Ads (728x90)


မကြာခင်မှာ ရာသီဥတုရဲ့အပူနဲ့အတူ လူကြီးမိဘတွေရဲ့ရင်ထဲကို အပူလှိုင်းကြွ တက်စေမယ့် ယမကာသင်္ကြန်ပွဲတော်ကြီးကို ကျင်းပကြတော့မှာပါ။ ယမကာသင်္ကြန်ပွဲမှာ ဒီနှစ်လည်း နှစ်စဉ်နှစ်တိုင်းလိုပဲ အရက် မူးယစ်ဆေးဝါးတွေ သုံးစွဲပြီးတော့ အသက်တွေ သေကြေကြ၊ ခြေလက်အင်္ဂါတွေ ဆုံးရှုံးကြ၊ အရှက်တကွဲအကျိုးနည်းဖြစ်ကြနဲ့ အနိဋ္ဌာရုံ တွေက ဒုနဲ့ဒေးနဲ့ နေမှာပါပဲ။ ကိုယ်သောက်လို့ ကိုယ်သုံးစွဲလို့ ကိုယ်ဖြစ်တာ ကိစ္စမရှိပေ မယ့် ဘေးထွက်ဆိုးကျိုးတွေကိုတော့ မိသားစုတွေကပါ မျှဝေခံစားကြရတာပါ။ မြန်မာ ပြည်မှာက သင်္ကြန်ပွဲမှာမှ မဟုတ်ပါဘူး၊ ပွဲတိုင်းက အရက် မူးယစ်ဆေးဝါမပါရင် ပွဲမ စည်တာ ကြာပါပြီ။ တောမှာ လည်းအလိုက်၊ မြို့မှာလည်း မြို့အလိုက်ပါပဲ။
အရက်သောက်ရင် (၁) ဥစ္စာကုန်ခန်းပျက်စီးခြင်း။ (၂) ခိုက်ရန်ပွား များခြင်း။ (၃) ရောဂါအ မျိုးမျိုးဖြစ်တတ်စေခြင်း။ (၄) ဂုဏ်သရေမဲ့ ကျော်စောမဲ့ခြင်းကို ဖြစ် စေတတ်ခြင်း။ (၅) လျှို့ဝှက်ဖုံးကွယ်ထိုက်သော ကိုယ်အင်္ဂါများကို လှစ်ပြတတ်ခြင်း။ (၆) ပညာဥာဏ်ကို အား နည်းအောင်ပြုတတ်ခြင်း။ (၇) အခွင့်ရေးများကို မသိခြင်း။ (၈) ပျင်းရိစေတတ်ခြင်း။ (၉) သတိမေ့တတ်ခြင်း။ (၁၀) ရူးသွပ်တတ်ခြင်း။ (၁၁) ကျေးဇူးကန်း တတ်စေခြင်း။ (၁၂) ဒုစ ရိုက်မှုကို ပြုလွယ်တတ်စေခြင်းလို့ဆိုတဲ့ ဘေးထွက်ဆိုးကျိုး တစ်ဆယ့်နှစ်မျိုးကို လက်ရှိ ပစ္စုပ္ဗန်ဘ၀မှာ ရရှိစေတတ်ခြင်း၊ ဒုတိယဘ၀မှာ အပါယ်ငရဲသို့ ကျရောက်စေတတ်ခြင်းဆို တဲ့ ဆိုးကျိုးများကို ရရှိစေတတ်လို့ ထေရ၀ါဒဗုဒ္ဓဘာသာအရ အရက်သောက်ခြင်းကို တား မြစ်ထားပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်မှန်ရင် အရက်ကို လောလောလတ်လတ် သေ စေတတ်တဲ့ အဆိပ်ကဲ့သို့ ရှောင်ကြဉ်ရပါမယ်။ ရှောင်ကြဉ်ရုံတင်မက ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်မှန်ရင် အရက်စတဲ့မူးယစ်ဆေးဝါးတွေကို ရောင်းချခြင်းလည်း မပြုရပါဘူး။
အထက်မှာပြောခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အထူးအထွေ ရှင်းပြနေဖို့တောင် မလိုပါ ဘူး။ စာပေဗဟုသုတအရရော မျက်မြင်ကိုယ်တွေ့အရရော အားလုံးပဲ နားလည်ကြပြီးသား ဖြစ်မှာပါ။
တချို့ကတော့ ဆေးဖြစ်ဝါးဖြစ်သောက်တယ်လို့ ဆိုကြပါတယ်။ စာသင်တိုက်မှာနေတုန်း က မတ္တရာနယ် ရွာတစ်ရွာမှာက ကိုရင်တစ်ပါးနဲ့ ခင်မင်ခဲ့ပါတယ်။ သူ့အကိုကလည်း မိမိတို့ ပညာသင်တဲ့စာသင်တိုက်မှာ ပညာသင်ယူနေတဲ့ ရဟန်းတစ်ပါးပဲဖြစ်ပါတယ်။ သူတို့အမေ က အရက်နဲ့သောက်သုံးရတဲ့ မီးယပ်ဆေးသောက်သုံးရာကနေ အရက်စွဲသွားပါတယ်။ နေ့ စဉ်နေ့တိုင်း ယောကျာင်္းဖြစ်သူက အရက်ဝယ်ပေးရပါတယ်။ အရက်ဝယ်မပေးရင် တွေ့တာ နဲ့ ကောက်ပေါက်ပါတယ်။ ဆေးဖြစ်ဝါးဖြစ်သောက်တာကလည်း ပျက်စီးခြင်းရဲ့အစပါပဲ။
