Ads (728x90)



ဆာအဲလက်စ်ဖာဂူဆန်ရဲ့  Leading စာအုပ်ရဲ့  Introduction ကို ဒီအပတ်ရဲ့ အပိုင်း (၁) အဖြစ်ဖော်ပြပေးလိုက်ပါတယ် ။ အပတ်စဉ်ကြာသပတေးနေ့ တိုင်းမှာ တင်ဆက်ပေးသွားပါမယ်။ 
ကျေးဇူးတင်ပါတယ်
**********************************************************************
 
"Leading"
……………………….
ကျွန်တော့် အသက် ဆယ့်ခြောက်နှစ်ရောက်တော့ Remington Rand ကုမ္ပဏီမှာ စက်ပြင်ဆရာတစ်ယောက်အဖြစ် အလုပ်သင်ကာလကိုစတင်ဖို့ ဂလက်စကို မြို့မှာရှိတဲ့ ဂိုဗန်အထက်တန်းကျောင်းကနေထွက်လာခဲ့တယ်။ တစ်ဆက်တည်းမှာပဲ Queen's Park ဘောလုံးအသင်းမှာ အပျော်တမ်းဘောလုံးသမား တစ်ယောက်အဖြစ်နဲ့ ဘောလုံးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ၅၅နှစ်အကြာမှာ ဟားဗတ်စီးပွားရေးကျောင်းရဲ့သီရေတာရှေ့ ရပ်ပြီး MBAကျောင်းသားတွေကို ကျွန်တော့်အကြောင်းပြောပြရလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။
 
 ကျွန်တော် ၂၀၁၂ အောက်တိုဘာတုန်းကပထမဆုံးသင်ရတဲ့ အတန်းဆိုရင် ခန်းလုံးပြည့်လုမတတ်ပါပဲ။ ကျွန်တော် စာသင်ရတဲ့သီရေတာအရှေ့ဆုံးကနေရာကနေကြည့်မယ်ဆိုရင် ကျောင်းသားတွေဟာ ကိုယ့်နာမည်ကတ်ရှိတဲ့ခုံတွေမှာစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတဲ့အပြင် လူသွားလမ်းတွေမှာပါ ပြည့်ကျပ်နေတာကိုတောင် တွေ့ရပါတယ်။ ဒါဟာထိတ်လန့်ဖွယ် အခြေအနေတစ်ခုဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကြိုးစားအားထုတ်ထားတဲ့ ဆွဲဆောင်နိုင်မှုကိုချီးကျူးဂုဏ်ပြုတာလည်းဖြစ်ပါတယ်။ 
 
အဲ့ဒီကျောင်းကလုပ်တဲ့ တီထွင်မှုအားကောင်းတဲ့လုပ်ငန်းတွေရဲ့ မဟာဗျုဟာအရောင်းမြှင့်တင်ရေးလေ့လာချက်တုန်းက ပါဝင်ခဲ့တဲ့ Burberry ဖက်ရှင်လုပ်ငန်း၊ အမေရိကန်ရဲ့ကြီးမားတဲ့ရုပ်သံလိုင်းအော်ပရေတာComcast၊ spider man နဲ့ Iron Manရုပ်ပြနဲ့ ရုပ်ရှင်မူပိုင်ခွင့်တွေရဲ့နောက်ကဟောလိဝုဒ် စတူဒီယို MarvelEnterprises တွေအကြားမှာတော့ ကျွန်တော်တို့အသင်းက အလွန်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့တယ်။အံ့သြစရာကောင်းတာကတော့ ဘီယွန်းစေးနဲ့ လေဒီဂါဂါတို့လိုတေးဂီတကြယ်ပွင့်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေလည်းပါဝင်နေတာပါပဲ။
 
