Ads (728x90)


FAO မှ ထုတ်ပြန်သည့် FRA 2015 အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံး နိုင်ငံဖြစ်သည်။ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း လျော့နည်းလာခြင်းမှာ တရုတ်မှ သစ်ခိုးထုတ်ခြင်း၊ သစ်အလွန်အကျွံ ထုတ်လုပ်ခြင်း၊ လူဦးရေ တိုးတက်များပြား လာသည်နှင့်အမျှ မြို့ရွာများ တိုးချဲ့လာခြင်း၊ အခြားမြေအသုံးချမှု ပြောင်းလဲခြင်း စသည်တို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှု အနေအထားမှာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု သိရသဖြင့် အစိုးရသစ်လက်ထက် မြန်မာ့သစ်တောများကို မည်ကဲ့သို့ ထိန်းသိမ်းသွားမည်၊ တရားမ၀င် သစ်ခိုးထုတ်မှုများကို ပပျောက်အောင် မည်သို့ဆောင်ရွက် သွားမည်တို့နှင့် စပ်လျဉ်းပြီး သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် မြန်မာ့သစ်လုပ်ငန်း ရုံးချုပ်တွင် တွေ့ဆုံခိုက် မေးမြန်းဖြစ်သည်များကို ပြန်လည်ဖော်ပြ အပ်ပါသည်။

မေး - မြန်မာနိုင်ငံရဲ့ လက်ရှိသစ်တော ဖုံးလွှမ်းမှုက ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းလို့ သိရပါတယ်။ ဒီနှစ်တွေအတွင်းမှာ သစ်တောပြုန်းတီးမှု ဘာကြောင့်မြင့်တက် လာရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပြပေးပါ။

ဖြေ - နံပါတ် (၁) အချက်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံတွေက သစ်တောဖုံးလွှမ်းမှု အများဆုံး နိုင်ငံတွေထဲမှာ ပါနေလို့ပဲ။ နှစ်ကတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာပါတယ်။ ထင်း၊ မီးသွေးအတွက် ဒေသခံပြည်သူ ရာခိုင်နှုန်း ၇၀ က လောင်စာအတွက် မှီခိုနေရတဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။ တရားမ၀င် သစ်ခိုးထုတ်မှုတွေ ကြောင့်လည်းဖြစ်တယ်။ ဒါ့အပြင် မြေအသုံးချမှု ပြောင်းလဲမှုတွေကြောင့်လည်း ဖြစ်တယ်။ အဲဒါတွေကြောင့် သစ်တောပြုန်းတီးမှု မြင့်မားနေရခြင်း ဖြစ်တယ်။


မေး - တရားမ၀င် သစ်ခိုးထုတ်တာတွေဟာ မြင့်တက်နေဆဲဖြစ်တယ်။ လက်ရှိအချိန်မှာလည်း တားဆီးနိုင်ခြင်း မရှိသေးတဲ့အပေါ် ဆရာဘာများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ - သစ်ခိုးမှုများနေတာက နံပါတ် (၁) အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ Demand ကလည်း မြင့်တက်လို့ နယ်စပ်ဒေသတွေမှာ လုံခြုံရေး ကန့်သတ်ချက်တွေကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းလို့။ ကျွန်တော်တို့ ခင်ဗျားတို့ ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်က "အရင်းမစိုက် လှေထိုးလိုက်" အရင်းမရှိရင် လှေထိုးလိုက်တယ်။ အခု ဘယ်သူမှလှေထိုး မလိုက်ဘူး။ အခုက စကားပုံပြန်ပြင်ရမလို ဖြစ်နေပြီ။ "အရင်းမစိုက် လွှဆွဲလိုက်" ဘာအရင်းမှ မလိုဘူး။ စက်လွှလေးတစ်ခု သစ်ခိုးဂိုဏ်း ခေါင်းဆောင်က လွှလေးထုတ်ပေးလိုက်တယ်။ အဲဒီစက်လွှလေးနဲ့ တောထဲမှာ သွားဆွဲလိုက်ကြတယ်။ အဲဒီအတွက် သစ်ခိုးထုတ်မှုတွေက ပိုမိုများပြားပြီးတော့ မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေတယ်။


မေး - အဲဒီတရားမ၀င် သစ်ခိုးထုတ်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးပါလဲ။

