Ads (728x90)


စိတ်ဓါတ်ခွန်အား (DRIVE)
………………….
ကျွန်တော်ဟာတစ်ချို့လူတွေကဘာလို့ တခြားသူတွေထက်ပိုပြီးကြီးမားတဲ့ စိတ်ဓါတ်ခွန်အားကိုပိုင်ဆိုင်ကြသလဲဆိုတာကိုနားလည်သဘောပေါက်ဖို့ နှစ်အတော်ကြာအောင် ကြိုးစားခဲ့ဖူးတယ်။ ခုချိန်မှာ ကျွန်တော်ဟာအဲဒီပြဿနာရဲ့ အဖြေကိုသိဖို့ လွန်ခဲ့တဲ့အနှစ် ၃၀ ကထပ်ပိုပြီးနီးစပ်လာပြီလို့ သေချာပေါက်မပြောနိုင်ပေမယ့် အဲဒီစွမ်းအားကိုဘယ်လိုထိန်းချုပ်အသုံးချရမယ်ဆိုတာကိုတော့ ကျွန်တော်သင်ယူနိုင်ခဲ့ပါတယ်။ ပြီးတော့ ရှေ့မှာ ကျွန်တော်ပြောခဲ့ဖူးသလိုပဲစိတ်ဓါတ်ပြင်းထန်တဲ့သူနဲ့ ပင်ကိုယ်အရည်အသွေးထူးချွန်မှုကိုပဲအဓိကအားကိုးတဲ့သူနှစ်ယောက်ထဲကတစ်ယောက်ကရွေးရမယ်ဆိုရင် စိတ်ဓါတ်ပြင်းထန်တဲ့သူကိုပဲရွေးရမယ်ဆိုတာကိုလည်း ကျွန်တော်ကောင်းကောင်းကြီးသိထားပါတယ်။ ကျွန်တော့်အတွက်တော့ စိတ်ဓါတ်ခွန်အားဆိုတာ ကြိုးကြိုးစားစားလုပ်ကိုင်လိုစိတ်၊ ခံနိုင်ရည်ရှိပြီးဇွဲကောင်းတဲ့စိတ်ဓါတ်၊ အာရုံစူးစိုက်မှုစွမ်းအားမြင့်မားမှု နဲ့ အရှုံးမပေးတတ်တဲ့စိတ် တို့ပေါင်းစပ်ထားတဲ့အရာပါပဲ။
ယူနိုက်တက်မှာအောင်မြင်ဖို့အတွက်လိုအပ်တဲ့ စိတ်ဓါတ်ခွန်အားကိုပိုင်ဆိုင်ထားသူအနေနဲ့ စံနမူနာပြစရာကစားသမားတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီလိုအများကြီးရှိတဲ့ထဲမှာမှ ရှေ့ဆုံးကထားရမယ့်ကစားသမားတွေကတော့ ဘရိုင်ယန်ရော့ဘ်ဆင်၊ ရွိုင်ကိန်း၊ စတိဗ်ဘရုစ်၊ မက်ခ်ဟုခ်ျ၊ ဘရိုင်ယန် မက်ကလဲယားနဲ့ ပတ်ထရစ်အီဗရာတို့လိုကစားသမားတွေပဲ ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ စိတ်ဓါတ်ပြင်းထန်မှုဟာအသင်းရဲ့အနိုင်ရလိုစိတ်အပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ အဲဒါကဘာနဲ့တူသလဲဆိုတော့ တစ်ဦးကနေတခြားသူတွေဆီပျံ့နှံ့ရောက်ရှိနိုင်တဲ့ မှော်ဆေးရည် နဲ့ တူပါတယ်။
