Ads (728x90)


ဖာဂူဆန်၏ "Leading" (အပိုင်း ၂)
...................................
ယခင်တစ်ပတ်က ဖာဂူဆန်ရဲ့ Leading စာအုပ် Introduction ကို အပိုင်း (၁) အနေနဲ့ ဖော်ပြခဲ့ပြီး အခုတစ်ပတ်မှာတော့ အောင်မြင်တဲ့အရည်အချင်းရှိတဲ့ ဖာဂူဆန်ရယ်လို့ ဖြစ်လာမယ့် "Becoming Yourself" အပိုင်းမှာပါတဲ့ Listening, Watching, Reading ဆိုတဲ့အပိုင်း (၃) ပိုင်း ထဲက ပထမဆုံးအပိုင်းကို ဆက်လက်ပြီးဖော်ပြပေးပါမယ်။
နားထောင်ခြင်း ( LISTENING )
..................
"တစ်စုံတစ်ယောက်ဟာ သူ့ကိုယ်သူ ဘယ်လိုရှာဖွေတွေ့ရှိခဲ့သလဲ" ။ ကျွန်တော် ငယ်ငယ်တုန်းက ဒီခေါင်းစဉ်အပေါ်မတွေးဖူးခဲ့ပါဘူး။ ဒါပေမယ့် ကစားသမားတစ်ယောက်၊ အထူးသဖြင့် မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော် ဒီအကြောင်းအရာပေါ် ပိုပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ တကယ်လို့ သင့်အနေနဲ့ လူတွေကို ဦးဆောင်နေရတယ်ဆိုရင် ဒါဟာ သင့်ကို သူတို့ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ခံစားနိုင်ဖို့ ကူညီပေးပါတယ်။သူတို့ဘယ်လိုကြီးပြင်းလာလဲ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေထဲက အကောင်းဆုံးကောက်နုတ်ချက်တွေနဲ့ သူတို့ကို ထိတ်လန့်စေတဲ့ဝေဖန်ချက်တွေ စတဲ့အကြောင်းအရာတွေပေါ့။ဒီအရာတွေကို ရှာဖွေနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ နားထောင်ခြင်းနဲ့ ကြည့်ရှုခြင်းဆိုတဲ့ မထင်မှတ်ထားလောက်အောင်ကောင်းတဲ့ လုပ်ဆောင်ချက်နှစ်ချက်ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။ လူအများစုဟာ သူတို့ရဲ့ နားနဲ့မျက်စိတွေကို အကျိုးရှိရှိအသုံးမပြုကြပါဘူး။ သူတို့ဟာ သတိမမူတတ်ကြသလို အာရုံစိုက်ပြီးလည်း နားမထောင်ပေးကြပါဘူး။ ရလဒ်ကတော့ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာ တစ်ဝက်လောက်ကို မေ့လျော့နေတတ်ကြတာပါပဲ။ အပေါ်ယံလောက်ပဲပြောနိုင်တဲ့ မန်နေဂျာတစ်ချို့အကြောင်းကို ကျွန်တော်တွေးမိသေးတယ်။ အဲ့ဒါက သူတို့ကို ကူညီပေးနိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို နားတစ်စုံ၊မျက်လုံးတစ်စုံနဲ့ ပါးစပ်တစ်ပေါက်ကို ပေးထားတာ အကြောင်းရင်းတစ်ခုရှိပါတယ်။ ဒါကတော့ သင်စကားပြောရင်းနဲ့ ကြည့်လည်းကြည့်နိုင်သလို၊ နားလည်းနားထောင်နိုင်ပါတယ်။ အကောင်းဆုံးကတော့ နားထောင်ခြင်းဟာ သင့်ကို တစ်ပြားမှ ကုန်ကျစေမှာမဟုတ်ပါဘူး။ .... > ဆက်လက်ဖတ်ရှုရန် Read More ကိုနိုပ်ပါ