ဖြေ - ခေါင်းရှောင်တာ မဟုတ်ပါဘူး။ သစ်တောဦးစီးဌာနမှာပဲ အဓိကတာဝန်ရှိတယ်။ ဒါပေမဲ့ သစ်တောဦးစီးဌာန တစ်ခုတည်း ကာကွယ်တားဆီးနေရုံနဲ့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမြန်မာနိုင်ငံရဲ့ သစ်တောဧရိယာ၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေဟာ ဧက ၄၆ သန်း လောက်ရှိတယ်။ ၀န်ထမ်းအင်အားက ၆၀၀၀ ပဲရှိတော့ တောကြပ်ကနေ ညွှန်ချုပ်အထိ တစ်ယောက်ကို ဧက ၇၇၀၀ တာဝန်ယူရတယ်။ အဲဒီတော့ ဘယ်လိုလုပ် ကာကွယ်ထိန်းသိမ်းနိုင်မလဲ။ အဲဒီတော့ အဓိက ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမှာသည် သစ်တောဦးစီးဌာနဖြစ်တယ်။ ဒါပေမဲ့ အားလုံးပါဝင် ပူးပေါင်းထိန်းသိမ်း ပေးမှသာလျှင် တရားမ၀င် သစ်ခိုးထုတ်မှုကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။


မေး - အားလုံးပါဝင်ဖို့ ဆိုရာမှာ တရားဥပဒေစိုးမိုးမှုရဲ့အားနည်းချက်ရှိတဲ့အပေါ် သုံးသပ်ပေးပါဦး။

ဖြေ - ဟုတ်ပါတယ်။ တရားဥပဒေစိုးမိုးမှု အပိုင်းတွေ အများကြီးရှိတယ်။ ဒေသခံ ပြည်သူတွေကလည်း မိမိတို့ဒေသမှာ လာရောက် သစ်ခိုးထုတ်နေတာတွေကို သတင်းပေးရမယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်း တွေကလည်း ပါဝင်ရမယ်။ နိုင်ငံတော် အစိုးရကလည်း ပါဝင်ရမယ်။ အကုန်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှရမယ်။ အခုထက်ပိုမို ဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံချင်တယ်။


မေး - တရုတ်ဘက်ကို သစ်အလွန်အကျွံ ခိုးထုတ်နေတဲ့အပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ - မြန်မာ-တရုတ် နယ်စပ်မှာ တရားမ၀င် သစ်ခိုးထုတ်မှုဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နယ်စပ်ဖြတ်ကျော် တရားမ၀င် သစ်ခိုးထုတ်တဲ့ ဒေသပဲ။ အဲဒါကို ယခင်အစိုးရ အဆက်ဆက်ကလည်း နည်းမျိုးစုံနဲ့ တစ်ဖက်နိုင်ငံ အစိုးရတာဝန် ရှိသူတွေနဲ့ ပြောခဲ့တယ်။ သမ္မတဦးသိန်းစိန် တရုတ်ကို သွားတုန်းကလည်း တရားမ၀င် သစ်ခိုးထုတ်တာတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်။ ကျွန်တော်တို့ သစ်တောဦးစီးဌာနကလည်း ဟိုဘက်က တာဝန်ရှိသူတွေနဲ့ ၂၀၁၅ ခုနှစ်က ဆွေးနွေးခဲ့တယ်။ အခုတော့ သူတို့ဘက်ကို သစ်တင်သွင်း တာရပ်ထားတယ်လို့ ပြောတယ်။


မေး - ဒါပေမဲ့ တရားမ၀င် ခိုးထုတ်နေတာတွေ ရှိနေသေးတယ်လို့ ထင်ပါသလား။

ဖြေ - အဲဒါကို ကျွန်တော်တို့ မသိနိုင်ဘူးလေ။ တရုတ်ဘက်မှာ ရှိနေတဲ့ နယ်စပ်ကုန်သည်တွေက ပြောတော့ အခုရပ်ဆိုင်း ထားပါတယ်တဲ့။ ဟိုဘက်ကို မ၀င်ပါဘူးတဲ့။ ဒါကလည်း သူတို့အမြင်နဲ့ ရွှေလီလောက်ကို ပြောတာ ဖြစ်ချင်ဖြစ်မှာပါ။ ကန်ပိုက်တီးတို့ဘက်မှာ ဘယ်လိုအခြေအနေ ရှိလဲတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူးလေ။ ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ အထိုက်အလျောက်တော့ တော်တော်များများ လျော့ကျသွားတယ်။ နှစ်နိုင်ငံ MoU ထိုးဖို့လည်း လုပ်နေပါတယ်။