 
၂၀၁၂ အောက်တိုဘာတုန်းကဟားဗတ်တက္ကသိုလ်ကျောင်းဝန်းထဲမှာ ကျွန်တော်ရှိနေခဲ့တဲ့အတွက် တိုက်ဆိုင်လာတဲ့ အဖြစ်အပျက်တွေကိုကျေးဇူးတင်မိတယ်။အရင်နှစ်တွေကတည်းကဟားဗတ် စီးပွားရေးကျောင်းကပါမောက္ခ အန်နီတာအဲလ်ဗက်စ်ရဲ့ချဉ်းကပ်မှုကို ကျွန်တော် ရခဲ့တယ်။သူမက ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းကိုဘယ်လိုစီမံခန့်ခွဲသလဲဆိုတာနဲ့ အသင်းကရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုသိချင်နေခဲ့တယ်။ မနက်ဆိုလေ့ကျင့်ရေးကွင်းထဲ ကျွန်တော့်နောက်ကို သူလိုက်လာတယ်။ 
 
 နေ့လည်ခင်းတွေမှာ မေးမြန်းတာတွေလုပ်တယ်။ ရက်နည်းနည်း ကုန်ဆုံးပြီးတဲ့နောက်မှာတော့ "ဆာအဲလက်ဖာဂူဆန်:မန်ချက်တာယူနိုက်တက်အသင်းကိုစီမံခန့်ခွဲခြင်း" ဆိုတဲ့ စာတမ်းတစ်ခုကိုရေးသားခဲ့တယ်။
အဲဒီ ကာလ၀န်းကျင်မှာပဲ ဘော်စတွန်ကကျောင်းဝင်းထဲမှာရှိတဲ့ သူမစာပို့ချတဲ့ အတန်းကိုလာရောက်ဆွေးနွေးဖို့ ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့သေးတယ်။ စိတ်လှုပ်ရှားပြီးအနည်းငယ်တုန်လှုပ်နေပေမယ့် ဖိတ်ကြားချက်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ ... > ဆက်လက်ဖတ်ရှုရန် Read More ကိုနိုပ်ပါ

ပြန်တွေးကြည့်ရင်တော့ ဒီပို့ချချက်က ကျွန်တော့်ရဲ့ လုပ်ငန်းခွင်ဘ၀အတွင်းက အကူးအပြောင်းဖြစ်စဉ်တစ်ခုပါပဲ။ အဲဒါကို ကျွန်တော် လွယ်လွယ်ကူကူပဲ သိမြင်ခဲ့တယ်။ ဒါဟာ ပြန်တွေးကြည့်မှ သိခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ကျွန်တော် မသိခဲ့ဘူးပေါ့။ အိုးထရက်ဖို့ဒ်အတွက် ကျွန်တော်တာဝန်ယူနေတဲ့ နောက်ဆုံးဘောလုံးရာသီမှာရလာမယ့်ရလဒ်တွေအတွက် စဉ်းစားဖို့ ရက်သတ္တပတ်အနည်းငယ်ပဲအချိန်ရခဲ့တယ်။ 
 
ကျွန်တော့်အတွေးတွေလည်းများနေခဲ့တယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကကျွန်တော်တို့ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ဂိုးကွာခြားချက်ကြောင့် ကျွန်တော်တို့ ဆုဖလားကိုဆုံးရှုံးခဲ့ရတယ်။ဒါပေမဲ့ ပြန်အနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပြီးပါပြီ။ နောက်ပြီး ကျွန်တော်တို့ ဘောလုံးရာသီသစ်ကိုကောင်းကောင်းစတင်ခဲ့တယ်။ ဘော်စတွန်ကပြန်လာဖို့နစ်ရက်အလိုတုန်းကဆိုနယူးကာဆယ်အသင်းကို ကျွန်တော်တို့ သုံးဂိုး-ဂိုးမရှိ နဲ့ ဂိုးပြတ်နိုင်လို့ စိန့်ဂျိမ်းစ် ပန်းခြံကနေအောင်ပွဲခံလာခဲ့ကြတယ်။ဒါဟာ ကျွန်တော်တို့အတွက် ခုနစ်ပွဲကစားပြီးနောက် ပဉ္စမအကြိမ်မြောက် နိုင်ပွဲဖြစ်တဲ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာချယ်ဆီးအသင်းနောက်ကလေးမှတ်အလိုနဲ့ ဒုတိယနေရာကို ရောက်လာစေခဲ့ပါတယ်။ 
 