ကျွန်တော်တွေ့ဖူးခဲ့တဲ့ အကောင်းဆုံး နားထောင်သူတွေထဲက နှစ်ယောက်ကတော့ တီဗွီအင်တာဗျူးသူတွေဖြစ်ပါတယ်။ ဒေးဗစ် ဖရော့စ် ဟာ သူမကွယ်လွန်မီ၂ဝ၁၃ခုနှစ်မတိုင်ခင် ဆယ်စုနှစ် ငါးစုနီးပါးကို နာမည်အကြီးဆုံး အမေရိကန် သမ္မတဟောင်း ရစ်ချတ်နစ်ဇွန်အပြင် လူပေါင်းများစွာကို အင်တာဗျူးရင်း ကုန်ဆုံးလာသူပါ။ ဘီဘီစီကထွက်ပြီး နှစ်အနည်းငယ်အကြာမှာ သူ ကျွန်တော့်ကို Sky Sportsအစီအစဉ်အတွက် အင်တာဗျူးခဲ့တယ်။ တီဗီအင်တာဗျူးသူအများစုနဲ့မတူညီစွာပဲ ဒေးဗစ်ဟာ သူဖိတ်ခေါ်ထားတဲ့ဧည့်သည်ထက် ပိုပြီးထက်မြက်တယ်ဆိုတာရှင်းပြဖို့ လိုအပ်တယ်ဆိုတာမျိုး မခံစားရပါဘူး။ သူတို့ကို တစ်ချိန်လုံး စိတ်မရှည်တဲ့ပုံနဲ့ ဆက်ဆံတာ၊ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး မပြုမူခဲ့ဘူး။ ဒါပေမဲ့ သူဟာတကယ်ကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက်ပါ။အဲဒီအချက်ကို ၁၉၇၇ က ၂၈နာရီ၄၅မိနစ်ကြာအသံသွင်းထားတဲ့သမ္မတနစ်ဇွန်နဲ့ မေးမြန်းခန်းတွေနဲ့ သက်သေပြခဲ့ပါတယ်။ အဲဒီအရာတွေထဲက တစ်ချို့ကတော့ သူ့ပွဲတွေရဲ့ သတ်မှတ်ချက်တွေကြောင့်ပါ။ မိန့်ခွန်းမပါပါအောင် နားကျပ်ထဲကအော်နေတဲ့ ထုတ်လုပ်သူတွေနဲ့ စက္ကန့်ကိုးဆယ်ကြာ အင်တာဗျူးတွေကို ထပ်ဖြည့်တာမျိုး မလုပ်ဘူး။နောက်ထပ် မမျှော်လင့်ထားတဲ့ ပစ်မှတ်ကို ဖမ်းမိအောင်ကြိုးစားဖို့ အင်တာဗျူးအလယ်လောက်မှာ ချောင်းနေတာမျိုး မလုပ်တတ်ဘူး။ဒေးဗစ်ဟာ သင့်ကိုသာ အာရုံစိုက်နေပြီး ကျန်တာတွေ ကို စိတ်မရောက်စေပဲ ကြီးမားတဲ့ စိတ်ဝင်စားမှုကို ပြသပါလိမ့်မယ်။သူ့ဘက်မှာ ဧည့်သည်ကိုတဖြည်းဖြည်းစိတ်သက်သာရာရအောင် လုပ်ပေးဖို့ နာရီဝက်ကနေ ၆ဝမိနစ် အချိန်ရပါတယ်။အဲ့ဒီကြာချိန်ဟာ ဒီနေ့ကမ္ဘာပေါ်မှာတွစ်တာသုံးဖို့နဲ့ အမြန်စာတိုပို့ဖို့အတွက် ဆိုရင်တော့ တော်တော်လေး ကြာမြင့်တဲ့ အချိန်လည်းဖြစ်ပါတယ်။ဒေးဗစ်ရဲ့အကောင်းဆုံးလက်ဆောင်ကတော့ ဧည့်သည်တွေကို စိတ်သက်သာအောင်လုပ်ပေးနိုင်တာပါပဲ။အဲ့အချက်ကလည်း အင်တာဗျူးကနေ အတော်များများကို အနှစ်ချုပ်လို့ရအောင် ခွင့်ပြုပေးလိုက်သလိုပါပဲ။ သူ့ရဲ့ “အမေးခက်ခက်မေးတတ်သူကြီး”ဆိုတဲ့ နာမည်ပြောင်ကိုတော့ နည်းနည်းလေး အံ့အားသင့်မိတယ်။