မေး - ပြည်တွင်းမှာ တရားမ၀င် သစ်ခိုးထုတ်တဲ့သူတွေကို ဖမ်းဆီးဖို့ကြိုးစားရင်း ၀န်ထမ်းအချို့ ရန်ပြုတိုက်ခိုက်ခံရတာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ - ကျွန်တော်တို့ဆီမှာ လက်ထောက် ညွှန်ကြားရေးမှူး အသတ်ခံရတဲ့ ဖြစ်စဉ်တွေရှိတယ်။ ရန်ပြုတိုက်ခိုက် ခံရတာတွေလည်းရှိတယ်။ အဓိက,က တရားဥပဒေ မစိုးမိုးလို့ပါ။ တရားမ၀င် သစ်ကုန်သွယ်မှုဟာ အကျိုးအမြတ် အများကြီးရတဲ့ အလုပ်ပါ။ အခု သစ်တောဥပဒေကို ပြင်ဖို့လုပ်နေတယ်။ Final အဆင့် ပြီးခဲ့တဲ့ လွှတ်တော်ကို တင်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လွှတ်တော်မှာ လုပ်ငန်းများပြား တဲ့အတွက် အခု နောက်လွှတ်တော်မှာ တင်ဖို့လုပ်နေပါတယ်။ အဓိက ဥပဒေကိုပြင်တဲ့အထဲမှာ ၁၉၉၂ ကဥပဒေက အခု ၂၀၁၆ ဆိုတော့ ၂၄ နှစ်ရှိနေပြီ။ အဲဒီဥပဒေမှာ ပြစ်ဒဏ်သက်ရောက်မှုက နည်းတယ်။ အရင်တုန်းက ဒဏ်ငွေ ၅၀၀၀။ အခုအဲဒီပြစ်ဒဏ်တွေကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတယ်။ အဲဒါမှ ဥပဒေသက်ရောက်မယ်။ ထိရောက်တဲ့ ဥပဒေတွေ ဖြစ်လာဖို့လည်း လိုအပ်တယ်။ အဲဒီလို နည်းမျိုးစုံ ဘက်ပေါင်းစုံကလုပ်ပါမှ တရားမ၀င် သစ်ခိုးထုတ်တာတွေ ပပျောက်မယ်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေက ၂၀၁၀ ရဲ့ရှေ့ပိုင်းနဲ့ နောက်ပိုင်းက အရမ်းကို ကွာသွားတယ်။ ၂၀၁၀ ရဲ့ နောက်ပိုင်းက ပိုများလာတယ်။ ဘာဖြစ်လို့ ဒီလောက် အကြမ်းဖက် လာကြသလဲဆိုတော့ တရားမ၀င် သစ်ခိုးထုတ်တာကို ဂိုဏ်းဂဏ အသွင်နဲ့ ပြည်တွင်းမှာ လုံခြုံရေးရှိတဲ့ နေရာတွေမှာပါ လုပ်လာခဲ့လို့ ရန်ပြုခံရတာတွေ အရမ်းကို များလာတာပါ။


မေး - ဘယ်နေရာတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာပါလဲ။

ဖြေ - အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်တဲ့နေရာတွေက လက်နက်ကိုင် ဧရိယာတွေ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် နာကျင်မှုတွေ ဖြစ်ပွားတာကတော့ စစ်ကိုင်းတိုင်းတို့၊ ပဲခူးတိုင်းတို့ပေါ့။ သစ်ခိုးထုတ်မှု အများဆုံးနဲ့ အများဆုံး ရန်ပြုခံရတဲ့ နေရာတွေဖြစ်ပါတယ်။ ပဲခူး၊ ကျောက်တံခါးမြို့နယ်က အဆိုးဆုံးပါ။ ဒါပေမဲ့ ဒေသခံတွေ မဟုတ်ပါဘူး။ တခြား ဒေသကနေလာပြီး လုပ်နေကြတာပါ။ သစ်ခိုးဂိုဏ်း ခေါင်းဆောင်တွေက ရန်ကုန်က အခြေစိုက်ပြီး ငွေထုပ်ပိုက်ပြီး လုပ်နေကြတဲ့ လူမျိုးတွေကြောင့်ပါ။ ငွေထုပ်ပိုက်တယ်ဆိုတဲ့ နေရာမှာ ခရိုနီလောက်တင် မဟုတ်ဘူး။ သိန်းရာဂဏန်း ရှိရင်ကို သစ်ခိုးထုတ်နေကြတာပါ။


မေး - ဆရာရဲ့စာတမ်းမှာ သစ်တောမြေကနေ အခြားမြေ အသုံးချမှုကိုလည်း တတ်နိုင်သမျှ လျော့အောင် လုပ်ရမယ်လို့ ပြောသွားတယ်။ အခုလက်ရှိမှာ သစ်တောမြေကနေ အခြားမြေ အသုံးချမှု ပြောင်းသွားတာ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက် ရှိမလဲ။