ဥရောပဖလားလို့အရင်ကသိခဲ့ကြတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်ကိုရာနှုန်းပြည့် စတင်နိုင်ခဲ့တယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ကျွန်တော်ဟာဟားဗတ်တက္ကသိုလ်ရဲ့ စာသင်ခန်းရှေ့မှာရပ်နေတာဖြစ်လို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ခဏထားပြီးမန်ချက်တာယူနိုက်တက်ရဲ့ လက်တလောအောင်မြင်မှုနောက်ကွယ်ကလျို့ဝှက်ချက်တွေကို မျှဝေဖို့သာ အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်မန်ချက်တာယူနိုက်တက်အသင်းမန်နေဂျာအနေနဲ့တုန်းကဆက်ဆံခဲ့ရတဲ့ ကစားသမားတွေ၊၀န်ထမ်းတွေ၊ပရိသတ်တွေနဲ့ မီဒီယာတွေ၊ ဘုတ်အဖွဲ့နဲ့ပိုင်ရှင်တွေဆိုတဲ့ အစိတ်အပိုင်းအသီးသီးအပေါ် ခြုံငုံသုံးသပ်ချက်နဲ့ပါမောက္ခ အဲလ်ဗက်စ်ကအတန်းစတင်ခဲ့တယ်။
 
ကျွန်တော်ကတော့ အဲ့ဒါရဲ့နောက်ကနေခေါင်းဆောင်မှုပညာရဲ့အခြေခံအချက်တွေပေါ် ကျွန်တော့်အမြင်တွေကိုကျောင်းသားတွေကိုပေးတယ်။ပြီးတော့ ကျောင်းသားတွေဆီကမေးခွန်းတွေကိုယူတယ်။ဒါဟာတစ်နေ့တာလုံးမှာအပျော်ရွှင်ရဆုံးအချိန်ဖြစ်ပြီးကျန်ခဲ့တဲ့နေ့တွေမှာကျွန်တော့်ဘာသာတွေးနေခဲ့တဲ့အကြောင်းအရာတွေကိုတိုးလာစေခဲ့တယ်။ ကျွန်တော်ခေါင်းဆောင်တစ်ယောက်ဘယ်လိုဖြစ်လာခဲ့လဲ၊ ကျွန်တော့်ဘ၀မှာအဓိကလွှမ်းမိုးခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊အလွန်ပါရမီရှိပြီးလစာမြင့်တဲ့လူငယ်တွေနဲ့ လက်တွဲခဲ့တဲ့နည်းလမ်းတွေ၊အသင်းရဲ့ အကောင်းဆုံးကိုရလိုစိတ်ပြင်းပြမှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အပြုအမူနဲ့ အခြားများစွာသောအကြောင်းအရာတွေကို ကျောင်းသားအားလုံးကသိချင်ခဲ့ကြတယ်။ပင်ကိုအားဖြင့်လည်းသူတို့တွေဟာဒေးဗစ်ဘက်ခမ်းနဲ့ ခရစ်တီယာနိုရော်နယ်ဒိုတို့လိုနာမည်ကြီးတဲ့သူတွေရဲ့ နေ့စဉ်အလေ့အထလေးတွေကိုလည်း သိချင်ကြသေးတယ်။