အမေရိကန်တီဗွီအင်တာဗျူးသူ ချာလီရိုစ့်ကလည်း အလားတူပါပဲ။ ကျွန်တော် ဒေးဗစ်ကိုသိသလောက် သူ့ကိုမသိပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကတော့ သူ့ပွဲမှာပါဝင်ဖို့ဖိတ်ကြားခံခဲ့ရတယ်။ဗြိတိန်ဆွေးနွေးခန်းတွေလောက် ကျွန်တော်နဲ့မရင်းနှီးတဲ့ အမေရိကန်တီဗွီအစီအစဉ်မှာပါဖို့ နည်းနည်းတော့ စိုးရိမ်မိတယ်။ချာလီ့ပွဲမှာမပါခင်တစ်ရက်အလိုက ကျွန်တော့်ကို နယူးယောက်မြို့၊ပဉ္စမမြောက်ရိပ်သာက အီတာလျံစားသောက်ဆိုင်တစ်ခုဖြစ်တဲ့ ဟယ်ရီ စီပရီယန်နီဆိုင်မှာ တစ်ခွက်လောက်သောက်ဖို့ ဖိတ်ခဲ့တယ်။ ချာလီဟာ ထမင်းစားပန်းကန်အရွယ်လက်ဖဝါးတွေနဲ့လူထွားကြီးတစ်ယောက်ပါ။အဲ့ဒါကြောင့် သူ ကျွန်တော့်ကို တင်းတင်းဖက်ဖို့လုပ်ခဲ့တုန်းက အံ့အားသင့်ခဲ့တယ်။ကျွန်တော်က စကော့သွေးတစ်ဝက်ပါတာ ခင်ဗျားသိမှာပါ လို့စကားစပြီးတဲ့နောက်တော့ အားလုံးအဆင်ပြေလာလိမ့်မယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ ချာလီက ကျွန်တော့်ကို စိတ်သက်သာရာရအောင် ပါးနပ်စွာ လုပ်ပြီးတော့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့အကြောင်းအရာတစ်ခုခုပြောဖို့ ပေးထားတတ်တယ်။ကျွန်တော့်ရဲ့စကော့လေသံကို မစ္စစ္စပီနဲ့ ကန်ဆက်က ကြည့်ရှုသူတွေနားလည်အောင် စာတန်းထိုးတာလုပ်ပေးရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့မိပါတယ်။ ကျွန်တော့်လေသံကို ထုတ်လုပ်သူက အံအားသင့်နေမယ်လို့ ကျွန်တော်သံသယရှိနေတာတောင် ချာလီရဲ့ စိတ်ပါလက်ပါနားထောင်ပေးမှုကြောင့် အဲဒီနေ့မှာအသံသွင်းမှုအဆင်ပြေသွားပါတယ်။
ကျွန်တော် ရုပ်မြင်သံကြားတင်ဆက်သူမလုပ်ဖူးပေမယ့် နားထောင်ခြင်းကို အမြဲတန်ဖိုးထားပြီးသားပါ။ဒါက ကျွန်တော်ဟာ အခြေအနေတစ်ခုမှာ ဘာလုပ်သင့်လဲဆိုတာကို လူတွေဆီ လှမ်းဖုန်းဆက်ပြီး မေးတတ်တဲ့ အကျင့်ရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ကျွန်တော့်အတွက် အရာအားလုံးကို