ကျွန်တော်“မောင်ထိုက်တန်”သည် အတန်းပညာတို့ တတ်မြောက်အောင်မြင်၍ ဘွဲ့လက်မှတ် ရရှိခဲ့ပြီးသည့်နောက် မိဘများကလည်း ငွေကြေးပြည့်စုံကြွယ်ဝကြသည်နှင့်အညီ တစ်စုံတစ်ခုသောအလုပ်အကိုင်ကို ရှာဖွေလုပ်ကိုင်ခြင်း မရှိသေးဘဲ အေးအေးလူလူ နားနေကာ စာအုပ်စာပေများကို ရှာဖွေဖတ်ရှုနေစဉ် စာအုပ်ပုံထဲမှ ရွာပျောက်ကြီး-ဆိုသည့်ဝတ္ထုကို တွေ့မြင် ဖတ်ရှုလိုက်ရသည့်အခါဝယ် ငါးပါးသီလ လုံခြုံလွန်းသဖြင့် နတ်တို့၏စောင့်ရှောက်ခြင်းကို ခံနေရသော ပျောက်ကွယ်နေသည့်-ထိုရွာငယ်လေးအား တွေ့မြင်လိုစိတ်များ ပြင်းပြခဲ့ရသည် ။
ငွေကြေးကလည်း ပြည့်စုံ ၊ အသက်အရွယ်ကလည်း နှစ်ဆယ်ဝန်းကျင်အရွယ်လည်း ဖြစ်လေတော စိတ်သွားတိုင်း ကိုယ်ပါနိုင်သည်မို့ ထိုရွာပျောက်ကြီးကို ရှာဖွေရန် မြန်မာပြည်တနှံ့တလျားသို့ ခရီးသွားလာရန်အတွက် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ သည် ။ အမှန်တော့ ထိုရွာနှင့်ပတ်သက်သည့်အကြောင်းချင်းရာကို ကျွန်တော် ယခုမှသာ သိရှိမှတ်သားရခြင်း မဟုတ်ဘဲ တက္ကသိုလ်တက်နေစဉ်ကပင် ဆရာဖြစ်သူ၏အရိပ်အမြွက်ပြောပြမှုကြောင့် နားရည်ဝကာ စိတ်ပါပါဖြစ်နေခဲ့ရာ ယခုကဲ့သို့ စာတတန်ပေတဖွဲ့နှင့် တခမ်းတနားရေးသားဖော်ပြထားသော-ရွာပျောက်ကြီး၏အတ္ထုပ္ပတ္တိကို ဖတ်ရှုလိုက်ရသည့်အခါတွင် ယခင်က ဝင်စားခဲ့သောစိတ်တို့ တဖန်အုံကြွလာကာ ထိုရွာပျောက်ကြီးကို မတွေ့တွေ့အောင် ဖွေရှာတော့မည်ဟု ယတိပြတ် ဆုံးဖြတ်ခဲ့နိုင်ခြင်းဖြစ်ပါသည် ။
ဆရာဖြစ်သူ ပြောပြသည့်အကြောင်းချင်းရာမှာလည်း ဝတ္ထုစာအုပ်ထဲက ဇာတ်လမ်းနှင့် သိပ်မကွာ ။ ဆရာကတော့ သူ့မိတ်ဆွေ၏ကိုယ်တွေ့ဖြစ်ရပ်ဟုဆိုသည် ။ ဂျော်လော်ဂျီ(Geology)ကျောင်းသားတစ်ယောက် ဖီး(field)ဆင်းရင်း လမ်းပျောက် ကာ ရွာပျောက်ကြီးဆီသို့ ရောက်ရှိသွားခဲ့ကြောင်း ၊ ရွာပျောက်ကြီးမှရွာသူရွာသားများက ထိုကျောင်းသားကို စောင့်ရှောက်ပြုစုကြ ပေသိ ထိုသူမှာတော့ အသားမပါ/ငါးမပါဟင်းလျာများနှင့် အချိန်ကြာမြင့်စွာ အသက်မဆက်နိုင်၍လည်းကောင်း ၊ စကားပြောရာ၌ မုသားမပါအောင် သတိကြီးစွာထား၍ ပြောကြားနေရသောကြောင့်လည်းကောင်း နေကောင်းသည့်အခါ၌ လူ့အရပ်သို့ ပြန်ရာလမ်း အတိုင်း ပြန်လာခဲ့ကြောင်း ၊ ထိုလမ်းကို မှတ်သားကာ နောင်တစ်ချိန် ရွာပျောက်ကြီးကို သွားရှာဖွေသည့်အခါ ထူးဆန်းစွာပင် ချုံနွယ်တို့ အုပ်မိုးနေသည့် တောတန်းကိုသာ တွေ့ခဲ့ရကြောင်း- ဆရာက ပြန်ပြောင်းပြောဆို၏ ။
