Ads (728x90)




ယုံကြည်ချက်ခိုင်မာမှု (အပိုင်း-၁)
လူအများစုဟာ သူတို့ရဲ့အတွင်းသန္တာန်မှာ ခိုင်မာတဲ့ယုံကြည်ချက်မရှိတတ်ကြပါဘူး။ သူတို့ရဲ့ ယုံကြည်မှုဟာ ယိမ်းယိုင်လွယ်ပါတယ်။ သူတို့ဟာ လေယူဟာတိမ်းတတ်ပြီး သံသယစိတ်တွေရဲ့ ဖိစည်းမှုဒဏ်ကိုလည်း ခံနိုင်ရည်မရှိ ကြပါဘူး။ ခိုင်မာတဲ့ခံယူချက်နဲ့ စိတ်ရဲ့အတွင်းသန္တာန်မှာ နက်ရှိုင်းတဲ့ယုံကြည်မှုမရှိတဲ့သူတွေဟာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားဘ၀တုန်းက ရိန်းဂျားအသင်းက ကျွန်တော့်ကိုတခြားကစားသမားတစ်ယောက်နဲ့ အလဲအထပ်လုပ်ဖို့ စီစဉ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေ ယိမ်းယိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့တွေငါ့ကို မထိုးနှက်နိုင်စေရဘူးလို့ စိတ်ပိုင်းဖြတ်ပြီးတော့ ကျွန်တော်ဟာ တစ်နေ့တာလေ့ကျင့်ရေးအစီအစဉ်တွေ မစခင်မှာ ဂေါ့ဖ် ၉ ကျင်းသွားကစားကာ ခေါင်းထဲက အဆိုးမြင် စိတ်တွေနဲ့ သံသယစိတ်တွေကို မောင်းထုတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်တော့ ခက်ခဲတဲ့နေ့ရက်တွေကို        အသင့်အနေအထားနဲ့ အကောင်းဆုံးရင်ဆိုင်ခဲ့ပါတယ်။ အဲဒီလိုခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ပြီး ခက်ခဲတဲ့နေ့ရက်တွေကို ရင်ဆိုင်ခဲ့တဲ့အတွက် ရိန်းဂျားအသင်းက ကျွန်တော့်ကို တခြားကစားသမားနဲ့အလဲအထပ်လုပ်မယ့်အစီအစဉ်ကိုဖျက်ပြီး အသင်းမှာပဲဆက်ထားအောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၁၉၆၉ ခုနှစ်မှာ ဖောလ်ကတ်အသင်းကို ကျွန်တော့်သဘောနဲ့ ကျွန်တော်ပြောင်းရွှေ့တဲ့အချိန်ထိ ရိန်းဂျားအသင်းမှာဆက်လက်ကစားခွင့်ရအောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တုန်လှုပ်ပြီးယုံကြည်မှုပျောက်နေတဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပုံစံအစစ်အမှန်အတိုင်းမနေထိုင်တဲ့ အခါမျိုးမှာ မိန်းမောနေတဲ့အခြေအနေကနေ ကျွန်တော့်ကို တခြားသူတစ်ယောက်က လှုပ်နှိုးပေးရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလိုအဖြစ်မျိုး ကျွန်တော်ယူနိုက်တက်ကိုရောက်ခါစနှစ်တွေတုန်းက တစ်ခါဖြစ်ခဲ့ဖူးပါတယ်။  ၁၉၉၁ ခုနှစ်တုန်းက ကျွန်တော်တို့နဲ့ ဆောက်သမ်တန် ကစားမယ့်ပွဲကို လာကြည့်မယ်လို့  ရိန်းဂျားအသင်းရဲ့မန်နေဂျာဟောင်း တစ်ယောက်ဖြစ်တဲ့ ဂျော့ခ်ဝေါလေ့စ်က ကျွန်တော့်ကိုဖုန်းဆက်လာပါတယ်။ အဲဒီအချိန်မှာ ဂျော့ခ်ဟာ ပါကင်ဆန် ရောဂါဒဏ် ခံနေရပေမယ့် အရင်တုန်းကလိုပဲ စိတ်လိုက်မာန်ပါ ဒုတ်ထိုးအိုးပေါက်ပြောတတ်တုန်းပါပဲ။ ပွဲပြီးသွားပြီးတဲ့နောက် ဂျော့ခ် နဲ့ ကျွန်တော် ညစာထွက်စားတဲ့အချိန်မှာ ဂျော့ခ်က '' ဒါ အဲလက်စ်ဖာဂူဆန်ရဲ့ အသင်းမှ မဟုတ်ဘဲ။ မင်း အဲလက်စ်ဖာဂူဆန် အသင်း စစ်စစ်ကိုတည်ဆောက်နိုင်ပြီဆိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ် '' လို့ ပြောခဲ့ပါတယ်။ အဲဒီစကားက ကျွန်တော့်အတွက် အဖိုးတန်အကြံဥာဏ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကိုယ့်ယုံကြည်မှုတွေကနေ သွေဖယ်ပြီးနေထိုင်နေခဲ့လို့ပါ။ တစ်ချို့ကစားသမားတွေဟာ လုံလောက်တဲ့ခြေစွမ်းကောင်းမွန်မှုမရှိမှန်းသိနေပေမယ့် ကျွန်တော်ဟာ သူတို့ကိုရောင်းထုတ်ရမယ့်အစား သူတို့ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့သူမျိုးတွေဖြစ်လာစေဖို့ ကြိုးစားနေခဲ့မိပါတယ်။ ၀က်စ်ဟမ်းအသင်းမန်နေဂျာ ဂျွန်လိုင်ယွန် ကလည်း အဲဒီလိုသဘောမျိုး ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်။ '' မင်းရဲ့အသင်းမှာ အဲလက်စ်ဖာဂူဆန်တွေကို ပြန်မြင်နေရအောင်လုပ်ထား '' လို့ သူက ကျွန်တော့်ကို ပြောပါတယ်။ တကယ်တော့ ဂျော့ခ် နဲ့ ဂျွန်တို့နှစ်ယောက်လုံးက ကိုယ့်ယုံကြည်ချက်နဲ့ ခံယူချက်အတိုင်းနေထိုင်ဖို့ ကျွန်တော့်ကို သွယ်ဝိုက်ပြီးပြောခဲ့ကြတာပါ။ဒီနေ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် တခြားနည်းပြတွေကို အားပေး စကားပြောရတဲ့အခါမျိုးမှာလည်း အဲဒီစကားအတိုင်းပဲ ပြောဖြစ်ပါတယ်။
အဘာဒင်းကနေထွက်ခွာလာပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ်သံသယ၀င်မိတဲ့အကြိမ်အတော်များများကို ကျွန်တော် တစ်ခုချင်း အသေးစိတ်မမှတ်မိပါဘူး။ ဘောလုံးစကစားတဲ့အချိန်ကနေ စကော့တလန်ကနေထွက်ခွာလာတဲ့ အချိန်အထိ ၂၉ နှစ်တာကာလအတွင်းမှာ ကျွန်တော်ဟာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့ပြီး ဘောလုံးနဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကို လေ့လာသင်ယူခဲ့ကာ အဘာဒင်းအသင်းနဲ့လည်း အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါတယ်။ အဲဒီ အတွေ့အကြုံတွေက ကျွန်တော့်ရဲ့ စိတ်တွင်းယုံကြည်မှုတွေကို ခိုင်မာစေပြီး ကိုယ့်ခံယူချက်အပေါ် ကိုယ်တိုင်ယုံကြည်မှု ကိုလည်းအားကောင်းစေခဲ့ပါတယ်။ ယူနိုက်တက်ကကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းပဲဂုဏ်ယူမိခဲ့ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ အရည်အချင်းတွေပေါ်မှာလည်း သိပ်ကို စိတ်ချလက်ချရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်အိုးလ်ထရက်ဖို့ဒ်ကိုရောက်ပြီးတဲ့နောက် အရက်သောက်တဲ့ဓလေ့ကို နားလည်အောင်လေ့လာရတာအပါအ၀င် ကျွန်တော်ရင်ဆိုင်ရတဲ့ကိစ္စတွေကြောင့် အတော်လေးစိတ်လှုပ်ရှားတုန်လှုပ် ခဲ့ရတယ်။ ငါဘယ်လိုနေရာကိုများလာမိပါလိမ့်လို့တောင် တွေးမိတဲ့အထိပဲ။ ၁၉၈၉ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်အစပိုင်းအချိန် တွေမှာ ယူနိုက်တက်အသင်းဟာ တကယ့်ကိုခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ လိဂ်ပွဲ အဖွင့်ပွဲ ၂၄ ပွဲမှာ နိုင်ပွဲ ၆ ပွဲပဲရှိခဲ့ပြီး ၁၉၈၉၊ နိုဝင်ဘာ လကုန်ပိုင်းကနေ ၁၉၉၀၊ ဖေဖော်ဝါရီအထိကာလအတွင်းမှာလည်း ရှုံးပွဲတွေ ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ လိဂ်ပွဲ ၁၁ ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ၁၉၈၉၊ နိုဝင်ဘာ၊ ၁၂ ရက်နေ့မှာ နော်တင်ဟမ်ဖောရက်စ်ကို နိုင်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ကွင်းနိုင်ပွဲတစ်ပွဲမှမရတော့ပါဘူး။ အဲဒီလို အိမ်ကွင်းရှုံးပွဲဆက်မှုဟာ ၁၉၉၀၊မတ်လ၊ ၃ ရက်နေ့မှာ လူတန်တောင်းကို အနိုင်ရတော့မှပဲ ရပ်တန့်သွားခဲ့ပါတော့တယ်။ ပရိသတ်တွေက သည်းမခံနိုင်လောက်အောင်ဖြစ်နေသလို မီဒီယာတွေကလည်း အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေခဲ့ ပါတယ်။ ကျွန်တော်ဟာ ကျွန်တော်အဘာဒင်းအသင်းနဲ့အတူရခဲ့တဲ့အောင်မြင်မှုတွေနဲ့ ယူနိုက်တက်မှာ အဆက်မပြတ်ကျ ဆင်းနေမှုတွေကို နှိုင်းယှဉ်ကြည့်မိပြီး သိပ်ကိုတုန်လှုပ်မိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆယ်ကျော်သက်အရွယ်ရောက် နေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့သားဂျေဆင်က မီးဖိုချောင်ထဲမှာထိုင်ငိုနေရင်းကနေ ကျွန်တော်တို့မိသားစုအဘာဒင်းကို ပြန်လို့မရဘူးလားလို့ မေးခဲ့တာကို ကျွန်တော်မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်ကသူ့ကို ဒီလိုပြန်ပြောခဲ့ပါတယ်။
" ဟင့်အင်း.. အဖေတို့ ဆက်ပြီးကြိုးစားနေတယ်။ အလုပ်ဖြစ်မှာပါ "
ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်တိုင်ယုံကြည်မှုရှိဖို့ဟာလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ အဲဒီလို ကိုယ့်အရည်အချင်း ကိုယ်ယုံကြည်မှုရှိဖို့ကြိုးစားရတာဟာ တခြားသူတွေ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် ပျိုးထောင်ပေးရတာနဲ့ လုံးဝကွဲပြားခြားနားပါတယ်။ ကစားသမားတိုင်းဟာသူတို့ရဲ့နေရာအတွက် အမြဲတမ်း ပြိုင်ဆိုင်နေရ တာပါ။ တကယ်လို့ သူတို့ဟာ အကယ်ဒမီကထွက်၊ အရံကစားသမားဘ၀ကိုဖြတ်သန်း၊ အဲဒီနောက် ပထမအသင်းမှာ ပါဝင်ခွင့်ရအောင် ကြိုးစားနိုင်ခဲ့ပြီဆိုရင် သူတို့ရဲ့နေရာကိုလုမယ့် သူတို့လိုပဲအကယ်ဒမီထွက်လူငယ်ကစားသမား၊ ဒါမှမဟုတ် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်အတွင်း