ကျွန်တော် ကိုယ်တိုင်ပဲစီစဉ်ချင်ပါတယ်။ဒါပေမယ့် ဂလက်စကို ရိန်းဂျားအသင်းရဲ့ အကြီးဆုံးရှယ်ယာဝင်တစ်ဦးဖြစ်တဲ့ ဂျွန်ပါတွန်ဆီက အသင်းမန်နေဂျာအဖြစ် ကမ်းလှမ်းချက်ကို ရခဲ့တဲ့ ၁၉၈၄ တုန်းကတော့ အကူအညီရှာဖို့ သတိရမိနေခဲ့တယ်။ဒီဟာတော့ ဒုတိယအကြိမ် ရိန်းဂျားအသင်းရဲ့ကမ်းလှမ်းမှုပါ။ ဒါကြောင့် အဲဒီအသင်းမှာ ၁၃နှစ်ကြာစီမံခဲ့တဲ့ စကော့တ် ဆိုင်မွန်နဲ့တွေ့ပြီး အကြံတောင်းတယ်။ ရိန်းဂျားကိုသွားဖို့ ကျွန်တော် အရင်ကတည်းက တွေဝေနေခဲ့တာပါ။တကယ်လို့ အဘာဒင်းအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် နောက်ထပ် စကော့ အသင်းကို သွားဖို့ဆိုတာ မသေချာပါဘူး။ စကော့တ်ဟာ ရိန်းဂျားအသင်းမှာ အကြွင်းမဲ့လုပ်ပိုင်ခွင့်ရှိတဲ့ ဒုဥက္ကဌ ဝီလီ ဝက်ဒဲလ်နဲ့ စကားမပြောရသေးတာကို သိနေပြီး ဒီကမ်းလှမ်းမှုဟာ ငါးစာချမျှော်လင့်ချက်တစ်ခုထက်ပိုတဲ့အပြင် ဘုတ်အဖွဲ့ကနေတရားဝင်မကြေညာရသေးတာလည်းဖြစ်နိုင်တာကို သိလာလို့ ဒီဟာကို ငြင်းဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တယ်။ကျွန်တော် ငြင်းပယ်ခဲ့ပြီး ဆုံးဖြတ်ချက်အတွက်လည်း နောင်တမရခဲ့ဘူး။ လူအတော်များများက နားထောင်ဖို့ အချိန်ကြာကြာ မရပ်နိုင်ကြဘူး။ အထူးသဖြင့် အောင်မြင်နေချိန်နဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးက မျက်နှာချိုသွေးပြီး သူတို့ရဲ့စကားလုံးတိုင်းမှာ အရာအားလုံးမှီတည်နေတယ်လို့ အယောင်ဆောင်နေကြချိန်တွေမှာပေါ့။
နှစ်အတော်ကြာလောက်က ၁၉၅၉ကနေ ၁၉၇၄ကြား လီဗာပူးလ်အသင်း မန်နေဂျာ လုပ်ခဲ့တဲ့ ဘီးလ် ရှန်ကလီနဲ့ စကားပြောခန်းတွေပါတဲ့ တိတ်ခွေ အတွဲလိုက်ကို တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပေးခဲ့တယ်။ အဲဒီစကားပြောခန်းတွေက ထုတ်လွှင့်ဖို့အတွက် မဟုတ်တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပါ။ ဒါပေမယ့် ကျွန်တော် ကားမောင်းနေရင်းနဲ့ အကြိမ်ပေါင်းများစွာနားထောင်ခဲ့တယ်။ အဲ့ဒီထဲမှာ ဖြစ်ရပ်မျိုးစုံလည်း ပါဝင်နေပါတယ်။ဒီတိတ်ခွေတွေရဲ့ ပြေးမလွတ်တဲ့ အမှန်တရားတွေကတော့ ရှန်ကလီရဲ့ ရိုးတွင်းခြင်ဆီထဲမှာ အမြစ်တွယ်နေတဲ့ ဘောလုံးအပေါ် လုံးဝ ရူးသွပ်မှု ဒီဂရီပါပဲ။ ရှန်ကလီ အစွန်းရောက်နေတယ်ဆိုရင်တောင် လုံ့လဝီရိယစိုက်ထုတ်မှုဟာ အောင်မြင်ဖို့လိုတယ်ဆိုတာကို ပြင်းပြင်းထန်ထန် ခံစားရစေခဲ့တယ်။