ထိုရွာ၌ နေထိုင်သူတို့မှာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံကြောင်း(ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံသည်-ဆိုသောစကားကို ယခု ခေတ်ကာလသားသမီးတို့ နားမလည်မည်စိုး၍ ရှင်းပြရသော် ခါးမှာ ဝတ်ထားသည့်လုံချည်ပုဆိုးဘောင်းဘီစကပ်တို့ ကျွတ်ကျ ပါက အရှက်ဗြန်းဗြန်းကွဲမည်မို့ မြဲမြံစွာဝတ်ဆင်ပြီး မကျွတ်ကျအောင် သတိထားသလို ငါးပါးသီလကိုလည်း ထိုနည်းတူ မကျိုးပေါက် အောင် သတိနှင့်စောင့်သည့်သဘောဖြစ်သည်) ထိုသို့ ငါးပါးသီလ လုံခြုံလှသဖြင့် ထိုရွာကို နတ်တို့က ဘေးဥပဒ်ကင်းဝေးအောင် ဖျောက်ကွယ်ပေးထားကြောင်း- အစရှိသည့်အဖြစ်ထူးများကို ထိုလူက ပြန်ပြောင်းပြောပြသဖြင့် သိရှိခဲ့ရသည်ဟူ၏ ။
ဆရာ့စကားနှင့် စာအုပ်ပါအကြောင်းအရာများက ကျွန်တော့်စိတ်ကို သွေးဆောင်နှိုးဆွနေ၍ ရွာပျောက်ကြီးကို ဖွေရှာရန် အတွက် လိုအပ်သည်များကို ဝယ်ယူကာ ရှမ်းပြည်နယ်ဘက်သို့ ကျွန်တော် ထွက်လာခဲ့လိုက်သည် ။ ထူးဆန်းစွာပင် စာအုပ်ထဲက ဇာတ်လမ်းနှင့် ဆရာ့ပြောပြချက်တို့၏ဇစ်မြစ်နေရာမှာ ရှမ်းပြည်နယ်ထဲက တောင်ပေါ်ရိုးမတစ်နေရာကို ရည်ညွှန်းဖွဲ့ဆိုနေသကဲ့သို့ ရှိသဖြင့် ကျွန်တော့်စိတ်ထဲ ရွာပျောက်ကြီးသည် ထိုနီးနားတစ်ဝိုက်တွင် သေချာပေါက်ရှိနေလိမ့်မည်ဟု ယုံကြည်နေမိသည် ။
မိုးစုန့်စုန့်ချုပ်လုပြီ ။ တစ်နေ့လုံး မရပ်မနားတက်လာခဲ့ခြင်းကြောင့် ခြေထောက်တို့သည်လည်း လေးဖင့်ညောင်းချိနေပြီ ။ ဤတောင်ပေါ်က တောနက်ထဲမှာ ရွာငယ်တစ်ရွာ တွေ့ခဲ့ဖူးသည်ဟူသော မုဆိုးကြီး-စိုင်းပအိုက်၏အဆိုအရ ကျွန်တော် စိတ်အား ထက်သန်စွာ ဖွေရှာနေပေသိ ရွာမဆိုထားနှင့် ၊ တဲပျက်ပင် မရှိ ။ မိုးပင် ချုပ်တော့မည် ။ လမ်းစလည်း ပျောက်နေပြီ ။ မုဆိုးကြီးက သူကိုယ်တိုင် လိုက်ပို့ပေးပါ့မည်ဟုဆိုသော်လည်း အားနာစိတ်ကြောင့် ထိုစကားကိုပယ်ရှားကာ တစ်ယောက်တည်း ထွက်လာမိ သည်မှာ မှားလေပြီလား ။ နောင်တက နောင်မှသာရသည် ။
မှောင်ရိပ်သမ်းနေပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိခပ်လှမ်းလှမ်းမှအရာများကို မသဲမကွဲသာမြင်ရတော့သည် ။ တော တောင်ပေါ်မှာဖြစ်သဖြင့် တောင်ကောင်များလည်း ရှိနိုင်သလို အဆိပ်ရှိသတ္တဝါများလည်း ရှိနေမည်မှာ အသေအချာ ။ ဟိုအတွေး သည်အတွေးများဖြင့် ကျွန်တော့်စိတ်ထဲ စိုးရွံ့ကြောက်လန့်လာမိသည် ။ ရွာပျောက်ကြီး အရှာထွက်ရင်း မြွေကိုက်၍ သေပါက ကြား၍တော်မည်မထင် ။ အတွေးများ၏ဖိစီးချောက်လှန့်မှုကြောင့် ကျွန်တော့်ခြေလှမ်းတို့ သွက်သထက်သွက်လာကာ သစ်ရွက် ကြွေများကို ဝရုန်းသုန်းကားနင်းခြေရင်း အပြေးနှင်လာလိုက်စဉ်…
“ အမလေးဗျ…”
အသွားမတော် တစ်လှမ်း-ဆိုသည့်အတိုင်း မဆင်မခြင်နင်းလျှောက်မိသည့်ခြေတစ်လှမ်းက ကျွန်တော့်ကို သေရွာသို့ မြန်းအောင် ပို့ဆောင်လိုက်ပြီဟု ထိုအခိုက်မှာပဲ ကျွန်တော် သဘောပေါက်လိုက်သည် ။ သို့သော်…မည်သို့မျှ မတတ်နိုင်တော့ ။ ကျွန်တော့် တစ်ကိုယ်လုံး တောင်စောင်းအတိုင်း တလိမ့်ခေါက်ကွေးလိမ့်ဆင်းသွားခဲ့ပါပေါ့ ။