အသင်းကိုရောက်လာမယ့်ခြေစွမ်းပိုကောင်းနိုင်ခြေရှိတဲ့ ကစားသမားတွေက သူတို့ရဲ့နေရာကို လုမယ့် အခြေအနေနဲ့အမြဲရင်ဆိုင်နေရမှာပါပဲ။ ဘောလုံးရာသီကုန်ဆုံးလို့ နွေရာသီအားလပ်ရက် အိမ်ပြန်အနားယူတဲ့အချိန်တိုင်းမှာ နောက်နှစ်ရာသီပြန်စတဲ့အချိန်မှာ အသင်းမှာ ငါ့အတွက် နေရာ ရှိပါဦးမလားလို့တွေးပူနေရတဲ့ ကစားသမားတွေ အသင်းမှာအမြဲတမ်းရှိနေတတ်ပါတယ်။ လူငယ်ကစားသမားတွေဟာ သူတို့ရဲ့လူငယ်ဘ၀စံပြကစားသမားတွေနဲ့ အသင်းမှာတွဲပြီးကစားနေရတာကြောင့် အဲဒီဝါရင့်ကစားသမားတွေနဲ့ အမြဲနေရာ လုနေတတ်ရပြီး အသက်အရွယ်ရလာတဲ့ ၀ါရင့်ကစားသမားတွေကတော့ အသက်အရွယ်နဲ့ ဒဏ်ရာတွေရဲ့ ခြောက်လှန့်မှုနဲ့ အမြဲရင်ဆိုင်နေရပါတယ်။ ဒဏ်ရာတစ်ခုဟာ ကစားသမားတစ်ယောက်ကို ကစားသမားဘ၀အဆုံးသတ်သွားအောင်၊ ဒါမှမဟုတ်၊ အသင်းမှာနေရာပျောက်အောင်မလုပ်နိုင်ခဲ့ရင်တောင်မှ ကစားသမားရဲ့ ယုံကြည်မှုနဲ့ စိတ်ဝိဥာဏ် လျော့ပါးသွားအောင်တော့ တိုက်စားပစ်နိုင်ပါသေးတယ်။
ကစားသမားအများစု၊ အထူးသဖြင့် လူငယ်ကစားသမားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို သူတို့အတွက် အာမခံချက်ပေးတဲ့ ယုံကြည်စိတ်ချစရာမဟာမိတ်အဖြစ်မှတ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ဒဏ်ရာရသွားတဲ့အခါမှာတော့ အသင်းနဲ့လည်းမလိုက်ရ၊ ဒဏ်ရာကပြန်ကောင်းလာအောင်လည်းကုသမှုခံရ၊လေ့ကျင့်ရ၊ အသင်းက သူ့နေရာမှာ အစားထိုးဖို့လူဝယ်လိုက်မလားလို့ တွေးပူရတာတွေနဲ့ ကြုံရပါတော့တယ်။ တစ်ချို့ကစားသမားတွေဆိုရင် သူတို့ဘာအလုပ်မှမလုပ်နိုင်တဲ့အချိန်မှာ ပိုက်ဆံယူနေရတဲ့အတွက် အပြစ်ရှိတဲ့ခံစားချက်မျိုး ခံစားရတာတောင် ရှိတတ်ပါသေးတယ်။ အဲဒီလိုအဖြစ်မျိုးအတွက် ဥပမာပေးစရာကစားသမားအနေနဲ့ စိတ်ထဲပေါ်လာတာကတော့ ဖာနန်ဒိုရီဒွန်ဒို နဲ့ မာတင်ဘူချန်တို့ပါပဲ။ ဖာနန်ဒိုရီဒွန်ဒို ဟာ ရီးရဲလ်မတ်ဒရစ်ကနေ အေစီမီလန်ကို ပြောင်းလာပြီးတဲ့နောက် အသင်းနဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာပဲ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ အေစီမီလန်နဲ့အတူပွဲထွက်နိုင်ဖို့ အချိန် ၂ နှစ်ခွဲလောက် ယူလိုက်ရပါတယ်။ အဲဒီလိုဒဏ်ရာကြောင့် အသင်းနဲ့ပွဲမထွက်နိုင်သေးတဲ့ကာလအတွင်းမှာ ဖာနန်ဒိုရီဒွန်ဒိုဟာ အေစီမီလန် အသင်းဆီကနေ တစ်ပြားတစ်ချပ်မှ မယူခဲ့ပါဘူး။ မာတင်ဘူချန်ကတော့ မန်ချက်စတာယူနိုက်မှာ ၁၁ နှစ်လောက် ကစားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ အိုဟမ်းအသလက်တစ်ကို ပြောင်းရွှေ့တဲ့အချိန်မှာ စာချုပ်သဘောတူညီချက်အတွက် ငွေအမြောက်အများရခဲ့သူပါ။ ဒါပေမဲ့ မာတင်ဟာ အိုဟမ်းအသင်းနဲ့ တစ်ရာသီဖြတ်သန်းပြီး ဒုတိယရာသီအစမှာပဲ သူဟာ တကယ့်ကြေးစားဘောလုံးသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးမရှိတော့မှန်း ရိပ်စားမိသွားပြီး မန်နေဂျာရုံးခန်းတံခါးကို သွားခေါက်ကာ၊ သူအနားယူတော့မယ့်အကြောင်းပြောပြီး စာချုပ်သဘောတူညီမှုအတွက်သူရခဲ့တဲ့ငွေအားလုံးကို ပြန်ပေးခဲ့ပါတယ်။ ဂုဏ်သိက္ခာရှိသူတွေရဲ့ လေးစားလောက်စရာအပြုအမူတွေပါပဲ။
ကစားသမားတိုင်းဟာကစားပွဲတစ်ပွဲအတွင်းမှာ ယုံကြည်ချက်ယိမ်းယိုင်သွားတာမျိုးလည်း ရှိပါတယ်။ ကစားသမားတွေဟာ နားရက်ယူချင်တာမျိုး ၊ ကစားပွဲအတွင်းမှာ သူတို့ဆီကို ဘောလုံးမလာစေချင်တာမျိုး၊ ဒါမှမဟုတ်ရင်လည်း မယုံမရှိပါနဲ့ သူတို့ကိုလူစားလဲစေချင် တာမျိုးတောင် ရှိတတ်ပါတယ်။ တိုက်စစ်မှူးတွေနဲ့ ဂိုးသမားတွေဟာ သူတို့ရဲ့အရည်အချင်းကို သူတို့ သံသယအ၀င်တတ်ဆုံးဖြစ်ပြီး ယုံကြည်မှုယိမ်းယိုင်သွားပြီဆိုတာနဲ့ သူတို့ဟာ တခြားကစားသမားတစ်ယောက် ဖြစ်သွားသလို ပြောင်းလဲသွားတတ်တာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ ဂိုးသွင်းတဲ့သူတွေဟာ သူတို့ဂိုးမသွင်းနိုင်တဲ့အခါ သူတို့နောက်ထပ်ဘယ်တော့မှဂိုးသွင်းနိုင်တော့မှာမဟုတ်ဘူးလို့အတွေးဝင်လာတတ်ပြီး ဂိုးသွင်းနိုင်နေတဲ့အခါမျိုးကျတော့ လည်း သူတို့အနေနဲ့ ဂိုးသွင်းခွင့်ရတဲ့အချိန်မှာ လွဲချော်လိမ့်မယ်ဆိုတာမျိုး ခေါင်းထဲတောင်ထည့်ကြည့်လို့ မရတတ်ပါဘူး။ မာ့ခ်ဟုခ်ျ၊ အဲရစ်ကန်တိုနာ နဲ့ ရုဒ်ဗန်နစ္စတယ်လ်ရွိုင်းတို့အပါအ၀င် ကျွန်တော့်ရဲ့တိုက်စစ်မှူးတွေအားလုံးဟာ အဲဒီလိုပါပဲ။ အခု နည်းပြတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ၁၉၈၃ ကနေ ၁၉၈၆ နဲ့ ၁၉၈၈ ကနေ ၁၉၉၅ ကာလအတွင်းတွေမှာ ယူနိုက်တက် အတွက် ကစားပေးခဲ့တဲ့မာ့ခ်ဟုခ်ျဟာ သံလိုမာကျောပြီး သိပ်ကိုပြတ်သားတဲ့သူတစ်ယောက်ပါ။ မာ့ခ် ဟာကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသူဖြစ်ပြီး အသင်းရဲ့ အရေးကြီးတဲ့ပွဲအများစုမှာလည်း ရွေးချယ်ခံရသူ ဖြစ်ပေမယ့် သူဂိုးမသွင်းနိုင်တဲ့အခါမျိုးမှာတော့ သူ့ရဲ့ယုံကြည်မှုဟာ ယိမ်းယိုင်သွားတတ်ပါတယ်။
(လာမယ့်အပတ်မှာဆက်လက်ဖော်ပြမယ့် ယုံကြည်ချက်ခိုင်မာမှု အပိုင်း- ၂ မှာတော့ ဖာဂူဆန်က နစ္စတယ်လ်ရွိုင်း၊ ဟင်နရီ စတဲ့ သူ့ရဲ့နည်းပြဘ၀တစ်လျှောက် မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ကစားသမားတွေရဲ့ အဖြစ်အပျက်တွေ၊ ဘ၀ဖြစ်စဉ်တွေနဲ့ ဥပမာပေးပြီး အောင်မြင်မှုခရီးလမ်းကိုလျှောက်လှမ်းရာမှာ ယုံကြည်ချက်ခိုင်မာမှုရဲ့ အရေးပါပုံအကြောင်း ပြောပြထားတာကို ဆက်လက်ဖတ်ရှု့ရမှာ ဖြစ်ပါတယ်။)

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...