နောက်အခြေအနေတစ်ခုကတော့၊ ၁၉၉၂ လိဒ်စ် ယူနိုက်တက်အသင်းနဲ့ ကန်တဲ့ပွဲအပြီးမှာပါ။ ကျွန်တော့် အတွက် တော်တော်သမရိုးကျမဟုတ်တဲ့ အဖွဲ့လိုက်ရေချိုးမှုကိုပြုရင်း ကစားသမားတွေရဲ့ အသင်းအပေါ်သုံးသပ်ချက်တွေကို နားထောင်ခဲ့တယ်။ စတိဗ် ဘရုစ်နဲ့ ဂယ်ရီ ပါလီစတာကတော့ လိဒ်စ်အသင်းက ပြင်သစ်ဘောလုံးကလပ် Nîmes ကနေ စာချုပ်နဲ့ခေါ်ထားတဲ့ ပြင်သစ် တိုက်စစ်ကစားသမား အဲရစ် ကန်တိုနာကို ချီးမွမ်းကြတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ ခေါင်းဆောင် စတိဗ် ဘရုစ်ကတော့ ကန်တိုနာရဲ့ စွမ်းရည်တွေအပေါ်သူများထက် ပိုပြီးလေးစားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဝေဖန်ချက်တွေကနေ အရင်းခံပြီး နောက်ပိုင်းမှာ ကန်တိုနာကို ဝယ်ဖို့လမ်းစဖြစ်လာခဲ့တယ်။ ကန်တိုနာနဲ့ စာချုပ်ချုပ်ပြီးတာတောင်မှ ကျွန်တော်ယုံကြည်ရတဲ့ သူတွေ ဆီက အကြံညဏ်တွေ ရယူခဲ့တယ်။ ကျွန်တော် ဝယ်လိုက်တဲ့ ကစားသမားအကြောင်း ကောင်းကောင်းနားလည်ချင်တာနဲ့ ပြင်သစ်မန်နေဂျာ ဂျရတ် ဟိုလီယာနဲ့ ပြင်သစ် အားကစားသတင်းထောက် အဲရစ် ဘိုင်ဒါမန်းတို့ နှစ်ယောက်လုံးနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ ခင်ဗျား ကန်တိုနာနဲ့ စာချုပ်ချုပ်သင့်တယ်။ခင်ဗျားကြည့်ရတာအထင်သေးနေတဲ့ပုံပေါက်နေပြီ၊ တကယ်ကို နားလည်မှု အနည်းငယ်လိုနေတယ် လို့ ပြောခဲ့တဲ့ မီရှဲလ် ပလာတီနီနဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။ဒါဟာ လိဒ်စ်ယူနိုက်တက်အတွက် ဒီရာသီမှာ အရေးပါတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲဒီထက် နည်းနည်းပိုပြောရရင် ဒီဆုံးဖြတ်ချက်က ဆယ်စုနှစ်တစ်ခုလုံးအတွက်လည်း ဖြစ်နိုင်ပါတယ်။ အဲရစ်မပြောင်းရွေ့ခင် ကစားခဲ့တဲ့ခြောက်ပွဲမှာ ကျွန်တော်တို့ လေးဂိုးရရှိခဲ့တယ်။ အဲရစ်ပြောင်းရွေ့မှုအပြီး ခြောက်ပွဲကစားချိန်မှာ ကျွန်တော်တို့ ၁၄မှတ်ရခဲ့တယ်။