ဘရိုင်ယန်ရော့ဘ်ဆင်ဟာ အန္တရာယ်တွေကိုမရှောင်လွှဲတတ်သူတစ်ယောက်ပါ။ သူဟာအင်္ဂလန်မြောက်ပိုင်းကကျောက်မီးသွေးတွင်းတွေရှိတဲ့ ဒါဟမ်ကောင်တီ၊ ချက်စတာလီစထရိကလာတဲ့သူဖြစ်ပြီးတခြားသူတွေ ရှောင်ရှားပြီးထွက်သွားမယ့်အခြေအနေမျိုးတွေထဲကိုမှ တည့်တည့်မတ်မတ်ဝင်သွားလေ့ရှိသူဖြစ်ပါတယ်။ အဲဒါကြောင့် သူဟာအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာအချိန်တွေအများကြီးဖြုန်းတီးခဲ့ရပေမယ့် အဲဒီစရိုက်ကြောင့်ပဲသူဟာတန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တာပါ။ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် အကြိမ်ရေမနည်းပုခုံးအဆစ်လွဲခဲ့ပေမယ့်လည်းသူဟာတစ်နေ့တာလေ့ကျင့်ရေးအစီအစဉ်အတွင်းမှာဒိုက်အကြိမ် ၁၀၀၀ ထိုးလေ့ရှိပါတယ်။ ထောင့်ကန်ဘောတစ်လုံးကိုရော့ဘ်ဆင်ရှင်းထုတ်ဖို့ ကြိုးစားနေတဲ့ ဓါတ်ပုံတစ်ပုံကို ကျွန်တော် ကစားသမားတွေကို ပြလေ့ရှိပါတယ်။ အဲဒီပုံထဲမှာသူ့ရဲ့မျက်လုံးတွေဟာတခြားဘာကိုမှမမြင်ဘဲကမ္ဘာကြီးတစ်ခုလုံးကိုမေ့ထားကာသူ့စိတ်ထဲမှာထောင့်ကန်ဘောကို
 ဘယ်လိုနည်းလမ်းတကျရှင်းထုတ်ရမလဲဆိုတာတစ်ခုတည်းကိုပဲအာရုံစူးစိုက်ထားတယ်ဆိုတာပေါ်လွင်နေပါတယ်။
ရွိုင်ကိန်းရဲ့ မဆုတ်မနစ်တဲ့စိတ်ဓါတ်ခွန်အားကလည်းတကယ့်ကိုလှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဗဟိုခံစစ်နေရာမှ ၄၁၄ ပွဲကစားခဲ့တဲ့ စတိဗ်ဘရုစ်ဟာအကြောက်တရားမရှိသလိုစည်းရုံးနိုင်စွမ်းလည်း ကြီးမားတဲ့သူပါ။ သူဟာလုံလောက်တည်ငြိမ်မှုမျိုးမရှိတဲ့သူဖြစ်ပေမယ့် တိုနီအဒမ်လိုပဲသူ့ရဲ့အားနည်းချက်ကို ပြင်းပြတဲ့နိုင်လိုစိတ်နဲ့ အစားထိုးဖာထေးခဲ့ပြီးသူ့ရဲ့ ပြင်းပြတဲ့အနိုင်ရလိုစိတ်ကိုတခြားသူတွေဆီကိုပါ ကူးစက်စေခဲ့သူဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာလည်းအောင်မြင်မှုကိုဆာလောင်တဲ့စိတ်ကြီးကြီးမားမားရှိသူဖြစ်ပါတယ်။ အဲဒီလိုပဲယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ယောက်ဖြစ်ပြီးအသင်းအတွက် ၃၈၇ ပွဲကစားပေးခဲ့တဲ့ နီကီဘတ်ဟာလည်းအနိုင်ရလိုစိတ် ပြင်းပြသူပါပဲ။ မန်ချက်စတာမြို့အပြင်ဘက်နားကဘူရီကလာတဲ့ နဗီးလ်ညီနောင်၊ ရွိုင်ကိန်းလိုပဲကော့ခ်ကလာတဲ့ ဒန်းနစ်အာဝင်တို့အားလုံးမှာ ကွဲပြားခြားနားတဲ့ စိတ်ဓါတ်ခွန်အားတွေ ရှိကြပါတယ်။ သူတို့မှာ - အသင်းအတွက်လုံးဝဥဿုံမြုပ်နှံထားတတ်မှု၊ အသင်းကစားခဲ့တဲ့ကစားပွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းသောကစားပွဲတွေမှာပါဝင်ကစားထားမှု