ဘောလုံးကွင်းဘေးကနည်းပြထိုင်ခုံမှာထိုင်ရတာထက် ကျောက်သင်ပုန်းရှေ့မှာရပ်တာကို ထိန်းညှိနိုင်ဖို့အချိန်အနည်းငယ်ယူခဲ့ရပါတယ်။ဒါပေမယ့် ဘောလုံးအသင်းကိုစီမံခန့်ခွဲတာနဲ့ စာသင်ကြားတာမှာတူညီချက်အချို့ရှိတယ်ဆိုတာ ကျွန်တော် တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။လုပ်ဆောင်ချက်တစ်ခုစီတိုင်းရဲ့ အရေးကြီးဆုံးအချက်ကတော့ အုပ်စုတစ်စုကိုသူတို့အကောင်းဆုံးလုပ်ဆောင်နိုင်အောင်လို့ လှုံ့ဆော်ပေးတာပါပဲ။ဆရာကောင်းတွေဟာဘယ်လို လူ့အဖွဲ့အစည်းမှာမဆိုချီးမွမ်းမခံရတဲ့ သူရဲကောင်းတွေပါပဲ။အဲဒီအချိန်မှာ ကျွန်တော့်ကိုစာကြိုးစားအောင် အားပေးပြီး ဂိုဗန်အထက်တန်းကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့တဲ့ ဘရွမ်းလုန်းလမ်းမူလတန်းကျောင်းကဆရာမအဲလိဇဘက်သော်မဆင်ကိုတွေးမိပါသေးတယ်။

ကျွန်တော့်ဘ၀ရဲ့အချိန်အများစုကို လူငယ်တွေထဲကအတော်ဆုံးတွေကိုဆွဲဆောင်ဖို့အတွက် ကုန်ဆုံးခဲ့ရပြီးဟားဗတ်တက္ကသိုလ်စာသင်ခန်းမှာလည်းအလားတူအခွင့်အရေးမျိုးထပ်ရခဲ့ပါတယ်။နှစ်နည်းနည်းကြာပြီးတဲ့နောက်မှာလည်း နုပျိုတဲ့စိတ်အားထက်သန်မှုအပေါ် ကျွန်တော့်ရဲ့တပ်မက်မှုနဲ့ တန်ဖိုးထားမှုက ကြီးထွားလာခဲ့တယ်ဆိုတာ ကျွန်တော်တွေ့ရတယ်။လူငယ်တွေဟာအမြဲတမ်းမဖြစ်နိုင်တာတွေကိုရယူဖို့ စီမံကြတယ်။ဘောလုံးကွင်းထဲမှာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီကြီးတစ်ခုဒါမှမဟုတ် အဖွဲ့အစည်းကြီးတစ်ခုမှာဖြစ်ဖြစ်ပေါ့။ကျွန်တော်ဟာအရည်အချင်းရှိတဲ့ လူငယ်တွေရဲ့ အတွေးတွေကိုအမြဲနားထောင်ချင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာဒီနေ့ရဲ့ တကယ့်ဖြစ်စဉ်တွေနဲ့မနက်ဖြန်ရဲ့အကျိုးအမြတ်တွေကြား ပိုမိုအဆက်အသွယ်ရှိနေကြလို့ပါပဲ။

မကြာသေးခင်ကကျွန်တော့်ရဲ့ဘောလုံးအားကစားအပေါ်စွဲလမ်းမှုအကြောင်းရေးသားထားတဲ့စာအုပ်မှာဆိုရင် ပြိုင်ဆိုင်မှုတွေ၊ကစားပွဲတွေနဲ့ ကျွန်တော်ပါဝင်ကစားခဲ့၊ကွပ်ကဲခဲ့တဲ့ အသင်းတွေရဲ့အနေအထားတွေအထိပါ အသေးစိတ်ပါဝင်ပါတယ်။ပထမဆုံးအနေနဲ့ “အနောက်အရပ်မှအလင်းရောင်- အဘာဒင်းနှင့် ခုနှစ်နှစ်တာ” ကို အဘာဒင်းအသင်းဥရောပဖလားရရှိတဲ့အောင်မြင်မှုအပြီး နှစ်နှစ်အကြာ ၁၉၈၅မှာ ရေးသားခဲ့တယ်။ မန်ချက်စတာယူနိုက်တက်အသင်းကပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်တို့မှာသုံးပွဲဆက် အနိုင်ရခဲ့တဲ့ ၁၉၉၉မှာတော့ “ကျွန်တော့်ဘဝကိုစီမံခန့်ခွဲခြင်း”စာအုပ်ကိုပုံနှိပ်ခဲ့တယ်။ လအတန်ကြာပြီးနောက် ကျွန်တော်အနားယူခဲ့တဲ့ ၂ဝ၁၃ခုနှစ်မှာတော့ ကျွန်တော့်ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုထုတ်ဝေခဲ့တယ်။
 