ကန်တိုနာဆီဦးတည်သွားစေတဲ့ အကြံပြုချက်က သမရိုးကျမဟုတ်ပေမယ့် ကစားသမားတွေဟာ ပြိုင်ဘက်တွေရဲ့ဖြစ်နိုင်ချေရှိတဲ့ ကစားကွက်တွေကို ဘယ်လိုခန့်မှန်းသလဲဆိုတာကို စိတ်ပါလက်ပါ နားထောင်ပေးဖို့လေ့ကျင့်မှု ကျွန်တော် လုပ်နိုင်ခဲ့တယ်။ဒါဟာ အသင်းကစားပုံစာရွက်ရပြီးတဲ့အထိ အမြဲတမ်း ခန့်မှန်းရတဲ့ကစားပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်တွေရဲ့ ကစားကွက်တွေက ကျွန်တော်တို့ရဲ့ဗျူဟာအပေါ် အကြီးမားဆုံး လွှမ်းမိုးမှုဖြစ်လာနိုင်ပါတယ်။ပွဲမစခင်တစ်ပတ်လောက်အလိုမှာ ကစားသမားတွေက အဖွဲ့ချုပ်ထဲကသူတို့ရဲ့မိတ်ဆွေတွေ၊ များသောအားဖြင့် ကစားဖော်ဟောင်းတွေနဲ့ မကြာခဏ စကားပြောကြတယ်။ ဒါကြောင့် သူတို့ဟာ ကွင်းထဲမှာ ရင်ဆိုင်ရမယ့် ကစားသမားတွေနဲ့ ပတ်သတ်ပြီး သဲလွန်စတွေ တစ်ခါတစ်ရံ ရလာတတ်ကြပါတယ်။ကစားကွက်တွေ တွက်ဆနိုင်ပြီဆိုရင် ကျွန်တော်တို့ ကစားပွဲအသေးလေးတွေ လုပ်လေ့ရှိတယ်။ ကစားသမားဆယ့်တစ်ယောက်လုံးကို နိုင်ခြေရှိတယ်လို့ ဘယ်တော့မှ အပြည့်အဝ မမျှော်လင့်ထားပါဘူး။ အသင်းတွေ တိုးလာတာကြောင့် လုပ်ဖို့ပိုခက်လာတယ်။ခန့်မှန်းထားသလိုပဲ တကယ်တမ်း အချက်အလက်တွေရလာပြီးရင် ကစားကွက်တွေဟာ ကျွန်တော် ခန့်မှန်းထားတာနဲ့ ကွာခြားနေတော့ ကစားသမားတွေက ဆရာ ကတော့ မှန်ပြန်ပြီဆိုပြီး အရွှန်းဖောက်ကြပြန်တယ်။
နော်ဝှစ်ခ်ျကို ရှုံးနိမ့်ခဲ့တဲ့ နိုဝင်ဘာ ၂ဝ၁၂ပွဲအပြီး၊ လေးစားမှုတွေနဲ့ သူတို့ရဲ့မန်နေဂျာ နားနေခန်းထဲကို မျက်နှာသွားပြခဲ့ရတယ်။ခရစ် ဟက်တန်ကတော့ အတန်ငယ် ဝင့်ကြွားနေပေမယ့် အခန်းထဲမှာတော့ အောင်ပွဲခံမယ့် လူတွေနဲ့ ပြည့်ကျပ်နေခဲ့တယ်။ ဘယ်လိုမျိုး အားနည်းချက်ကိုမှ ကျွန်တော် မပြချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်မျက်နှာထားကို အဆင်ပြေအောင်ထားပြီး သူတို့ဘာပြောချုင်လဲဆိုတာ နားထောင်ပေးခဲ့တယ်။အဓိကကတော့ ကစားသမားတွေက ချီးမြှောက်မှုအတွက် သီချင်းတွေ သီဆိုကြမယ့်အကြောင်းပါပဲ။ သူတို့နာမည်တွေအားလုံးကိုမှတ်မိသွားပြီး စိတ်မှတ်နဲ့ ကျွန်တော်တို့ရဲ့ ရေဒါဖန်သားပြင်ပေါ်တင်ထားလိုက်တယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် နောက်ထပ် တိကျတဲ့ အဖြစ်အပျက်တစ်ချို့ကို ကျွန်တော် သတိရမိခဲ့တယ်။ ၁၉၈၃ခုနှစ်တုန်းကဂေါ့သန်ဗာ့ဂ်မြို့မှာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ၁၉၇၈ ကနေ ၁၉၈၆ထိကျွန်တော် တာဝန်ယူခဲ့တဲ့ အဘာဒင်းတို့ ဥရောပဖလား နောက်ဆုံးဖိုင်နယ်ပွဲ ကန်ရမှာဖြစ်လို့ ဂျော့ခ် စတိန်းကို ကျွန်တော်တို့နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဂျော့ခ်ဟာ ကျွန်တော့်ရဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့အပြင် ၁၉၆၇ခုနှစ်ဥရောပဖလားပွဲစဉ်ဖြစ်တဲ့ ဆဲလ်တစ်ခ်က အင်တာမီလန်ကိုနိုင်တဲ့ချိန်မှာ ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပထမဆုံး ဗြိတိသျှမန်နေဂျာပါ။သူက ကျွန်တော် ဘယ်တော့မှ မမေ့တဲ့အရာနှစ်ခုကို ပြောခဲ့တယ်။ ပထမဆုံးအနေနဲ့ ကတော့ ကစားပွဲမတိုင်ခင်တစ်ရက်ထိခင်ဗျားအသင်းဟာဒုတိယအသင်းအနေနဲ့ ကွင်းတွင်းလေ့ကျင့်မှုမှာရှိနေမယ်ဆိုတာ သေချာပါစေ။ဒါမှသာ ခင်ဗျား ပြိုင်ဘက်တွေက သူတို့လေ့ကျင့်နေခိုက် ခင်ဗျားတို့ကြည့်မယ်လို့ တွေးနေမိအောင်ပါ။နောက်ပြီး ရီးရဲလ် မက်ဒရစ်အသင်းနည်းပြကြီး အဲဖရက်ဒို ဒီ စတန်ဖီနိုအတွက် မက်ကယ်လန်ဝီစကီယူသွားဖို့လည်း အကြံပေးပါတယ်။ဒီ စတန်ဖီနိုကို ဝီစကီပုလင်းသွားပို့တဲ့အခါ သူအရမ်း အံ့အားသင့်သွားတယ်။အဲ့ဒီအရာက သူတို့ကို အထင်ကြီးနေတယ်လို့ ထင်သွားနိုင်ပြီး အဘာဒင်းအသင်းကို နဂိုကတည်း ရှူံးပြီးသားလို့ သတ်မှတ်ထားသလိုဖြစ်သွားတယ်။ ဂျော့ခ်စကားနားထောင်ခဲ့လို့ ဝမ်းသာမိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အကြံနှစ်ခုလုံး ကူညီပေးနိုင်ခဲ့လို့ပါ။ နောက်ပိုင်း ကျွန်တော် စကော့တလန်မှာ ဂျော့ခ်ရဲ့ လက်ထောက်မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့စဉ်က နည်းဗျူဟာတွေနဲ့ စီမံခန့်ခွဲမှုကိစ္စတွေနဲ့ ပတ်သက်တာမျိုးတွေအတွက် မေးခွန်းတွေကို ဂျော့ခ်ထံမေးလေ့ရှိပါတယ်။ သူဟာ ကျွန်တော့်အတွက် ရင်းနှီးတဲ့ မန်နေဂျာ အတွေ့အကြုံရင့် သမားတစ်ယောက်ဖြစ်ပြီး သူပြောသမျှအားလုံးနီးပါးကိုကျွန်တော် လိုက်မှတ်ပါတယ်။ဂျော့ခ် ဟာ ကျွန်တော့်ကို ပွဲပြီးတဲ့အထိ ကစားသမားတွေ အပေါ် ဒေါသမလျှော့နဲ့လို့အကြံပေးလေ့ရှိပါတယ်။သူအမြဲပြောတယ်။ တနလာင်္နေ့ထိစောင့်ပါ၊အရာအားလုံးတည်ငြိမ်သွားချိန်ထိပေါ့။ ဒါဟာ အရမ်းကောင်းတဲ့ အကြံပါပဲ၊ ဒါပေမယ့် ကျွန်တော့်ပုံစံနဲ့လိုက်ဖက်မှုမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဝင်မ်စလိုက ကျွန်တော့်ရဲ့ ရုံးခန်းမှာ ချိတ်ထားတဲ့ အကြီးဆုံး ဓာတ်ပုံဟာ တိုက်ဆိုင်မှုမရှိပဲ ဂျော့ခ်မကွယ်လွန်ခင် သူနဲ့ ကျွန်တော် ၁၉၈၅ စက်တင်ဘာ ၁ဝရက် ဝေးလ်စ် အသင်းနဲ့ စကော့တလန်အသင်းယှဉ်ပြိုင်မှုမစခင် အမှတ်တရ ရိုက်ထားတဲ့ပုံပါပဲ။
အတွေးထဲကို ဝင်လာတဲ့ နောက်ဆုံး ဥပမာလေးရှိပါသေးတယ်။အဲ့ဒီလူကတော့ နော့စ်ကောင့်တီအသင်း မန်နေဂျာ ဂျင်မီဆီရယ်ပါပဲ။ ၁၉၇၃တုန်းက ကျွန်တော် တက်ခဲ့တဲ့ နည်းပြသင်တန်းက သရုပ်ပြဆရာလည်းဖြစ်ပါတယ်။ သူဟာ ကျွန်တော့်ကို အရေးကြီးတဲ့ သင်ခန်းစာကို သင်ပေးခဲ့တယ်။ ကစားသမားတွေရဲ့ စာချုပ်သက်တမ်းကို တူညီတဲ့ အချိန်တစ်ခုတည်းမှာ ဘယ်တော့မှ မကုန်ဆုံးစေဖို့ သူ ကျွန်တော့်ကို ပြောပါတယ်။ အကြောင်းရင်းကတော့ မန်နေဂျာနဲ့ အသင်းအကြား မရိုးသားမှုတွေ ဖြစ်လာနိုင်လို့ပါပဲ။ ဂျင်မီမပြောခင်အထိတော့ ကျွန်တော် ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး မစဉ်းစားဖူးပေမယ့် နောက်ပိုင်းမှာတော့ စာချုပ်ချုပ်ဆိုမှုမှာ သေချာအောင်လို့ တော်တော်အာရုံစိုက်ခဲ့ပါတယ်။ ဂျင်မီရဲ့အကြံပေးဖို့ မိနစ်ပိုင်းတောင် မကြာပေမယ့် နားထောင်ခြင်းရဲ့အကျိုးကျေးဇူးကတော့ ဘဝတစ်လျှောက်လုံးစာ ကျန်ရစ်နေခဲ့တယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ စိတ်ကူးအကြံညဏ်တွေဟာ မကြာခဏဆိုသလို မထင်ထားတဲ့နေရာကနေ ရတတ်ပြီး တစ်ပြားမှမကုန်တဲ့ နားထောင်ခြင်းကတော့ သင်လုပ်နိုင်သမျှတန်ဖိုးအရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
………………………………………………………………………………
နောက်လာမယ့်အပတ်မှာတော့ ဖာဂူဆန်ရဲ့ "ကြည့်ရှုခြင်း" ဆိုတဲ့ အပိုင်းကို တင်ဆက်ပေးမှာဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ရေးသားထားတဲ့ ရေးသားချက်တွေကို လေ့လာဖတ်ရှုရမှာပါပဲဖြစ်ပါတယ်။
အပတ်စဉ်ကြာသပတေးနေ့ တိုင်းမှာ ဖာဂူဆန်ရဲ့  Leading စာအုပ်ကို အပိုင်းဆက်အနေနဲ့ ဖော်ပြပေးသွားပါမယ်။နောက်ပိုင်းမှာ Pdf အနေနဲ့ စာအုပ်ထုပ်ပေးပါမယ်။



Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...