Ads (728x90)



အလုပ်လုပ်နှုန်း (WORK RATE Part-2)
ပြီးပြည့်စုံတဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာဆိုရင်တော့ ကျွန်တော့်မှာပင်ကိုယ်စွမ်းရည်လည်းထူးချွန်ပြီးထူးချွန်သလောက် ကြိုးစားချင်စိတ်လည်းရှိတဲ့ ကစားသမား ၁၁ ယောက်အပြည့်အမြဲရှိနေနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့လောကမှာတော့ အဲဒီိလိုမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ဟာပင်ကိုယ်စွမ်းရည်အလွန်ထူးချွန်ပေမယ့် အောင်မြင်လိုစိတ်နဲ့ စိတ်ဓါတ်ခိုင်မာမှုအားနည်းတဲ့ကစားသမားနဲ့ ပင်ကိုယ်စွမ်းရည်ကောင်းမွန်ရုံအဆင့်ပဲရှိပေမယ့် ကြိုးစားချင်စိတ် ပြင်းပြတဲ့ ကစားသမား နှစ်မျိုးထဲကတစ်မျိုးကိုရွေးချယ်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒီလိုရွေးချယ်ရမယ့် အနေအထားမျိုးကြုံတွေ့ရပြီဆိုရင် ကျွန်တော်ကတော့ အမြဲတမ်းဒုတိယအမျိုးအစားကိုပဲရွေးချယ်လေ့ရှိပါတယ်။ ပထမအမျိုးအစားကစားသမားတွေဟာကာလတစ်ခုလောက်တော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ အသင်းကိုတည်ငြိမ်မှုနဲ့ ပုံမှန်ခြေစွမ်းမျိုးရှိနေအောင် စွမ်းဆောင်ပေးနိုင်လေ့မရှိကြပါဘူး။ ကျွန်တော်ရှေ့မှာဖော်ပြခဲ့တဲ့ ကစားသမားတွေနဲ့ မန်နေဂျာတွေမှာရှိတဲ့ အလုပ်နဲ့ပတ်သတ်တဲ့ကျင့်ဝတ်မျိုးဟာ ဘယ်အားကစားနည်းမျိုးမှာမဆိုစစ်မှန်တဲ့အောင်မြင်မှုရဖို့အတွက် လိုအပ်တဲ့အရာပါပဲ။

ဆက်လက်ဖတ်ရှုရန် Read More ကိုနိုပ်ပါ
 ပွဲပေါင်း ၄၀၀၀ ကျော်နိုင်ပွဲရပြီး သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် နံရိုးအကုန်လုံးနဲ့ တခြားအရိုးအတော်များများကျိုးခဲ့ဖူးတဲ့ ဂျော်ကီကစားသမားအေ၊ပီ၊ မက်ကွိုင်းကိုပဲကြည့်ပါ။ သူ့ရဲ့ ပုံမှန်ကိုယ်အလေးချိန်က ၇၅ ကီလိုဂရမ် ဖြစ်ပေမယ့် သူဟာ ၂၅ နှစ်လုံးလုံးသူ့ကိုယ်အလေးချိန်ကို ၆၃ ကီလိုဂရမ်ဝန်းကျင်ဖြစ်နေအောင် ထိန်းထားခဲ့ပါတယ်။ သူအနားယူကြောင်းကြေညာလိုက်တဲ့အခါမှာသူ့ရဲ့ဇနီးကအခုမှပဲအာလူးချက်ခွင့်ရတော့မယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကာလရှည်နောက်ခံကစားသမားဗီဒစ်နဲ့မိတ်ဆွေ၊ တင်းနစ်ချန်ပီယံ နိုဗာဂျိုကိုဗစ်ဟာလည်းအဲဒီလိုစိတ်ဓါတ်ထက်သန်မှုမျိုးရှိတဲ့သူပါပဲ။ သူ့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်နဲ့ အဟာရမှီဝဲပုံဟာ ကြားရတဲ့သူတိုင်းလက်ဖျားခါ လောက်စရာပါ။
ဒူဘိုင်းကကမ်းခြေမှာအနားယူနေတဲ့၊ နိုက်ကလပ်တွေ မှာကောင်မလေးငယ်ငယ်လေးတွေနဲ့ ပျော်နေတတ်တဲ့ ကမ္ဘကျော် ဘောလုံးသမားတွေရဲ့ ဓါတ်ပုံတွေကိုတစ်ခါတစ်လေတွေ့ရတတ်လို့ သူတို့ရဲ့ဘ၀က အပျော်အပါးတွေနဲ့ပြည့်နေတယ်လို့ ထင်ရင်တော့မှားပါလိမ့်မယ်။ တကယ်တော့ သူတို့တွေရဲ့ဘ၀ဟာ အစီအစဉ်တကျသာသွားနေရတာပါ။ သူတို့ဟာအမြဲတမ်းထိပ်ဆုံးရောက်နေဖို့အတွက်သာမကပဲသူတို့ရဲ့နေရာကို ၀င်ရောက်နေရာယူဖို့ စိတ်အားထက်သန်နေတဲ့ အသင်းဖော်ကစားတွေကိုနေရာဖယ်မပေးရဖို့အတွက်ပါ အမြဲမပြတ်ကြိုးစားနေကြရတာပါ။ ဒါဟာဘာကြောင့် ဘောလုံးသမားအများစုဟာအလုပ်သမားလူတန်းစားမိသားစုကလာတဲ့သူတွေဖြစ်နေတတ်သလဲဆိုတာကိုလည်းရှင်းပြနေပါတယ်။ လူလတ်တန်းစားအဆင့်ရှိတဲ့ မိဘတွေဟာသူတို့ရဲ့သားတွေကိုကောလိပ်ရောက်ဖို့၊ ဒါမှမဟုတ် တခြားပညာရပ်တစ်ခုခုသင်ယူဖို့ပဲလိုလားကြပါတယ်။ ဒါကြောင့်အဲဒီလိုမိသားစုတွေမှာဘောလုံးကစားနည်းကို အသက်မွေးဝမ်းကျောင်းအတွက်ရွေးချယ်ဖို့ စိတ်ကူးမရှိတတ်ကြပါဘူး။ အဆင့်မြင့်ပညာရေးဆက်လက်သင်ကြားဖို့ အခွင့်အရေးမရတဲ့၊ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရဖို့အတွက် သူတို့ရဲ့ဘောလုံးစွမ်းရည်တိုးတက်အောင် ပြင်းပြင်းထန်ထန် ကြိုးစားတာကလွဲပြီးတခြားနည်းလမ်းရှာမရတဲ့ ကမ္ဘာတ၀မ်းကလူတွေလေးတွေကို ဘောလုံးအားကစားနည်းကစွဲဆောင်ပါတယ်။
ဒီနေ့ခေတ်မှာအလုပ်သမားလူတန်းစားလို့သတ်မှတ်ခံရတဲ့သူတွေရဲ့ အဆင့်အတန်းကအရင်ခေတ်တွေတုန်းကအလုပ်သမားလူတန်းစားတွေရဲ့ အဆင့်အတန်းမျိုးမဟုတ်တော့ပေမယ့် ယူနိုက်တက်ကစားသမားအများစုဟာလက်ရှိမှာ ၀င်ငွေနိမ့်မိသားစုလို့ သတ်မှတ်ခံရတဲ့ မိသားစုမျိုးကလာကြသူတွေဖြစ်ပါတယ်။ ကျွန်တော် ရှေးရိုးစွဲအဘိုးကြီးတစ်ယောက် ရဲ့လေမျိုးနဲ့ပြောချင်လို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ လူတန်းစားအသီးသီးရဲ့ လူနေမှုအဆင့်အတန်းမြင့်လာတာကြောင့် ဒီနေ့ခေတ်ကစားသမားတွေဟာရေပူပေးစက်တွေ၊ တယ်လီဗေးရှင်းတွေ၊ ကွန်ပြူတာတွေ၊ကားတွေ၊ စရိတ်နည်းလေကြောင်းလိုင်းတွေနဲ့ ကြီးပြင်းလာကြရတာကြောင့် ရုပ်ခန္ဓာပိုင်းအရ ကျွန်တော်တို့ခေတ်ကထက် အများကြီးပိုပြီးသက်သောင့်သက်သာကြီးပြင်းလာရတယ်လို့ ဆိုရမှာပါ။ အလုပ်သမားလူတန်းစားကလာတဲ့သူတွေနဲ့ ပတ်သတ်လာရင် ကျွန်တော့်မှာကာလအတော်ကြာကြာကတည်းကအားနည်းချက်တစ်ခုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ငယ်စဉ်တုန်းကရုန်းကန်ခဲ့ရမှုတွေကသူတို့ကို ခက်ခဲကြမ်းတမ်းတဲ့ဘ၀အတွက် ကြိုတင်ပြင်ဆင် ပေးရာရောက်တယ်လို့ ကျွန်တော်ယူဆလို့ပါပဲ။
ကျွန်တော့်အတွက်ကစားပေးခဲ့သမျှ ဗြိတိသျှဘောလုံးသမားအများစုဟာဘောလုံးဟာသူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကနေရုန်းထွက်ဖို့ တစ်ခုတည်းသောထွက်ရပ်လမ်း ဖြစ်ခဲ့ကြသူတွေပါ။ ရိုင်ယန်ဂစ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ ဘ၀က လာခဲ့ရသူပါ။ သူ့ကိုကာဒစ်ဖ်မြို့မှာ ၁၇ နှစ်အရွယ်မိခင်ကမွေးခဲ့တာပါ။ သူ့ရဲ့အဖေဘက်ကအဖိုးဟာဆီယာလီယွန်က ဖြစ်တာကြောင့် ရိုင်ယန်ဟာ ကလေးဘ၀မှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေနဲ့တောင် ကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အဖေ ဒန်နီဝီလ်ဆင် က ပရိုဖက်ရှင်နယ်ရက်ဂ်ဘီကစားသမားအဖြစ်ကစားဖို့အတွက် ဝေးလ်ရက်ဘီလက်ရွေးစင်အသင်းကို စွန့်ခွာလိုက်တဲ့အခါ ရိုင်ယန်ဟာ ကလေးဘ၀မှာပဲ ဝေးလ်ကနေ အခြေဖျက်ပြီးရွှေ့ပြောင်းခဲ့ရပြန်ပါတယ်။ သူ့ရဲ့ အဖေကသူတို့မိသားစုကိုထားသွားခဲ့တဲ့အခါမှာတော့ ရိုင်ယန်ဟာသူ့ရဲ့မိခင် လင်းဂစ်နဲ့ ဆဲလ်ဖို့ဒ်မှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီမှာပဲသူဟာသူ့ရဲ့ဘောလုံးစွမ်းရည်ကိုတိုးတက်အောင်လေ့ကျင်ခဲ့ပါတယ်။ လင်းဟာဘားမယ်အဖြစ်ရော၊ သူနာပြုအဖြစ်နဲ့ ပါ လုပ်ကိုင်ပြီးတစ်ကိုယ်တော်မိခင်အဖြစ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။ သူမဟာရိုင်ယန့်အတွက် ဘောကန်ဖိနပ်ကောင်းကောင်း တစ်ရံဝယ်ဖို့ လုံလောက်တဲ့ပိုက်ဆံဘယ်တုန်းကမှ မရှိခဲ့ရှာပေမယ့် အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားလိုစိတ်ကိုရိုင်ယန့်စိတ်ထဲရိုက်သွင်းပေးနိုင်ခဲ့ပါတယ်။ သူမဟာတကယ့်သူတော်စင်တစ်ယောက်ဖြစ်ပြီးရိုင်ယန်ဟာသူ့ရဲ့ မျိုးရိုးနာမည်ကို ၀ီလ်ဆင်ကနေ ဂစ်လို့ပြောင်းပြီးသူ့ရဲ့မိခင်ကို တစ်သက်တာထာဝရ ဂုဏ်ပြုခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာလည်းလန်ဒန်အရှေ့ပိုင်းကမချမ်းသာတဲ့မိသားစုလေးတစ်ခုမှာမွေးဖွားခဲ့သူပါ။ သူ့ရဲ့ဖခင်ဟာအပူပေးစနစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ ပေါလ်စခိုးဟာလန်ဂလေက ၀န်ထမ်းအိမ်ရာတစ်ခုမှာ ကြီးပြင်းခဲ့ရပြီးနီကီဘတ်ကတော့ ဂေါ်တွန် ဘက်ခြမ်းကလာတဲ့သူ ဖြစ်ပါတယ်။ အဲဒီနှစ်နေရာစလုံးမှာတန်ဖိုးကြီးဘန်တလေကားတွေ ရပ်ထားတာမျိုးခင်ဗျားမြင်ရမှာမဟုတ်ပါဘူး။ ၀ိန်းရွန်နီဆိုရင်လည်း လီဗာပူးလ်ရဲ့ ဆင်ခြေဖုန်းတစ်ခုမှာကြီးပြင်းခဲ့ရသူ ဖြစ်ပြီး ကြေးစားလက်ဝှေ့သမားဖြစ်ဖို့တောင် အမှန်တကယ်ကြံရွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒန်နီဝဲလ်ဘတ်နဲ့ ၀က်စ်ဘရောင်း တို့ကတော့ မန်ချက်စတာမြို့မှာ ဂိုဏ်းဖွဲ့လုယက်၊အကြမ်းဖက်မှုတွေဖြစ်ပွားလေ့ရှိတဲ့နေရာအဖြစ်နာမည်ဆိုးနဲ့ကျော်ကြား တဲ့ လောင်းဆိုဒ်မှာ ကြီးပြင်းခဲ့သူတွေပါပဲ။ ဘရိုင်ယန်ရော့ဘ်ဆင်ရဲ့ အဖေကကုန်ကားမောင်းတဲ့ဒရိုင်ဘာပါ။ ရီယိုဖာဒီနန် ဆိုရင်လည်းလန်ဒန်မြို့ရဲ့အဆင်းရဲဆုံးနေရာတစ်နေရာဖြစ်တဲ့ ပက်ခ်ဟမ်းကပါပဲ။ အကုန်လုံးသာချရေးပြနေရရင် ဆုံးမှာတောင်မဟုတ်ပါဘူး။
နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်ဟာ ဗြိတိသျှကစားသမားတွေရဲ့ မိသားစုနောက်ခံအသိုင်းအ၀ိုင်းက ကစားသမားတွေအပေါ်လွှမ်းမိုးမှုကိုပိုပြီးမှန်မှန်ကန်ကန်သုံးသပ်နိုင်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းလူငယ်လေးတွေရဲ့ မိသားစုနောက်ခံအသိုင်းအ၀ိုင်းနဲ့ ဘယ်ကျောင်းမှာတက်ခဲ့တယ်ဆိုတာတွေကိုသိလာရလို့ပါ။ ဒါပေမဲ့ တောင်အမေရိကနဲ့ ဥရောပအရှေ့ပိုင်းကကစားသမားတွေကို အသင်းအတွက်စပြီးဝယ်ယူတဲ့ အခါကျတော့ အဲဒီလိုမျိုးနောက်ခံအချက်အလက်တွေနဲ့ သုံးသပ်ဖို့အခက်အခဲရှိခဲ့ပါတယ်။ ၁၉၉၀ လွန်နှစ်အလယ်ပိုင်းနှစ် တွေအထိလူငယ်လေးတွေဟာ အသင်းမှာဝါအနု၊အရင့်အလိုက် သူတို့ရဲ့နေရာကိုသူတို့သိကြပါတယ်။ သူတို့ဟာဖိနပ်တိုက်၊ အ၀တ်လဲခန်းရှင်း၊ ကစားသမားတွေ လေ့ကျင့်ပြီးချထားတဲ့ ဘောလုံးတွေနဲ့ လေ့ကျင့်ရေးဝတ်စုံတွေသိမ်း စတာတွေကိုလုပ်ကြရပါတယ်။ ပြီးတော့ ပထမအသင်းကစားသမားတွေရဲ့ အ၀တ်လဲခန်းထဲကို သူတို့ဝင်ခွင့်လုံးလုံးမရှိဘူးဆိုတာကိုလည်းနားလည်လက်ခံထားကြပါတယ်။ အဲဒီလိုထုံးတမ်းစဉ်လာပြဌာန်းချက်တွေကိုသူတို့ကိုအောင်မြင်ချင်တဲ့စိတ်တွေပိုမိုပြင်းပြလာအောင် လုပ်ပေးနိုင်ခဲ့ပုံပါပဲ။
ကျွန်တော့်ရဲ့နည်းပြဘ၀နောက်ဆုံး ၁၀ နှစ်အတွင်းမှာတောင် ပြည်ပနိုင်ငံတွေမှာကြီးပြင်းခဲ့ပြီး ဗြိတိသျှမှာလာကစားတဲ့ ကစားသမားတွေထဲမှာအဲဒီလိုဥာဉ်မျိုးရှိသူတွေတွေ့ခဲ့ရပါသေးတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုလ်ဆိုရင် ရုန်းကန်လှုပ်ရှားရတယ်ဆိုတာဘယ်လိုဟာမျိုးလည်းဆိုတာကောင်းကောင်းသိသူပါပဲ။ သူဟာမဒီးရားကျွန်းစုပေါ်မှာရှိတဲ့ ရွာလေးတစ်ရွာက ၀င်ငွေနည်းမိသားစုတစ်စုကဖြစ်ပြီးမိခင်ဖြစ်သူတစ်ဦးတည်းရဲ့ ကျွေးမွေးစောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့ရသူပါ။ ယူနိုက်တက်အသင်းရဲ့ဂိုးပေါက်ကိုပွဲပေါင်း ၇၇ ပွဲအထိတာဝန်ယူစောင့်ရှောက်ခဲ့တဲ့ တင်မ်ဟောင်းဝပ်ဆိုရင်လည်း နယူးဂျာစီမှာတစ်ကိုယ်တော်မိခင်ရဲ့ ကျွေးမွေးစောင့်ရှောက်မှုနဲ့ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့မိခင်ဟာဟန်ဂေရီကနေအမေရိကကိုပြောင်းရွှေ့အခြေချခဲ့သူဖြစ်ပြီး ဟောင်းဝပ်ရဲ့ အဖေကထားသွားခဲ့ပြီးတဲ့နောက်မှာအလုပ်နှစ်ခုလုပ်ကာရုန်းကန်ရပ်တည်ခဲ့ရသူပဲ ဖြစ်ပါတယ်။ ဒါဆေးလ်ဗားတို့အမွှာညီအစ်ကိုလည်းဒီလိုပါပဲ။ သူတို့ဟာဘရာဇီးလ်ကပတ်ထရိုပိုလစ်မြို့မှာ ကြီးပြင်းခဲ့ကြသူတွေဖြစ်ပြီးအံ့အားသင့်လောက်စရာအလုပ်ကျင့်ဝတ်ရှိကြသူတွေပါ။ ရာဖေးလ်ဟာမန်ချက်စတာမြို့ရဲ့ အအေးဆုံးနေ့တွေမှာလေ့ကျင့်ရေးကွင်းကို ကျွန်တော်အပါအ၀င် ကျန်လူတွေအားလုံးက အ၀တ်အစားအထပ်ထပ်နဲ့ရောက်လာကြချိန်မှာ သူကအင်္ကျီလက်တို၊ ဘောင်းဘီတိုနဲ့ ရောက်လာတတ်သူပါ။ ရာသီကုန်မှာ ကျွန်တော်ကသူတို့ညီအစ်ကိုနှစ်ယောက်ကို နွေရာသီမှာကောင်းကောင်းနားကြဖို့ မှာပြီးပြန်လွှတ်လိုက် ပေမယ့် သူတို့ရဲ့အဖေကသူ့သားတွေ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနိုင်ဖို့အတွက် သူတို့မြို့မှာတကယ့်ဘောလုံးကွင်းအရွယ်ကစားကွင်းတစ်ခုဆောက်ပေးထားခဲ့မှန်းနောက်ပိုင်းမှာ ပြန်သိခဲ့ရပါတယ်။
နိုင်ငံခြားသားကစားသမားအများစုဟာလည်းဘောလုံးကိုသူတို့အနာဂတ်အတွက် ထွက်ရပ်လမ်းအဖြစ်မှတ်ယူကြပါတယ်။ အကောင်းတကာ့အကောင်းဆုံးတွေအတွက် ဘောလုံးလောကမှာခိုင်မာတဲ့တစ်နေရာရှိနေပြီးပင်ကိုယ်စွမ်းရည်နဲ့ အလုပ်ကြိုးစားမှုကိုပေါင်းစပ်နိုင်ရင် ကိုယ့်အတွက်အများကြီးပြန်ရလာနိုင်တယ်ဆိုတဲ့အသိကသူတို့စိတ်ထဲစွဲနေကြပါတယ်။ ကျွန်တော်ဟာကိုယ့်အဖေကကိုယ့်အတွက်ခရစ္စမတ်လက်ဆောင်အရုပ်ကိုကိုယ်တိုင်လုပ်ပေးတဲ့ခေတ်ကလာခဲ့သူဖြစ်ပြီးဒီနေ့ခေတ်တစ်ချို့နိုင်ငံခြားသားကစားသမားတွေဟာ ကျွန်တော်တို့ရဲ့အဲဒီခံစားချက်မျိုးကိုနားလည်နေကြတယ်လို့ ကျွန်တော်စိတ်ထဲထင်နေပါတယ်။ ကျွန်တော်တို့စာချုပ်ခေါ်ယူခဲ့တဲ့ ပြည်ပကစားသမားတွေဟာသူတို့ရဲ့ အသင်းဖော်ကစားသမားတွေထက်ပိုပြီးနိမ့်ကျဆိုးရွားတဲ့အခြေအနေမျိုးတွေကလာကြရသူတွေပါ။ ၂၀၁၁၊မတ်လ မှာအသက် ၁၆ နှစ်အရွယ်မှာတင် ယူနိုက်တက်နဲ့လက်မှတ်ထိုးခဲ့တဲ့ အက်ဒ်နန်ဂျာနူဇာဆိုရင် ယူဂိုဆလဗ်ကနေဘယ်လ်ဂျီယံကိုပြောင်းရွှေ့လာတဲ့ မိဘတွေကနေမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ အီကွေဒေါသားအန်တိုနီယိုဗလင်စီယာနဲ့ ဘရာဇီးလ်သားအန်ဒါဆင်တို့ဟာလည်းချို့တဲ့တဲ့မိသားစုတွေကနေလာကြသူတွေပါပဲ။ ၁၉၉၀ လွန်နှစ်တွေတုန်းက