ဖြေ - ကိန်းဂဏန်းနဲ့ ပြောရင်တော့ အများကြီးပါပဲ။ သစ်တောမြေ ပြုန်းသွားတာ ၁ ဒသမ ၇၃ ရာခိုင်နှုန်း ဆိုရာမှာ အခြားမြေ ပြောင်းလဲ အသုံးချမှုကြောင့်လည်း ပါတယ်။ ဆိုလိုတာက တစ်နှစ်ကို ဧက ၁၀၀ ရှိရင် ၁ ဒသမ ၇၃ ဧက ပျက်တယ်လို့ပြောတာ။


မေး - သစ်တောဖုံးလွှမ်းမှုက ၄၂ ဒ သမ ၉၂ ရာခိုင်နှုန်း ရှိသေးတယ် ဆိုပေမယ့် မြန်မာပြည် ဘယ်နေရာကိုပဲ ကြည့်ကြည့် တောင်ကတုံးတွေချည်းပဲ ဖြစ်နေတယ်ဆရာ။ အဲဒီအပေါ်လည်း သုံးသပ်ပေးပါဦး။

ဖြေ - ပဲခူးရိုးမမှာဆိုရင် အဝေးပြေးလမ်းကနေ ၁၀ မိုင် အထိသွားရင် တောင်ကတုံးပဲတွေ့မယ်။ အဲဒီအဝေးပြေးလမ်းကနေ ၁၀ မိုင်ဝင်လာပြီးတော့ နောက်ထပ်မိုင် ၈၀ သွား။ လုံးဝ နေပြောက် မထိုးစေရဘူး။ ပဲခူးရိုးမကို ဖြတ်တဲ့လမ်းက ပဲခူး-တိုက်ကြီးလမ်း၊ မင်းလှ-စိန်ကန့်လန့်လမ်း၊ အုတ်တွင်း-ပေါက်ခေါင်းလမ်း၊ ကိုးပင်-သာဂရလမ်း၊ ပျဉ်းမနား-တောင်တွင်း ကြီးလမ်း၊ အဲဒီတောတွေကို အကုန်လုံးသွားကြည့်ပါ။ အလယ်ကောင်ကျမှရပ်၊ ထူထပ်တဲ့ တောတွေကို တွေ့ရပါမယ်။


မေး - ပဲခူးရိုးမမှာ သစ်ထုတ်တာကို ရပ်ပါလို့လည်း ပြောသွားတော့ အဲဒီအပေါ်လည်း ပြောပါဦး။

ဖြေ - ပဲခူးရိုးမက သစ်တောပြုန်းတီးမှုအများဆုံး ဖြစ်နေပါတယ်။ မြန်မာပြည်မှာ သစ်တောဖုံးလွှမ်းမှု အကောင်းဆုံးက တနင်္သာရီ၊ ရခိုင်၊ ကချင်၊ ချင်း စတာတွေက သစ်တောဖုံးလွှမ်းမှု အကောင်းဆုံး ပြည်နယ်ထဲမှာ ပါတယ်။ သစ်တောဖုံးလွှမ်းမှု အနိမ့်ဆုံးထဲမှာတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတို့ ပါဝင်ပါတယ်။

အဲဒီတော့ နံပါတ် (၁) အနေနဲ့ ကျွန်းသစ်ထုတ်လုပ်ခြင်းကို လုံးဝရပ်ဆိုင်းလိုပါတယ်။ ကျွန်တော်ရဲ့ သုံးသပ်တင်ပြ ချက်ကတော့ ၁၀ နှစ်ကာလဖြစ်တဲ့ ၂၀၁၆-၂၀၂၅ အတွက် ကျွန်းသစ် ထုတ်လုပ်ခြင်းကို လုံးဝရပ်ဆိုင်းဖို့ ဖြစ်ပါတယ်။ အကယ်၍ ကျွန်းသစ်ထုတ်လုပ်ခြင်းကို မရပ်ဆိုင်းရင်တော့မှပဲ ပဲခူးရိုးမ တစ်ခုလုံးကိုတော့ ကျွန်းနဲ့ သစ်မာ ထုတ်လုပ်ခြင်းကို လုံးဝရပ်ဆိုင်းဖို့ပါပဲ။ ကျွန်းထုတ်လုပ်ခြင်းကို အခိုက်အတန့် အနေနဲ့ ထုတ်ဖို့လိုတယ်လို့ ကျွန်တော်တို့အားလုံး သုံးသပ်မယ်ဆိုရင်လည်း AAC (နှစ်စဉ်ခွင့်ပြုတောထွက်) ၁၀၀ အောက်နဲ့ရှိတဲ့ ခရိုင်များနဲ့ ပဲခူးရိုးမကြီး တစ်ခုလုံးကိုတော့ အနားပေးပြီးရပ်ဆိုင်းဖို့ အကြံပြုချင်ပါတယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Writer: နီလာ
Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...