ကျွန်တော် လိမ့်ကျသွားခဲ့သည့်နေရာက ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ဖြစ်သည် ။ ချုံနွယ်များ ထူထပ်စွာပေါက်ရောက်နေ သဖြင့် ဟိုးအမြင့်ပေါ်က ပြုတ်ကျလာခြင်းဖြစ်ပေမယ့် ကျွန်တော့်တစ်ကိုယ်လုံး ကျိုးခြင်းပဲ့ခြင်း မရှိ ။ အနည်းငယ်နာကျင်သည်မှ လွဲ၍ ပကတိအကောင်းအတိုင်း ရှိနေသေး၍ ကျွန်တော် လဲကျနေရာမှ လူးလဲကာ ထရပ်လိုက်တော့ …
“ မြတ်စွာဘုရား…”
ကျွန်တော့်ပါးစပ်က ဘုရားတ,သံ ထွက်ကျသွားခဲ့ပါပြီ ။ တွေ့မြင်လိုက်ရသည်မှာ ဟိုတစ်စသည်တစ်စ လင်းဖြာထွက်လျက်ရှိသော မီးရောင်များ ။
ဒါ…ဒါ ရွာတစ်ရွာ ။
တောင်ကြားမှာ တည်ရှိနေသည့် ရွာငယ်လေးတစ်ရွာ ။ ဒါဟာ ကျွန်တော် ဖွေရှာနေသည့် ရွာပျောက်ကြီးများလား ဒါမှမဟုတ် တောင်ပေါ်က သာမညရွာတစ်ရွာလား ။ သွားရောက်လေ့လာကြည့်မှပဲ အဖြေမှန်ကို သိနိုင်မည်မို့ ကျွန်တော့် ခြေလှမ်းတို့ကို ရွာက လေးဆီသို့ ဦးတည်လာခဲ့လိုက်သည် ။
ရွာကလေးသည် ထူးထူးခြားခြားဆိတ်ငြိမ်နေသည် ။ နေရောင်ပျောက်ကွယ်စ ဆည်းဆာရိပ်သဲ့သဲ့ကျန်ရစ်နေဆဲ ညနေ ဆည်းဆာချိန်ဖြစ်လင့်ကစား ကလေးများလူငယ်များ သွားလာသက်ဝင်နေခြင်း မရှိ ။ ရွာပျက်ကြီးအလား လုံးဝဥဿုံ ခြောက်သွေ့ နေ၏ ။ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသော ရွာငယ်လေးကို ငေးမျှော်ကြည့်ရင်း ကျွန်တော်ကိုယ်တိုင်ပင် အထီးကျန်သလိုလိုခံစားလာရသည် ။ တဆက်တည်းမှာလည်း ကြက်သီးမွေးညင်းတို့ကလည်း တဖျိုးဖျိုးတဖြန်းဖြန်း…။
ထိုစဉ် ရွာထိပ်က အိမ်တစ်အိမ်ဆီမှ ဘုရားဝတ်တက်သံကို ကြားလိုက်ရသည် ။ အသံက သက်ကြီးပိုင်းအဘိုးအိုတစ်ဦး၏ သာယာနာပျော်ဖွယ်အသံ ။ ကျွန်တော် နားစိုက်ကာထောင်နေမိစဉ်…
“ အစ်ကို…အစ်ကိုက ဘယ်သူလဲ ။”
ဟူသောစကားအမေးကို ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်တော့ ကလေးတစ်ယောက်က ကျွန်တော့်ကို ပြူးကြောင် ကြောင်စိုက်ကြည့်လို့ ။
“ သြော်…ကလေး …အစ်ကိုက ဧည့်သည်ပါ ။ တောင်ပေါ်က လိမ့်ကျလာပြီး ဒီရွာကို လှမ်းမြင်လို့ လာခဲ့တာ ။”
အစက ကျွန်တော်တို့သာမန်လူတို့သဘာဝအတိုင်း လိမ်လို့လိမ်မှန်း သတိမပြုမိဘဲ ပါးစပ်ထဲရှိရာ ပြောလိုက်မယ်ဟု စိတ်ကူးမိ ပေမယ့် အကယ်၍ ဤရွာသာ ကျွန်တော် ရှာနေသည့်-ရွာပျောက်ကြီးအစစ်ဆိုလျှင် ကျွန်တော့်မုသားကြောင့် ချက်ချင်းပျောက် ကွယ်သွားနိုင်သည်မို့ စကားကို သတိနှင့်ထိန်းကာ အမှန်အတိုင်းပြောလိုက်ရ၏ ။
ကလေးက ကျွန်တော့်ကို တအံ့တသြစိုက်ကြည့်နေသည် ။ ကျွန်တော့်စကားကို မှန်/မမှန် ဆန်းစစ်နေသည့်ပုံစံမျိုး မဟုတ်ဘဲ သူတို့ရွာကို ဘယ်လိုများ ဖွေရှာတွေ့လာပါလိမ့်ဟု တွေးဆကြည့်နေဟန်တူသည် ။ ကလေးသည် အသက်(၉)နှစ်/ (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်မည်ထင်သည် ။ မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် နှုတ်ခမ်းထူထူနှင့် အသားညိုညို ဖြစ်သည် ။ စိတ်နှလုံး အေးချမ်းဖြူစင်မည့်အသွင်က သူ့ရုပ်ရည်တွင် ထင်ဟပ်နေသည် ။