ကျွန်တော်တို့အတွက်ကစားပေးခဲ့တဲ့ အန်ဒရေကန်ချက်စကီးဟာဆိုဗီယက်ပြည်ထောင်စုမှာ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ ကားလို့စ်တီဗက်စ် ကတော့ ဗျူနိုအေရီးစ်ရဲ့ မူးယစ်ဆေးသမားတွေကြီးစိုးတဲ့ထိတ်လန့်စရာဖို့တ်အပါချီရပ်ကွက်မှာကြီးပြင်းလာခဲ့ရသူပါပဲ။ ကွင်တန်ဖော်ကျွန်းဆိုရင်လည်းလူမျိုးရေးခွဲခြားမှုတွေများပြားလှတဲ့ တောင်အာဖရိကရဲ့ မြို့တစ်မြို့မှာ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။
ဝမ်းနည်းစရာအနေနဲ့ ဂစ်တို့၊ ရော်နယ်ဒိုလ်တို့လိုထူးချွန်တဲ့ပင်ကိုယ်ပါရမီတွေရှိပေမယ့် သူတို့ရဲ့ငယ်ဘ၀နာကျင်ရမှုတွေနဲ့၊ သူတို့ကိုယ်တွင်းကမကောင်းတဲ့မိစ္ဆာစိတ်ကိုကျော်လွှားအနိုင်ယူဖို့အထိစိတ်ဓါတ်ပိုင်းအရ၊ ခံစားမှုအရလုံလောက်တဲ့ ခွန်အားမရှိတဲ့ ကစားသမားတွေကိုလည်းဥပမာအဖြစ်ထုတ်ပြစရာရှိနေပါသေးတယ်။ အဲဒီလိုပြစရာဥပမာတွေထဲမှာရာဗဲလ်မောရစ်ဆင်က ၀မ်းနည်းစရာအကောင်းဆုံးဥပမာလို့ဆိုရမှာပါပဲ။ သူဟာ ကျွန်တော်တို့ခေါ်ယူစာချုပ်ခဲ့ဖူးသမျှ လူငယ်ကစားသမားတွေထဲကပင်ကိုယ်အရည်အသွေးအထူးချွန်ဆုံးတွေထဲမှာတစ်ယောက်အပါအ၀င်ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘ၀ကတော့ လှပမလာခဲ့ပါဘူး။ သူ့ကို ၂၀၁၂ ခုနှစ်မှာ ၀က်စ်ဟမ်းအသင်းကိုရောင်းချလိုက်တဲ့အခါ သိပ်ကိုနာကျင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာထူးချွန်တဲ့ကစားသမားတစ်ယောက် ဖြစ်လာနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့လို့ပါပဲ။ ဒါပေမဲ့ နောက်ထပ်နှစ်တွေကြာလာပြီးတဲ့နောက်မှာလည်းသူ့ရဲ့ပြဿနာတွေကရပ်တန့်မသွားဘဲပိုလို့အရှိန်မြင့်လာခဲ့ပြီးသူ့အပေါ်မှာမျှော်လင့်ချက်အနည်းငယ်ထားချင်သေးပေမယ့် သံယောဇဉ်လက်ကျန် ဖြတ်လိုက်ရတော့တာပါပဲ။ ရာဗဲလ်ဟာနောက်ပိုင်းမှာလည်းရင့်ကျက်လာတယ်လို့ယူဆစရာအနည်းငယ်သာရှိခဲ့ပြီးနောက်ဆုံးမှာတော့ ၀က်စ်ဟမ်းအသင်းကသူ့ကို ၂၀၁၅ ခုနှစ်မှာစာချုပ်ဖျက်သိမ်းလိုက်ပါတော့တယ်။
ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘ၀ကိုဖြတ်သန်းခဲ့ရသူတွေမှာ အောင်မြင်မှုကိုဆာလောင်တဲ့စိတ်နဲ့ ပြင်းပြတဲ့စိတ်ဓါတ်ခွန်အားတွေ ရှိကြတယ်လို့ ကျွန်တော်အစဉ်တစိုက်ယုံကြည်ခဲ့ပါတယ်။ ယူနိုက်တက်မှာပြဿနာရှိနေပြီးကစားသမားတွေကိုစိတ်ဓါတ်မြှင့်တင်ဖို့လိုအပ်တဲ့အခါတိုင်းမှာ ကျွန်တော်ဟာကစားပွဲမစခင် အသင်းသားတွေကိုစကားပြောတဲ့အခါ သူတို့အားလုံးဟာချို့တဲ့တဲ့အလုပ်သမားလူတန်းစားကလာကြသူတွေဖြစ်ကြောင်းသတိပေးခြင်းနဲ့အဆုံးသတ်လေ့ ရှိပါတယ်။ မင်းတို့ရဲ့ အဖိုး၊အဖွား၊ ဒါမှမဟုတ် မင်းတို့မိသားစုဝင်ထဲကတစ်ယောက်ယောက်ဟာ အလုပ်သမားလူတန်းစား ဖြစ်ခဲ့မှာသေချာသလောက်ရှိပြီးသူတို့ဟာအသက်ရှင်သန်ဖို့အတွက်လောက်နဲ့နေ့စဉ်ရုန်းကန်ခဲ့ရပေမယ့် အဲဒီလူတွေကမွေးဖွားလာတဲ့မင်းတို့ကတော့ မိနစ် ၉၀ လောက်ကြိုးကြိုးစားစားကစားရုံနဲ့ ပိုက်ဆံတွေအများကြီးရနေတာဖြစ်တယ်လို့ ကစားသမားတွေကို ကျွန်တော်ပြောလေ့ရှိပါတယ်။ ပြန်စဉ်းစားကြည့်ရင် အလုပ်သမားလူတန်းစားဆိုတဲ့ အသုံးအနှုံးဟာတစ်ချို့တွေ၊ အထူးသဖြင့်နိုင်ငံခြားသားကစားသမားတွေအတွက် ထူးခြားတဲ့အဓိပ္ပါယ်မျိုးရှိချင်မှတောင် ရှိမှာပါ။ ဒါပေမဲ့ သူတို့သူတို့အားလုံးခက်ခဲတဲ့အချိန်တွေကိုရင်ဆိုင်ခဲ့ရသူတွေအကြောင်းကိုတော့ သိကြပါတယ်။ ကျွန်တော်တို့အားလုံးဟာတစ်နည်းနည်းနဲ့တော့ ကိုယ့်ကိုယ်ကိုယ်အပြင်လူတစ်ယောက်လို့ခံစားခဲ့ကြရတာပါပဲ။ အဲဒီလိုအပြင်လူအဖြစ်ခံစားရတဲ့ အခါမှာလူတွေဟာသူတို့ကိုယ်သူတို့ငြင်းပယ်ခံရသူတွေလို့ခံစားရပြီးဒဏ်ရာတွေကိုမခံမရပ်နိုင်နဲ့ လောကကြီးကမတရားဘူးလို့ ထိုင်အော်နေမလား၊ အဲဒီလိုငြင်းပယ်ခွဲခြားခံရတဲ့ခံစားချက်ကိုထရိုဂျန်တွေလိုရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်ဖို့အတွက် တွန်းအားအဖြစ်အသုံးချမလားဆိုတဲ့နည်းလမ်းနှစ်ခုထဲကတစ်ခုကိုရွေးချယ်ကြပါတယ်။
ကျွန်တော့်ကစားသမားတွေကို ကျွန်တော်ဒီလိုပြောလေ့ရှိပါတယ်။
" ပြိုင်ဘက်အသင်းထက်ပိုပြီး ကြိုးစားမကစားဘူးဆိုရင် ငါတို့ဟာမန်ချက်စတာယူနိုက်တက် မဟုတ်လို့ဘဲ "

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...