ဒီစာအုပ်ကတော့ ကွဲပြားပါတယ်။ဒီဟာက ကျွန်တော့်ဘဝမှာယေဘုယျလေ့လာခဲ့သမျှတွေ၊ စကော့တလန်မှာအရှေ့စတဲလ်လင်းရှိင်းယား၊စိန့်မီရန်နဲ့ အဘာဒင်းမှာဆယ့်နှစ်နှစ်၊ နယ်စပ်တောင်ပိုင်းမှာမန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဆယ့်ခြောက်နှစ်ဆိုပြီးမန်နေဂျာဘဝနဲ့ကုန်ဆုံးခဲ့ချိန်တွေကိုအနှစ်ချုပ်ဖို့ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ဒါ့အပြင် ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုနဲ့ ဖော်ပြဖူးတဲ့အကြောင်းအရာအနည်းငယ်ကိုပုံဖော်ပေးနိုင်မယ့် နည်းလမ်းအဖြစ် အရင်ကမမြင်ဖူးကြသေးတဲ့ သမိုင်းဝင်အကြောင်းအရာအနည်းငယ်ပါ ပါဝင်တဲ့ စိတ်ဝင်စားဖွယ်အချက်အလက်အချို့ကိုထည့်ပေးပြီးဖြစ်ပါတယ်။ 
 
အဲဒီအရာတွေကိုစာအုပ်ရဲ့ ကျောဘက်မှာတွေ့နိုင်ပါတယ်။ဆေးရုံကြီးတွေ၊ တက္ကသိုလ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာပရဟိတအဖွဲ့တွေကိုတည်ထောင်သူတွေနဲ့ BP, Marks & Spencer, Vodafone, Toyota သို့မဟုတ်Appleတို့လိုကုမ္ပဏီတွေရဲ့ ခေါင်းဆောင်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ဘောလုံးတစ်လုံးနဲ့ဆုတံဆိပ်တွေရအောင်ဘယ်လိုလုပ်ဆောင်သလဲဆိုတဲ့ စိန်ခေါ်မှုတွက ကွာခြားနေမယ်ဆိုတာတွေ့ရပါလိမ့်မယ်။နိုင်လိုစိတ်ပြင်းပြတဲ့ ခေါင်းဆောင်တွေရဲ့ အဖွဲ့အစည်းတွေနဲ့ အောင်နိုင်သူတွေမှာတော့ ကြိုးစားခဲ့တဲ့ လက္ခဏာတွေတော့ ရှိနေပါတယ်။ ဒါကတော့ ကျွန်တော် မန်ချက်စတာယူနိုက်တက် အသင်းကိုတည်ထောင်ခဲ့ရပုံ၊ဦးဆောင်ခဲ့ရပုံနဲ့စီမံခဲ့ရပုံတွေအပြင် ကျွန်တော်အတွက် လုပ်ဆောင်ပေးနေတဲ့ အရာတွေကိုရှင်းပြဖို့ ကြိုးပမ်းမှုတစ်ခုပါပဲ။ဒီအရာတွေကိုအလွယ်တကူအစားထိုးနိုင်မယ်လို့ ဟန်မဆောင်ချင်ခဲ့ဘူး။ ဒါပေမယ့် စာဖတ်သူတွေကသူတို့ရဲ့ ကိုယ်ပိုင် သုံးစွဲမှုအတွက် အတုယူတာသို့မဟုတ် ဆန်းသစ်ထားတဲ့ အတွေးအမြင်နဲ့ အဆိုပြုချက်အချို့ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိတယ်။ 
 