“ စိုင်းဥာဏရေ…လူငယ်ကို အိမ်ပေါ်ပင့်ခဲ့ပါကွယ် ။”
ထိုစဉ် စောစောက ဝတ်တက်နေသည့်အိမ်အတွင်းမှ စကားသံ ထွက်ပေါ်လာသည် ။ စောစောက ဝတ်ရွတ်နေသည့်အဘိုးအို၏ အသံသာလျှင်ဖြစ်မည်ထင်သည် ။ စိုင်းဥာဏအမည်ရှိသော-ကောင်လေးက အဘိုးအို၏စကားဆုံးသည့်အခါ ကျွန်တော့်ကို သူ့ နောက်လိုက်ခဲ့ရန်ဆိုကာ အိမ်ပေါ်သို့ တက်သွားတော့သည် ။
“ ရွာမှာ လူတွေ သိပ်မရှိတော့ဘူး လူငယ် ။ အင်းလေ…ဆုတ်ခေတ်ကြီးကိုး ။ ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့ပြီးပြီဆိုမှတော့ ပျက်ချိန်တန်
တော့လည်း ပျက်ရမှာ ဓမ္မတာပေါ့လေ ။”
ရေနွေးကြမ်းနှင့်ထန်းလျက်ပန်းကန်ကို ကျွန်တော့်ရှေ့ ကမ်းပေးရင်း ဆိုလိုက်သော-အဘိုးအို၏စကားကြောင့် ကျွန်တော် အံ့အား သင့်သွားသည် ။ အိမ်တွင်းအနေအထားကို အကဲခတ်မှတ်သားနေသော ကျွန်တော့်မျက်လုံးများသည် အဘိုးအို၏မျက်နှာကို ပြူး ကြောင်ကာ စိုက်ကြည့်နေမိသည် ။
အဘိုးအိုနှင့် အဘိုးအို၏အိမ်ပုံစံက ခပ်ဆင်ဆင်ဟုဆိုရမည် ။ အိမ်နှင့်အိမ်ရှင် ပနံသင့်လှပေသည် ။ အိမ်သည် လင်းလင်း ချင်းချင်း သန့်သန့်ရှင်းရှင်း ရှိပေသိ ဟောင်းမြေ့နေပြီ ။ တချို့နေရာများ၌ ကျိုးပဲ့ပျက်စီးစပြုနေပြီ ။ အဘိုးအိုသည် တောက်ပစူးရှ သောမျက်လုံးများကို ပိုင်ဆိုင်ထားသေးသည်ဆိုနိုင်သော်ငြား အသားအရည်တို့ ပျော့တွဲကာ ဇရာပိုင်းကို ဖိနင်းထားခဲ့ပြီ ။
“ နေ…နေပါဦး အဘရယ် ။ အဘက ဘာကိုဆိုလိုချင်တာလဲ ။ ကျွန်တော်တော့ နားမလည်နိုင်အောင်ပဲ ။ လူ…လူတွေက
ဘယ်ရောက်ကုန်လို့လဲ ။”
“ ဒီမယ်…လူငယ် - မင်းက ရွာပျောက်ကြီးကို လိုက်ရှာနေတဲ့သူ မဟုတ်လား ။ ဒါ ရွာပျောက်ကြီးပဲ လူငယ် ။”
“ ဟင်…ဒါ…ဒါ ရွာပျောက်ကြီး ဟုတ်လား ။ တကယ်ပဲလား…အဘရယ် ။ အမလေး… ဝမ်းသာလိုက်တာဗျာ ။”
အဘိုးအို၏စကားကြောင့် ကျွန်တော်၏ဝမ်းသာပျော်ရွှင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့ရသဖြင့် ခုန်တော့မလိုပြေးတော့မလို ။ သူများတကာတို့ တစ်သက်တာပတ်လုံး ဖွေရှာ၍မှ တွေ့ရန် မလွယ်သည့်ရွာကို ယခုများတော့ ကျွန်တော်က တစ်ခေါက်လာရှာရုံ ဖြင့် ကိုယ်တိုင် တွေ့ကြုံရပြီပဲ မဟုတ်လား ။ မပျော်ဘဲ ဘယ်ရှိပါ့မလဲ ။
သို့သော် ရုတ်တရက် သတိပြုမိလိုက်သည်က အဘိုးအို၏မျက်နှာ ။ နောက်ပြီး စောစောက အဘိုးအို ပြောသွားသည့် စကား ။ တစ်ရွာလုံး လူမရှိတော့ဘူးဆိုပါလား ။
“ အဲ…ဒါနဲ့ စောစောက စကားကို ရှင်းပြပါလား အဘရယ် ။ ကျွန်တော် နားမလည်လို့ပါ ။”
“ ခေတ်ပေါ့ - ခေတ်လေ ။ ခေတ်က အဘတို့ရွာကို ဖျက်သွားတာပဲ ။ အဘတို့ရွာက ငါးပါးသီလလုံခြုံတဲ့သူမှ နေထိုင်လို့ရတဲ့
ရွာပဲ လူငယ် ။ အဘဟာ ဒီရွာမှာပဲ မွေး ၊ ဒီရွာမှာပဲ ကြီးလာခဲ့တယ် ။ ရှေးလူကြီးတွေက ငါးပါးသီလကို လုံခြုံအောင်နေထိုင်
မှ ဒီရွာမှာ နေခွင့်ရှိမယ်လို့ ဆုံးမထားတဲ့အတွက် အဘတို့ဟာ ငယ်စဉ်ကနေ အခုချိန်ထိ ငါးပါးသီလကို သိလို့ဖြစ်စေ ၊ မသိ
လို့ဖြစ်စေ ချိုးဖောက်ခဲ့ခြင်း မရှိခဲ့ဖူးဘူး ။ သူတပါးအသက် သတ်ခြင်း ၊ သူတပါးပစ္စည်း ခိုးခြင်း ၊ သူတပါးရဲ့သားပျိုသမီးပျိုနဲ့
ခင်ပွန်းဇနီးကို ပြစ်မှားလွန်ကျူးခြင်း ၊ လိမ်ညာပြောဆိုခြင်း ၊ အရက်သေစာသောက်သုံးခြင်း - အစရှိတဲ့ကံငါးပါးကို စိတ်နဲ့
တောင် မဖောက်ပြားခဲ့ဖူးဘူး ။”
အဘိုးအို၏စကားများကို နားဆင်ရင်း ကျွန်တော်မှာလည်း ပါးစပ်အဟောင်းသား ။ ကြက်သီးများကလည်း တဖျိုးဖျိုးတဖြန်းဖြန်း ။ ကြည်ညိုစိတ်တို့သည်လည်း ကျွန်တော်ရင်ထဲဝယ် ယိုဖိတ်စိမ့်ဆင်းလာလေပြီ ။
အံ့သြဘနန်း အဆန်းတကြယ်စကားများကို နားဆင်နေရသလိုပါပဲ ။ အားကျဖွယ်ရာ အတုယူချင်စရာကောင်းလှပေမယ့် ကျွန်တော့်အတွက်တော့ လိမ်ညာပြောဆိုခြင်းနှင့် (ခြင်၊ပုရွက်ဆိတ်စသဖြင့်) သူတပါးအသက်သတ်ခြင်းက နိစ္စဒူဝကိစ္စတစ်ခုလို ဖြစ်နေသဖြင့် အကျင့်ပါနေပါပြီ ။ မည်သို့ပင်ဖြစ်စေ…အဘိုးအိုကို လေးစားကြည်ညိုသလို အဘိုးအို၏ဘဝကိုလည်း အားကျမိတာ တော့ အမှန် ။ သို့တိုင် အဘယ်ကြောင့်လည်း မဆိုတတ် ။ အဘိုးအို၏မျက်နှာက မှိုင်တွေငိုင်ငေးနေဆဲ ။
“ လူငယ်တို့လောကမှာလည်း ဟိုးရှေးယခင်ခေတ်တစ်ခုတုန်းက ငါးပါးသီလကို ခါးဝတ်ပုဆိုးလို လုံခြုံသူတွေ ပေါများပြည့်လျံခဲ့
ဖူးတာပါပဲလေ ။ ငါးပါးသီလ လုံခြုံသူတွေပေါများတော့ ကမ္ဘာလောကကြီးက သူ့အလိုလို သဟဇာတဖြစ်ပြီး သာယာစိုပြေနေခဲ့
တာပေါ့ ။ ဒါပေမယ့် နောက်လူတွေက ဆုတ်ခေတ်ရောက်လာတဲ့နည်းတူ လောဘ/ဒေါသ ကြီးလာကြတယ် ။ ငါးပါးသီလကို
အလေးအနက်မထားချင်ကြတော့ဘူး ။ အဘတို့ရွာမှာတော့ ရှေးလူကြီး အဆက်ဆက်ရဲ့ဆုံးမသွန်သင်မှုကြောင့် လူငယ်တွေ
ဟာ အတော်လေး ယဉ်ကျေးလိမ္မာကြပါသေးတယ် ။ လူ့ကျင့်ဝတ်တွေကို လိုက်နာကျင့်ကြံကြပါသေးတယ် ။ ဒါပေမယ့်လေ…
ပျက်ချိန်တန်လာတော့လည်း ပျက်ရတာပါပဲကွယ် ။”
“ ဗျာ…ဒါ…ဒါဆို…”
“ ဟုတ်တယ် လူငယ် ။ အဘတို့ရွာပျောက်ကြီးက အခုတော့ တကယ်ပဲ ရွာပျောက်ကြီးဖြစ်သွားခဲ့ပြီ ။ အဘတို့ရွာမှာ လူငယ်
တွေ ပျောက်,ပျောက်ကုန်ပြီ ။”
“ ဘယ်လိုဖြစ်ရတာလဲ အဘရယ် ။”
“ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အဘတို့ရွာကို အင်တာနက်ဆိုတဲ့အရာတစ်ခု ရောက်လာတယ် ။ ခေတ်မီလောကဓာတ်ပစ္စည်း
တစ်ခုပေါ့ ။ အဘကတော့ နားမလည်ပါဘူး ။ ဒါပေသိ ခေတ်လူငယ်လူရွယ်တွေကတော့ တစ်ခါတစ်ရံမှာ စိတ်အပန်းဖြေ ရာအဖြစ်နဲ့ အဲဒီပစ္စည်းကို အသုံးပြုကြတယ် ။”
