတွေကို သည်းမခံတတ်ပါဘူး။ နောက်ပြီး ဂရင်းဘေး ပတ်ကားစ် အသင်းနည်းပြဖြစ်နေစဉ် အမေရိကန်နိုင်ငံမှာလူသိများခဲ့တဲ့သူဖြစ်တဲ့ ဗင့်စ် လွန်ဘာ့ဒီရဲ့အကြောင်းကိုလည်း ဖတ်မိပါသေးတယ်။သူဟာ ကျွန်တော် အင်္ဂလိပ်ဘောလုံးကို စွဲလမ်းသလောက် အမေရိကန်ဘောလုံးကို စွဲမက်ခဲ့သူပါ။ သူ့ကို လွယ်လွယ်ရှာတွေ့ခဲ့ပြီး ကျွန်တော်နှစ်သက်တဲ့ သူ့ပြောစကားဖြစ်တဲ့
“ငါတို့ ကစားပွဲကိုမရှုံးခဲ့ဘူး။အချိန်ဖြုန်းရုံသက်သက်ပါပဲ”
ဆိုတာနဲ့ ဖော်ပြပေးခဲ့တယ်။ ကျွန်တော် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုပညာတွေလို အခြားစာအုပ်တွေကို စိတ်နှစ်ပြီးဖတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ကျွန်တော်က ကိုယ့် ကိုယ်ပိုင်အလုပ်ကိုပဲ စိတ်ဝင်စားခဲ့တဲ့အတွက် ကျွန်တော်နဲ့ဆိုင်တာ တစ်အုပ်တောင်မတွေ့ခဲ့ပါဘူး။အားကစား စာအုပ်တွေနဲ့ ကစားသမားတွေရဲ့ အတ္ထုပ္ပတ္တိတွေအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။အများအားဖြင့် မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆိုတာက ကျွန်တော်ဖြတ်သန်းလာခဲ့ပြီးတာရဲ့ မတူညီတဲ့ ရှုထောင့်ကဖြစ်နေပေမယ့်လည်း မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော့် နေ့တဒူဝအလုပ်မှာ အနည်းငယ်သာ လုပ်ဖို့လိုတဲ့ စာဖတ်ခြင်းကို ကြိုက်နှစ်သက်တယ်ဆိုတာ ကျွန်တော် သိလာခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒေးဗစ် ပိစ်ရဲ့ ဝတ္ထု The Damned Utdလို အခြားဘောလုံးနဲ့ပတ်သတ်တာတွေကို သတိထားမိလာတယ်။ ဒီဝတ္ထုဟာ ၁၉၇၄ လိဒ်စ် ယူနိုက်တက်အသင်းရဲ့ မန်နေဂျာအဖြစ် ဘရိုင်ယန် ကလော့ဂ်ျရဲ့ ၄၄ရက်ကြာ ကျိန်စာနဲ့ပတ်သတ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကို အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ မပြောနိုင်သေးပါဘူး။ သို့သော်လည်း ကျွန်တော် အတော်လေးစားမိတဲ့ သူဖြစ်တဲ့ ဘော်ဘီ ရော့ဘ်ဆင်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ဖြစ်တဲ့ “ခွဲခွာခြင်း၊ သို့သော် နှုတ်ဆက်ခြင်းမဟုတ်” ဆိုတာဖတ်ဖြစ်နေတယ်။ သူဟာ ကျောက်မီးသွေးမိုင်းတွင်း အောက်ခြေဘဝကနေစတင်ခဲ့ပြီး ၁၉၉ဝ ကမ္ဘာ့ဖလားဗိုလ်လုပွဲနိုင်ဖို့ခြေတလှမ်းအလိုဖြစ်သွားခဲ့တဲ့ အချိန် အင်္ဂလန်အသင်းမန်နေဂျာအဖြစ် အလုပ်ဖြုတ်ခံရသူဖြစ်တယ်။ပေါ်တိုနဲ့ ဘာစီလိုနာကို မဦးတည်ခင် သူ့ရဲ့ ကြီးမားတဲ့ သတ္တိကို ပြသဖို့ သူ့ကိုယ်သူ အားတင်းပြီး ပီအက်စ်ဗီ အင်းန်ဟိုဗန်ကို စီမံဖို့နယ်သာလန်ကို ထွက်သွားခဲ့ပြီး မမျှော်လင့်ပဲ သူ့မွေးရပ်ဖြစ်တဲ့ နယူးကာဆယ်မြို့ကို ပြန်သွားခဲ့ရပါတယ်။ ကစားသမားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေထဲက တစ်ခုရွေးပါဆိုရင် ၂ဝ၁၁ကထုတ်ဝေခဲ့တဲ့ ဂယ်ရီနဗီးလ်ရဲ့ “အနီရောင်” ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ တွေးစရာများပြီး ဘောလုံးသမားတွေအပေါ် ဖိအားနဲ့ သူတို့အောင်မြင်ဖို့ လိုအပ်ပုံတွေကို စာဖတ်သူတွေ နားလည်အောင် ကူညီပေးပါတယ်။ ကျွန်တော် ချဲ့ကားပြီး မပြောချင်ပေမယ့် စစ်သမိုင်းနဲ့ ပတ်သတ်တဲ့စာအုပ်တွေမှာ ဘောလုံးအားကစားနဲ့ ပတ်သတ်တဲ့ လေ့လာမှုတွေ တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ်တိုင်းဟာ တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်နဲ့ ရှေးရိုးစွဲတာထက်ပိုကောင်းတဲ့အခါကို အမြဲလေ့လာနေရပါတယ်။ ထူးထူးဆန်းဆန်း ဒါကို အထူးလေတပ်က လေ့ကျင့်ရေးကာလတက်ရောက်တုန်းက ရွတ်ခဲ့ရတာပါ။
အထူးလေကြောင်းတပ် (SAS)က သူတို့တွေ တိုက်ပွဲကိုစီမံတဲ့အခါ ဖြန့်တိုက်ပြီး ရန်သူကို တစ်ဖက်လမ်းလွှဲပြီးတော့ အလယ်ကနေ သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုစီမံလဲဆိုတာ ရှင်းပြပါတယ်။တစ်နှစ်မှာတော့ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံး ဟဲမ်းဖို့ရှိင်းယားက အထူးလေတပ်လေ့ကျင့်ကွင်းတွေမှာ ရာသီကုန်အနားယူချိန်တွင်း ရက်အတန်ကြာနေခဲ့ကြတယ်။ သူတို့ဟာ ရဟတ်ယာဉ်ပေါ်က မြေပြင်ပေါ်ခုန်ဆင်းတဲ့ အရသာ၊ ပစ်မှတ်အကွာအဝေးနဲ့ တက်ကြွသော ဖြိုခွဲမှုတွေနဲ့ ဓားစာခံတွေရဲ့အခြေအနေတွေကိုပါ သင်ကြားပေးခဲ့တယ်။ ကစားသမားတွေကလည်း ဒါကို နှစ်သက်ကြပါတယ်။အထူးလေတပ်ကနေ ကျွန်တော် ရလိုက်တဲ့ သင်ခန်းစာတစ်ခုကတော့ တိုက်ပွဲဖြစ်ပေါ်ပုံရဲ့ အကျိုးရှိမှုပါ။ တပ်ဖွဲ့တွေ ဖြန့်တိုက်တဲ့အခါ ဗဟိုခုခံမှုကို သက်သာစေတာပါပဲ။ကျွန်တော် အဲ့သင်ခန်းစာကို လီဗာပူးနဲ့ မကန်ခင်တစ်ပတ်အလိုမှာ လေ့ကျင့်ရေးကွင်းထဲ ချက်ချင်းအသုံးချခဲ့ပါတယ်။ ကျွန်တော့်မှာ ရှေ့တန်းနဲ့နောက်တန်းက တိုက်ခိုက်နိုင်မယ့် ကစားသမားတွေရှိတယ်။ ဂယ်ရီ ပါလီစတာကတော့ သေတ္တာပုံကစားကွက် အလယ် အပြင်ဘက်ရဲ့ ညာဘက်ကနေ ဂိုးယူဖို့လာခဲ့တယ်။တကယ်တော့ ပါလီစတာဟာ တူညီတဲ့လှည့်ဖြားမှုကို တိတိကျကျသုံးပြီး နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။တီဗီကြည့် ပရိသတ်တွေအားမပေးတာမှတပါး ကျွန်တော်ကတော့ တိုက်ပွဲစီမံမှုအပေါ် ပြန်လည်တုံ့ပြန်မှုကို ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်ဟာ အမေရိကန်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးသမိုင်းတွေကို အမြဲစိတ်ဝင်စားတယ်။နောက်ပြီး အေဘရာဟင်လင်ကွန်းနဲ့ ဂျွန်အက်ဖ်ကနေဒီအကြောင်း အတော်အသင့်တော့ ဖတ်ဖူးပါတယ်။အထူးသဖြင့် ဆုံးဖြတ်ချက်မချခင် အချိန်ယူတတ်ခြင်းရဲ့ တန်ဖိုးပါပဲ။ ဒေါရစ် ကရင်စ် ဂွတ်ဝင်းရဲ့ “Team Of Rivals:The Political Genius of Abraham Lincoln absorbing, while JFK’s careful approach during the Cuban Missile Crisis of 1962” စာအုပ်က ရုတ်တရက် ဆုံးဖြတ်ချက်ချခြင်းရဲ့ သာဓကဆိုတာ သင်တွေ့ပါလိမ့်မယ်။ ကျွန်တော် အသက်ရလာတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ရှည်စွာအလုပ်လုပ်ခြင်းမှာ စိတ်ကောင်းပိုထားနိုင်လာတာ တွေ့ရတယ်။ အစောပိုင်းကာလ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ စိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ အလုပ်တွေအားလုံးပြီးအောင် အမြဲအလျင်လိုခဲ့ပြီး တံဆိပ်တုံးကိုလည်း အမြန်နှိပ်ခဲ့တယ်။ “ဒါလေးတွေးပါရစေဦး” ဆိုတာပြောဖို့ သတ္တိရှိရမယ်။ မင်းငယ်စဉ်တုန်းက လဆီကို ပျံသန်းသွားချင်ခဲ့ပြီး အမြန်ဆုံးလည်းရောက်ချင်ခဲ့တယ်။ ကျွန်တော့်အထင် ဒါက ပုံမှန်ဖြစ်နေကြ စိတ်အားထက်သန်မှုတစ်ခုပါပဲ။ အသက်ကြီးလာတဲ့အခါ စိတ်အားထက်သန်မှုကို အတွေ့အကြုံနဲ့ ပြန်ထိန်းသွားကြတာပါပဲ။ကျွန်တော်တို့ဟာ ကြည့်ရှုခြင်း၊နားထောင်ခြင်းနဲ့ ဖတ်ရှုခြင်းတွေသာမက များစွာသော တွန်းအားတွေရဲ့ ပုံသွင်းခံနေရတယ်ဆိုတာကျွန်တော် သိလာခဲ့ပါပြီ။ ကျွန်တော်တို့အားလုံးဟာ မိဘတွေဆီက မျိုးဗီဇတွေရဲ့ မတော်တဆ ဓားစာခံတွေပါ။ ကံစီမံရာတွေ၊ ကျွန်တော်တို့ကြီးပြင်းလာရတဲ့အခြေအနေတွေနဲ့ ရရှိတဲ့ပညာရေးအခြေအနေတွေရဲ့ ပုံသွင်းခြင်းကိုခံနေရတာပါ။ဒါပေမယ့် ကျွန်တော်တို့အားလုံးမှာ အကြွင်းမဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားပြည့် ကိရိယာနှစ်စုံဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မျက်လုံးတွေ၊နားတွေရှိပါတယ်။ အခြားသူတွေကို ကြည့်ရှုခြင်း၊ သူတို့ရဲ့ အကြံညဏ်တွေကိုနားထောင်ခြင်းနဲ့ လူတွေအကြောင်းဖတ်ရှုခြင်းတွေဟာ ကျွန်တော်အမြဲလုပ်တဲ့အထဲမှာ အကောင်းဆုံးသုံးချက်ဖြစ်ပါတယ်။

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...