ယနေ့မတ်လ(၁၇)ရက်နေ့တွင် မြန်မာလူငယ်တောင်တက်သမားနှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦး သည် ဧ၀ရတ်တောင်၏ (၇,၁၆၂)မီတာ မြင့်သော Camp-3 သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီ ဖြစ်ပါ သည်။ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦးသည် Camp-3 သို့ တက်ရောက်ရာတောင်တက်လမ်းကြောင်းတွင် တစ်နာရီ (၅၀)ကီလိုမီတာခန့် ရှိသော ပြင်းထန်သည့် လေတိုက်နူန်းကို ကြံ့ကြံ့ခံရင်း (၈၀)ဒီဂရီခန့် မတ်စောက်သည့် ရေခဲတောင်ကို တက်ရောက်ခဲ့ကြရခြင်းဖြစ်သည်။
အဆိုပါတောင်တက်သမားနှစ်ဦးသည် မြန်မာအလံအား ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်ထိပ်တွင် ပထမဆုံးအကြိမ်စိုက်ထူနိုင်ရေး အတွက် မနက်ဖြန် မေလ (၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် Camp -4 သို့ ဆက်လက်တက်ရောက်ကြမည်ဖြစ်ပါသည်။ Camp-4 သည် မီတာ(၈၀၀၀) မြင့်မားသည် ဖြစ်ရာ လေထုအတွင်း အောက်ဆီဂျင်ပါဝင်မှု အလွန်နည်းပါးသည့် အခြေအနေရှိပါသည်။
ထို့ ကြောင့် မြန်မာတောင်တက်သမားများသည် ဒေသခံတောင်တက်အကူရှပ်ဖာများနှင့်အတူ တက်ရောက်ရာတွင် အောက်ဆီဂျင်ဗူး (၈)ဗူး ယူဆောင်သွားကြမည်ဖြစ်ပါသည်။
ဧ၀ရတ်တောင်အောင်နိုင်ရေး မြန်မာတောင်တက်သမားလူငယ်များ၏ ခရီးစဉ်မှာ အောင်လံလွှင့်ထူနိုင်ရန် လက်တစ်ကမ်းနီးပါး အလိုသို့ ရောက်ရှိလာပြီဟု တင်စားပြောဆိုနိုင်ပြီ ဖြစ်ပါသည်။ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦးသည် Camp-4 သို့ ရောက်ရှိပြီးနောက် တရက်အနားယူကာ summit push အနေဖြင့် လာမည့် မေလ (၁၉)ရက်မနက်တွင် ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ် တောင် အား မြန်မာနိုင်ငံသားများ၏ခြေဖ၀ါးအောက်သို့ ရောက်ရှိမည့် တောင်ကြီး ဖ၀ါးအောက် မှတ်တမ်းကို ရေးထိုးနိုင်တော့မည် ဖြစ်ပါတော့သည်။
မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အသင်း၏နာယကသာမက ထူးဖောင်ဒေးရှင်း၏နာယကလည်း ဖြစ်သော ဦးတေဇ သည် မြန်မာ့ဂုဏ်အား သက်စွန့်ကြိုးပမ်းမြှင့် တင်ခဲ့ကြသော မြန်မာလူငယ်တောင်တက်သမား (၃)ဦးအား အလွန်ဝမ်းမြောက်စွာဖြင့် ကြိုဆိုမည်ဖြစ်ပါကြောင်း လည်း ဖော်ပြအပ်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။