“ ဟင်…အဘတို့ရွာမှာ ဒါမျိုးတွေလည်း ရှိတာပဲလား ။”
“ အို…ရှိတာပေါ့ လူငယ်ရယ် ။ ရှိတာပေါ့ ။ အဘတို့ငယ်ငယ်ကလည်း ရေဒီယိုနားထောင်ခဲ့တာပဲ ။ အဘတို့က ခေတ်ဟောင်းမှာ
နေရစ်ခဲ့တဲ့ရွာတစ်ရွာ မဟုတ်ပါဘူး ။ သာမန်လူတွေလိုပဲ လုပ်ကိုင်ရှင်သန်နေတဲ့ သာမညရွာတစ်ရွာပါပဲ ။ မတူတာဆိုလို့ ငါးပါး
သီလကို မကျိုးပေါက်အောင် စောင့်ထိန်းနေထိုင်မယ်ဆိုတဲ့သစ္စာစကားတစ်ခုပဲ ကွာတယ် ။ ဟိုအရင်က ရေဒီယိုနားဆင်တာ ၊
ရုပ်မြင်သံကြား ကြည့်မြင်တာတွေက ငါးပါးသီလကို ကျိုးပေါက်စေခြင်း မရှိခဲ့ဘူးကွယ် ။ စိတ်ကို သတိနဲ့ ထိန်းနိုင်တဲ့အတွက်
ပျက်ယွင်းခြင်း မရှိခဲ့ဘူး ။ ဒါပေမယ့် အဲဒီအင်တာနက်ဆိုတဲ့အရာကြီးကြောင့် ငါးပါးသီလ ပျက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို
အခါနှောင်းမှပဲ အဘတို့ သိလိုက်ရတယ် ။ သိလိုက်တဲ့အချိန်မှာ ရွာသားတစ်ဝက်လောက်က ရွာက ပျောက်သွားခဲ့ပြီလေ ။”
အဘိုးအိုက စကားကိုရပ်ကာ သက်ပြင်းရှည်ကြီးကို ရှိုက်သည် ။ ကြမ်းခင်းကို စိုက်ကြည့်နေသော်လည်း သူ့မျက်လုံးများက ကြမ်း ပြင်ကို မြင်ပုံမရ ။ အတိတ်သို့သာ ဝေ့ဝဲရောက်ရှိနေဟန်တူသည် ။
“ အင်တာနက် အသုံးပြုလို့ ကျိုးပေါက်စေတဲ့သီလတွေကတော့ အာဒိန္နဒါနာ-ဆိုတဲ့ခိုးမှုနဲ့ မုသာဝါဒ-ဆိုတဲ့လိမ်လည်မှုပဲ ။
မနောကံသာမက ကာယကံပါ မြောက်လေတော့ သွားပြီပေါ့ကွယ် ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ မသိနိုင်ဘူးကွယ့် ။
လူငယ်တွေလည်း မသိလို့ သုံးခဲ့ကြတယ်တူပါရဲ့လေ ။ ဒါပေမယ့် နောင်တရချိန်ကျတော့ အခါလွန်သွားခဲ့ပြီပေါ့ ။”
အဘ ပြောမှပဲ ကျွန်တော်လည်း ရေးတေးတေးသဘောပေါက်လာတော့သည် ။ ဟုတ်လိုက်လေ…။ သူတပါးပစ္စည်းကို ပိုင်ရှင်မသိ အောင် ယူမိခြင်းဟာ ခိုးဝှက်ခြင်းဖြစ်ပြီး သူများဥစ္စာကို ကိုယ်ပိုင်ပစ္စည်းလိုလို အသုံးပြုနေခြင်းက လိမ်ညာခြင်းပဲ မဟုတ်ပါလား ။
ကျွန်တော်တို့ဟာ နေ့စဉ်နှင့်အမျှ စာရွက်စာတမ်းများ ၊ ဓာတ်ပုံများကို ပိုင်ရှင် မသိအောင် ယူငင်နေကြသည် ။ အထူး သဖြင့် စာအုပ်စာပေများ ၊ သီချင်းရုပ်ရှင်များကိုဆိုလျှင် ပိုက်ဆံအကုန်ခံကာ ဝယ်ယူရန် စိတ်ကူး မရှိကြတော့ ။ လေလိုင်းမှတဆင့် ပိုင်ရှင် မသိအောင် ခပ်တည်တည် ယူငင်လိုက်ရုံပင် ။ သူတပါး၏ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရန်လည်း စိတ်ထဲ မတွေး တော့ ။ သူတပါး၏စိတ်ခံစားမှုကို ကိုယ်ချင်းစာနာရန်လည်း မစဉ်းစားတော့ ။ ကျွန်တော်တို့၌ ကိုယ်ချင်းစာတရားတို့ ပျောက်ချင်း မလှ ပျောက်ကုန်ကြပြီ ။