နဲ့ သူတို့ရဲ့ စိတ်စွမ်းအားကိုကျန်အသင်းဖော်တွေဆီကူးစက်စေနိုင်စွမ်းရှိမှု ဆိုတဲ့တူညီတဲ့ စရိုက်လက္ခဏာတွေရှိကြပါတယ်။ ပြီးတော့ သူတို့ထဲမှာအရှုံးပေး၊လက်လျှော့လိုက်ရတဲ့အသာကို ကြိုက်တဲ့သူလည်းတစ်ယောက်မှ မပါပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နှစ်တွေကြာသွားပြီးတဲ့နောက်မှာလည်း ကျွန်တော့်ရဲ့ပထမကစားသမား ၁၁ ယောက်စရင်းထဲကိုသူတို့လိုကစားသမားမျိုးတွေထပ်ထပ်ပြီးရောက်လာခဲ့ပါတယ်။
အထက်မှာပြောခဲ့တဲ့ကစားသမားတွေကိုပဲရွေးချယ်ပြီးနမူနာပြပြောဆိုခဲ့တာက ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ တခြားကစားသမားတွေကို နှိမ့်ချလိုတဲ့သဘောမျိုးမဟုတ်ပါဘူး။ အထက်မှာရွေးချယ်ပြီးပြောခဲ့တဲ့ ကစားသမားတွေကဟုခ်ျ၊ ကိုးလ်၊ ကန်တိုနာ၊ ဗာရွန်၊ စခိုးလ်၊ ဂစ် နဲ့ ရော်နယ်လ်ဒိုတို့လိုမွေးရာပါ ပင်ကိုယ်စွမ်းရည်မထူးချွန်ကြသူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ဓါတ်ခွန်အားအစွမ်းကိုအထူးတလည် ထုတ်ဖော်ပြောပြလိုတဲ့အတွက်သာသူတို့အကြောင်းကိုရွေးထုတ်ပြောပြခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဓါတ်ခွန်အားနဲ့ပတ်သတ်ပြီးသူတို့ကိုနမူနာပြပြောရတဲ့နောက်ထပ်အကြောင်းတစ်ချက်ကသူတို့ဟာ ကြီးမားတဲ့ စိတ်စွမ်းအား၊ စစ်မှန်တဲ့သတ္တိနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ကိုအသုံးချပြီးတော့ သူတို့ရဲ့ ဘယ်လိုအားနည်းချက်မျိုးကိုမဆိုကျော်လွှားနိုင်ခဲ့တယ်ဆိုတာပေါ်လွင်စေချင်လို့ပဲ ဖြစ်ပါတယ်။
တစ်ခါတလေမှာစိတ်ဓါတ်ခွန်အားကအထိန်းအချုပ်လွတ်သွားတဲ့အတွက် ကျွန်တော်က ၀င်ထိန်းညှိပေးရတာ မျိုးတွေလည်းရှိခဲ့ပါတယ်။ မစ်ဒယ်လ်ဘရော့နဲ့ကန်ရတဲ့ပွဲတစ်ပွဲမှာကစားသမားတွေကအုပ်စုလိုက်ကြီးဒိုင်လူကြီးနောက်ကိုဒေါသတကြီးနဲ့ ပြေးလိုက်သွားကြတာမျိုးတစ်ခါဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းသူတို့နဲ့အတူလိုက်ပြီးဒေါ်သထွက်အော်ဟစ်မိပါတယ်။ ဒါပေမဲ့ အဲဒီိလိုအော်ဟစ်တာကမရည်ရွယ်ဘဲသူတို့ကိုစိတ်ဓါတ်ပျက်ပြားအောင်လုပ်မိသလိုမဖြစ်ဖို့လည်းသတိထားနေခဲ့ရပါတယ်။ ပွဲကစားနေတဲ့အချိန်မှာကစားသမားတွေကိုအလွန်အကျွံဝင်စွက်ဖတ်လိုက်မိပြီဆိုတာနဲ့တစ်ပြိုင်နက် အဲဒီလိုလုပ်တာကသူတို့ရဲ့ စိတ်ဓါတ်ခွန်အားတွေကိုမောင်းထုတ်လိုက်သလိုဖြစ်သွားမှာပါ။ ကျွန်တော် ပြောတာမယုံမရှိပါနဲ့။ စိတ်ဓါတ်ပြင်းထန်တဲ့ကစားသမားတွေကိုစိတ်ဓါတ်ပျက်ပြားအောင်လုပ်ရတာကစိတ်ဓါတ်ခွန်အားနည်းပါးတဲ့ကစားသမားတွေကိုစိတ်ဓါတ်တက်ကြွအောင်လုပ်ရတာထက် အများကြီးပိုခက်ပါတယ်။ ယေဘူယျအားဖြင့်ဆိုရင်တော့ ဆယ်ကျော်သက်အရွယ်မှာလေ့ကျင့်ဆည်းပူးပြီးတော့၊ ဒါမှမဟုတ် အခြားတစ်နည်းနည်းနဲ့ ရရှိခဲ့မှ ပိုင်ဆိုင်နိုင်မယ့် ထူးချွန်ထက်မြက်မှု မျိုးကိုအချိန်လွန်မှ ကစားသမားတစ်ယောက် ဆီသွတ်သွင်းပေးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်းအဲဒီလိုသွတ်သွင်းလို့ ရနိုင်တယ်လို့ မျှော်လင့်ချက်ထားစရာဥပမာတစ်ခုကရှိနေပါသေးတယ်။ အဲဒါကတော့ အိုလေဂန်နာဆိုးရှားလ် ပါပဲ။ သူဟာ နော်ဝေနိုင်ငံက ဆိတ်ငြိမ်တဲ့တံငါရွာလေးတစ်ရွာမှာမွေးဖွားခဲ့သူပါ။ ပြီးတော့ သူအိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတဲ့ အချိန်မှာသူ့အသက်က ၂၃ နှစ်ရှိနေပါပြီ။သူ့ပုံစံကလည်းဓမ္မတေးအဖွဲ့ ၀င် အသက် ၁၄နှစ် အရွယ် လူငယ်လေးတစ်ယောက်လိုပါပဲ။ သူဟာစိတ်ဓါတ်ပျော့ပြောင်းတဲ့သူတစ်ယောက်ဆိုတာသေချာပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကသူ့ကိုအောင်မြင်မှုရဲ့တကယ့်အရသာက ' ဘာ ' ဆိုတာကိုပြသပေးလိုက်ပါတယ်။ သူဟာအောင်မြင်မှုရဲ့အရသာကိုတဖြည်းဖြည်းခံစားတတ်လာပြီးတဲ့နောက်မှာတော့ ရလဒ်အနေနဲ့ သူဟာပိုမိုတက်ကြွတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီးယုံကြည်ချက်ခိုင်မာသူလည်း ဖြစ်လာခဲ့ပါတယ်။
(လာမည့်အပတ်တွင် အောင်မြင်မှုလမ်းကြောင်းကိုလျှောက်လှမ်းရာ၌ ယုံကြည်ချက်ခိုင်မာမှု၏ အရေးပါပုံကိုဖာဂူဆန် ကသူ၏အတွေ့အကြုံများမှတဆင့် ထုတ်နှုတ်တင်ပြထားသည်များကို " ယုံကြည်ချက်ခိုင်မာမှု " ခေါင်းစဉ်ဖြင့်ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။)
Picture
Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...