ကျွန်တော် ဟာစီမံခန့်ခွဲမှုပညာကျွမ်းကျင်သူလည်းမဟုတ်သလိုစီးပွားရေးဂုရုတစ်ယောက်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် စုဆောင်းထားတဲ့ စကားစုတွေကိုထပ်ခါထပ်ခါပြောရင်းစာပို့ချမှုကိုသွတ်သွင်းပေးရတာတော့ နည်းနည်းပါးပါးစိတ်ဝင်စားမိတယ်။ဒါကြောင့် ကျွန်တော့်ဆီကသီအိုရီဆန်တဲ့ သီးသန့်စကားလုံးတွေနဲ့ပုံသေတွက်ဆထားတဲ့ စကားပြေဆန်ဆန်စကားလုံးတွေ မမျှော်လင့်ပါနဲ့။နှစ်ကြိမ်အဝင်ပြတဲ့ စာရင်းတွေ၊ခြောက်လအတွင်းလူအယောက် ၅ဝဝကိုဘယ်လို ငှားရမ်းခဲ့လဲ၊အဖြစ်အပျက်တွေကိုစီမံခန့်ခွဲမှုတွေအတွက် စိန်ခေါ်မှုတွေ၊ တစ်နေ့ကိုဖုန်းအလုံးတစ်သိန်းထုတ်လုပ်နိုင်ဖို့ ထုတ်လုပ်ရေးလမ်းကြောင်းရှာပုံတွေ၊ သို့မဟုတ် ဖွံ့ဖြိုးနေတဲ့ဆော့ဖ်ဝဲလ်တွေကိုအကောင်းဆုံးချဉ်းကပ်ပုံတွေ လာမမေးပါနဲ့။ ကျွန်တော့်မှာသဲလွန်စတောင်မရှိပါဘူး။ဒီလိုစွမ်းရည်မြင့်အလုပ်တွေကအခြားသူတွေအတွက်ပါ။ 
 
ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်ဘဝတစ်ခုလုံးမှာ ဘောလုံးသာအဓိကဖြစ်ခဲ့လို့ပါပဲ။ ဒီစာအုပ်ထဲမှာဘောလုံးကွင်းတွင်းနဲ့ ကွင်းအပြင်မှာအကောင်းဆုံးကို ကျွန်တော် ဘယ်လိုသိမ်းသွင်းခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးသင်ခန်းစာတွေနဲ့ လေ့လာတွေ့ရှိချက်တွေလည်းပါဝင်ပါတယ်။ ၁၉၂၈ကနေ ၁၉၇၅အထိလုပ်ငန်းဘဝအကြောင်းအများစုပါဝင်တဲ့ “အောင်မြင်မှုရဲ့ ပိရမစ်”စာအုပ်ရေးသူနာမည်ကျော် အမေရိကန် ဘတ်စကတ်ဘောအသင်းနည်းပြ ဂျွန်ဝုဒ်ဒန်နဲ့မတူပဲ ကျွန်တော်ဟာရာသီအစကစားသမားတွေကနေစပြီး ဖော်ပြထားတဲ့ တစ်မျက်နှာဇယားကွက် သို့မဟုတ် ရှုပ်ထွေးတဲ့လမ်းညွှန်ကိုဘယ်တော့မှ သုံးမှာမဟုတ်ပါဘူး။၃လက်မ×၅လက်မကတ်လေးတွေထဲက သေးငယ်တဲ့ ရှင်းလင်းချက်တွေသို့မဟုတ် နှစ်ပေါင်းများစွာစုဆောင်းလာတဲ့ ကူးနိုင်တဲ့မှတ်စုတွေကိုလည်းမကြိုက်ပါဘူး။ 
 