ကွန်မန့်ချန်ခြင်း ၊ မက်စေရှ်ပေးပို့ခြင်းတို့ဖြင့် ကျွန်တော်တို့ဟာ နေ့တိုင်းလိုလို တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကြသည့်အတူ ရံဖန်ရံခါ မညာမဖြစ် ညာလိုက်ရသည့်ကိစ္စများလည်း ရှိ၏ ။ နိစ္စဒူဝဖြစ်စဉ်တစ်ခုပမာ ဖြစ်လာသောအခါ မုသားစကားသည် ကျွန် တော်အဖို့ လုပ်ရိုးလုပ်စဉ်ပင် ဖြစ်လို့နေပြီ ။ ရုပ်မြင်သံကြားကြည့်ရှုခြင်း ၊ ရေဒီယိုနားထောင်ခြင်းတို့ကို အသုံးပြုခဲ့စဉ်က ခိုးဝှက်ခြင်း နှင့် လိမ်ညာခြင်းတို့ကို မနောကံနှင့် ပစ်မှားခဲ့ဦးတော့…ကာယကံမြောက် မကျူးလွန်ဖြစ်သေး ။ ယခုများတော့ ကျွန်တော်တို့ဟာ သတိပင် မမူမိဘဲ နေ့စဉ် ပြုလုပ်နေမိတကား ။
“ ကဲ…လူငယ် မင်း တွေ့ချင်တယ်ဆိုတဲ့ ရွာပျောက်ကြီးက ဒါပါပဲကွယ် ။ လူငယ်လည်း စိတ်ကျေနပ်မယ်ထင်ပါတယ် ။ တစ်ခု
သိထားဖို့က ငါးပါးသီလဆိုတာ ဘုရားက ချမှတ်ထားတဲ့ စည်းကမ်းတင်းကျပ်မှု မဟုတ်ဘူး ။ သဘာဝတရားကြီး သဟဇာတ
ဖြစ်ဖို့အတွက် လောကရဲ့နိယာမတစ်ခုကို ဘုရားက သိမြင်လို့ ဟောပြောလမ်းပြပေးခဲ့တာပဲ ။ လူတွေသာ ဒီငါးပါးသီလကို
သိလို့ဖြစ်စေ ၊ မသိလို့ဖြစ်စေ လွန်ကျူးမှုတွေ များလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ တစ်နေ့မှာ ပျက်စီးသွားရလိမ့်မယ် ။
ဒါပါပဲ ။ ကဲ…လူငယ်ရေ…အပြန်လမ်းခရီး ချောမွေ့ပါစေ ။”
အဘိုးအိုက စကားကို အနားသတ်ရင်း ထိုင်နေရာမှ ထရပ်လိုက်သည် ။ ကျွန်တော်လည်း အဘိုးအိုကို လိုက်ငေးကြည့်နေစဉ်မှာပဲ ဘာကြောင့်မှန်း မသိ ၊ အမြင်အာရုံတို့ တဖြည်းဖြည်း မှုန်ဝါးလာပါတော့သည် ။
“ အစ်ကို…အစ်ကို…သတိရလာပြီလား ။”
တအင်းအင်း ညည်းတွားရင်း ကျွန်တော် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ တွေ့မြင်လိုက်ရသူက မုဆိုးကြီး-စိုင်းပအိုက်၏ သမီးငယ် နန်းငွေမြိုင် ။ အဖေ-ရှမ်း ၊ အမေ-ဗမာ၏သွေးတို့ စီးဝင်နှောယှက်နေသော နန်းငွေမြိုင်လေးက အသားပန်းသွေး ၊ မျက် လုံး ဝိုင်းဝိုင်းကလေးနှင့် လှရက်လွန်းသူ ။ ယခု သူမက ကျွန်တော့်မျက်နှာကို စိုးရိမ်တကြီး ငုံ့ကြည့်နေသည် ။
“ ကျွန်တော်…ကျွန်တော်…ဘယ်ရောက်နေတာလဲ ။ ကျွန်တော် ဘာဖြစ်သွားတာလဲ ။”
“ အမလေး…အစ်ကိုရယ် မသေကောင်းမပျောက်ကောင်း ။ တောင်ပေါ်က လိမ့်ကျပြီး သတိလစ်သွားတာလေ ။ ကံကောင်းလို့သာပေါ့ ။ အဖေတို့က အစ်ကို့ကို လိုက်ရှာရင်း တောင်အောက်မှာ တွေ့ပေလို့ ။”
နန်းငွေမြိုင်က နှုတ်ခမ်းလေး ထော်ကာထော်ကာ ဆိုသည် ။ ကျွန်တော်ကတော့ သူမ၏မျက်နှာကို စိုက်ကြည့်ရင်း အတွေးနယ် လွန်နေခဲ့ပြီ ။
ဤအတိုင်းဆို စောစောက ရွာပျောက်ကြီးသို့ ရောက်ခဲ့ခြင်းမှာ စိတ်စွဲလမ်းကာ အိပ်မက်မက်ခဲ့ခြင်းပေလား ၊ သို့မဟုတ် စိတ်ဝိညာဉ်က အမှန်တကယ်ပင် နတ်ဝှက်ထားသော-ရွာပျောက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းလား ။ ရွာပျောက်ကြီးမှာ အမှန်ပဲ ခေတ်မီစက်ပစ္စည်းတွေကို အသုံးပြုမှာတဲ့လား ။ ထိုသို့ အသုံးပြုပါက အိပ်မက်ထဲကအတိုင်း ငါးပါးသီလတို့ ကျိုးပေါက်ကာ ရွာထဲ က လူငယ်တွေ ပျောက်ကွယ်ထွက်ခွာသွားရမည်လား - စသည်စသည်တွေးတောရင်း ကျွန်တော့်အတွေးတို့က တောင်စဉ်ရေမရ ။