ကျွန်တော်ခေါင်းဆောင်မှုပညာနဲ့ စီမံခန့်ခွဲမှုပညာတွေကိုချဉ်းကပ်ပုံကတော့ ကုန်ဆုံးသွားတဲ့ရာသီတွေအဖြစ် ပေါ်ထွက်လာခဲ့တယ်။ဒါကတော့ ကျွန်တော်ဘာတွေလေ့လာခဲ့သလဲဆိုတာနဲ့ စာရွက်ပေါ် စစ်ချမယ့်အရာတွေကိုအနှစ်ချုပ်သုံးသပ်ဖို့ကြိုးပမ်းမှုတစ်ခုပါပဲ။ များမကြာသေးမီက Apple, Cisco systems, Google, Paypalနဲ့Youtubeအပြင် Whatsappနဲ့Airbnbကုမ္ပဏီတွေကိုစီစဉ်ဖို့နဲ့ ပုံသွင်းဖို့ကူညီပေးတဲ့နေရာမှာအလွန်လူသိများတဲ့ အမေရိကန်အခြေစိုက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖွဲ့ Sequoia Capitalရဲ့ ဥက္ကဠမိုက်ကယ်မောရစ်ရဲ့ကမ်းလှမ်းမှုခံရပြီးနောက် ဒီစာအုပ်လေးကအသက်ဝင်လာခဲ့တယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်အနားမယူခင် စာအုပ်တစ်အုပ်လောက် ပူးတွဲထုတ်ဝေဖို့ပြောခဲ့တာနှစ်အတန်ကြာခဲ့ပါပြီ၊ ဒါပေမယ့် အဲ့အချိန်တုန်းကနှစ်ယောက်လုံးအတွက် အချိန်ကိုက်မဖြစ်သေးခဲ့ပါဘူး။ 
 
ဝမ်းသာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့နှစ်ယောက်လုံးစာရေးဖို့အတွက် စွမ်းအားတွေ ထုတ်သုံးစရာအချိန်ရခဲ့ကြတယ်။ဒါကတော့မိုက်ကယ်ကြောင့်ဖြစ်လာတာပါ။ ၁၉၉ဝနှစ်လယ်နဲ့ ၂ဝ၁၂ကြား Sequoia Capitalကိုဦးဆောင်ခဲ့တဲ့ မိုက်ကယ်ဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဆယ်စုနှစ်များစွာတန်းမြင့်ဆောင်ရွက်နိုင်မှုကိုဘယ်လိုထိန်းသိမ်းထားနိုင်ခဲ့လဲဆိုတာအမြဲအံ့အားသင့်နေသူပါ။ကျွန်တော်တို့ စကားပြောနေစဉ်မှာမိုက်ကယ်ရဲ့စိတ်ဝင်စားမှုဟာ Sequoia Capitalကိုလည်းအလားတူလုပ်ဆောင်နိုင်မှာသေချာစေချင်တဲ့သူရဲ့ဆန္ဒအပေါ် အမြစ်တွယ်နေတယ်ဆိုတာသိသာလာပါတယ်။ 
 
Sequoia Capitalဟာငွေထည်လုပ်ငန်းမှာသူ့ရဲ့ရသင့်တဲ့ရှယ်ယာထက်ပိုရအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ မိုက်ကယ်ဟာကျွန်တော်တို့ဖြတ်သန်းလာရတဲ့လမ်းတွေနဲ့ ဘာကြောင့်ဖြတ်လာခဲ့ရလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြထားတဲ့ နိဂုံးကိုရေးသားခဲ့တယ်။ အဲ့ဒီနိဂုံးဟာ ကျွန်တော့်ကိုအချိန်တိုင်းရှက်သွေးဖြာစေတယ်။ခြေဆင်းကတော့ မိုက်ကယ်နဲ့ ကျွန်တော်ပြောဖြစ်ခဲ့တဲ့စကားတွေပါ။အကြောင်းအရာတော်တော်များများပါဝင်ပေမယ့် တချို့ကတော့အရင်က ကျွန်တော် အလေးအနက် မတွေးဖြစ်ခဲ့တဲ့အရာတွေပါ။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်ရဲ့နိစ္စဒူဝ တာဝန်တွေကရတဲ့ဖိအားတွေကြောင့် အဲဒီအတွေးတွေကို စုစည်းဖို့အချိန် ကျွန်တော် ဘယ်တော့မှမရခဲ့ပါဘူး။
ခင်ဗျားအနေနဲ့ ဒီစာအုပ်ထဲကနေ အသုံးဝင်တဲ့အရာတစ်ချို့ကိုရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
အဲလက်စ် ဖာဂူဆန်
မန်ချက်စတာ
သြဂုတ် ၂ဝ၁၅
 
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...