“ အို…အစ်ကိုကလည်း လူကိုများ စိုက်ကြည့်နေလိုက်တာ အသည်းယားစရာ ။ ဘာမှန်းလည်း မသိဘူး…သွားတော့မယ် ။”
စိတ်က ရောက်ရာပေါက်ရာတွေးရင် သတိလက်လွတ်ဖြစ်နေစဉ် မျက်လုံးများက နန်းငွေမြိုင်ကို စိုက်ကြည့်နေမိလေသဖြင့် သူမ ထံမှ မူနွဲ့နွဲ့စကားသံ ထွက်ကျလာကာ ကျွန်တော့်အနားမှနေ ရှက်စနိုးအမူအရာဖြင့် ထွက်ခွာသွားသည် ။
ကျွန်တော့်စိတ်သန္ဓာန်မှာ သူမနှင့်ပတ်သက်ပြီး အချစ်ဆိုသည့် ကိလေသာအစေးတွေ ကပ်ငြိနေတော့လည်း သူမနှင့် နီးစပ်အောင် ကြိုးစားရတော့မည်ပေါ့ ။ တစ်ခု တွေးလိုက်မိသည်က အိပ်မက်ထဲတွင် နားဆင်ခဲ့ရသည့် အဘိုးအို၏စကားများ ။
“ နောက်လူတွေက ဆုတ်ခေတ်ရောက်လာတဲ့နည်းတူ လောဘ/ဒေါသ ကြီးလာကြတယ် ။ ငါးပါးသီလကို အလေးအနက်
မထားကြတော့ဘူး ။”
“ ငါးပါးသီလဆိုတာ ဘုရားက ချမှတ်ထားတဲ့ စည်းကမ်းတင်းကျပ်မှု မဟုတ်ဘူး ။ သဘာဝတရားကြီး သဟဇာတဖြစ်ဖို့အတွက်
လောကရဲ့နိယာမတစ်ခုကို ဘုရားက သိမြင်လို့ ဟောပြောလမ်းပြပေးခဲ့တာပဲ ။ လူတွေသာ ဒီငါးပါးသီလကို သိလို့ဖြစ်စေ ၊
မသိလို့ဖြစ်စေ လွန်ကျူးမှုတွေ များလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ တစ်နေ့မှာ ပျက်စီးသွားရလိမ့်မယ် ။”
မေ့ဖျောက်ပစ်ချင်ပေမယ့် ကျွန်တော် တွေ့ရှိလို၍ လိုက်လံရှာဖွေခဲ့သော-ရွာပျောက်ကြီးတွင် နေထိုင်သူ-အဘိုးအို၏စကားများ သည် ကျွန်တော့်အာရုံထဲက ဖျောက်ဖျက်၍မရ ။ အိပ်မက်ဟုဆိုရပေသိ မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ရသလို ။
အဘိုးအို၏စကားက ဆက်စပ်မှုတော့ ရှိသည် ။ ရှေးခေတ်အဆက်ဆက်၌ ယခုလောက် သဘာဝတရား ဖောက်လွှဲ ဖောက်ပြန်မှုများ မတွေ့ကြုံခဲ့ဖူးပေ ။ ကျွန်တော်တို့လက်ထက်ကျမှ သီလတို့ကို လျစ်လျူရှုကာ ကျိုးဖောက်လာကြသည်နှင့် အပြိုင် သဘာဝဘေးအန္တရာယ်များကလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားခက်ထန်လာသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရ သည်ပဲ မဟုတ်ပါလား ။
ကျွန်တော်တို့လက်ထက်မှာတောင် ယခုလောက် သီလတွေ ကျိုးပေါက်ကာ ကမ္ဘာမြေကြီး ကမောက်ကမ,ဖြစ်နေသည် ဆိုလျှင် ကျွန်တော်တို့သားတွေသမီးတွေလက်ထက်ဆိုပါက တွေးဆရန်ပင် မဝံ့ ။ သဘာဝတရားတို့ သဟဇာတဖြစ်စေဖို့ရာ ကျွန် တော်တို့၏စိတ်တွေကို ကောင်းသည့်ဘက်သို့ ပြုပြင်ပြောင်းလဲရန် အပြင်းအထန်လိုအပ်နေလေပြီ ။
( credit- ဂါဦးနွန်းကို_ ၂၀၁၆ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း )
တမလွန်ဘ၀ဖြစ်ရပ်မှန်နှင့် သရဲအကြောင်းပြောသူများ Group
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။