တချို့ကတော့ သောက်ပြီး အိပ်နေတာပဲ ဘယ်သူ့မှ ရန်မရှာပါဘူးလို့ ဆိုကြပြန်ပါတယ်။ ဘယ်သူ့ကိုမှရန်မရှာပဲ သောက်ပြီးအိပ်နေရင်လည်း ထိခိုက်နစ်နာဆုံးရှုံးတာပါပဲ။ မူးအိပ်နေ တုန်းမှာ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကောင်းတွေကို လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။ ငွေ ကုန်ပါတယ်။ သားသမီး ဇနီးမယား ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းတွေရဲ့ အထင် သေးမှုကို ခံရတတ်ပါတယ်။ သောက်ချိန်တန်လို့ မသောက်ရတဲ့အခါ မိသားစုဝင်တွေကို ရန်ပြုတတ်ပါတယ်။ နောက်ဆုံး ကိုယ့်ကို ကိုယ့်ရန်သူက လာသတ်ရင်တောင်မှ ဘာမှမ တုန့်ပြန်နိုင်ပဲ လည်စင်းပြီးတော့ အသတ်ခံရမှာပါ။ ဟိုပေါ်ဒီပေါ်နဲ့ သားသမီးတွေရဲ့ လှောင် ရယ်ခြင်းကို ခံရတတ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေက အများကြီးပါပဲ။ လူ ထုဦးလှကတော့ အရက်သမားအမှားတစ်ထောင်လို့ စာအုပ်ထုတ်ဝေခဲ့တာပါပဲ။
တကယ်တမ်းကြတော့ အရက်ဆိုတာ ဘယ်ရှု့ဒေါင့်ကနေပဲကြည့်ကြည့် မသောက်သုံး သင့်ဘူးဆိုတာ အစိုးရအနေနဲ့ မသိပဲမနေပါဘူး။ အရက်ကြောင့် ရာဇ၀တ်မှုတွေ ထူပြော စေတယ်ဆိုလည်း သိမှာပါပဲ။ အရက်ဆိုတာ တရားဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ် ပြီးတော့ စည်းနဲ့ကမ်းနဲ့ ရောင်းချရမယ့်အရာဆိုတာလည်း သိမှာပါပဲ။ ဒါတောင် ဘာဖြစ်လို့ အရက်ချက်စက်ရုံတွေကို တစ်ရုံပြီးတစ်ရုံ တည်ဆောက်ခွင့်ပေးခဲ့တာလည်းဆိုတာ စဉ်းစား စရာပါပဲ။ ဘာဖြစ်လို့ အစိုးရအနေနဲ့ အရက်တွေကို ပြည်တွင်းမှာ ချက်ချင်သလိုချက်စေပြီး တော့ ရောင်းချင်သလို ရောင်းချခွင့်ပြုနေရတာလဲဆိုတာ စဉ်းစားစရာပါပဲ။ အစိုးရကောင်း မှန်ရင် ဒီလိုမလုပ်ပါဘူး။
၁၉.၈.၂၀၁၅ရက်နေ့တုန်းက နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်ကို မိမိရေးသားထားတဲ့ A Study on the Buddhists’ Attitude towards Other Religions from the Buddhist Perspective. အမည်ရှိတဲ့ သုတေသနစာတမ်းကို သွားရောက်ဖတ်ကြားခဲ့ပါတယ်။ ထိုင်း သီရိလင်္ကာ တရုတ် အိန္ဒိယစတဲ့ နိုင်ငံအသီးသီးက တက္ကသိုလ်ပါမောက္ခတွေလည်း သူတို့ ရေးသားထားတဲ့ သုတေသနစာတမ်းကို လာရောက်ဖတ်ကြပါတယ်။ စာတမ်းလာရောက် ဖတ်ကြတဲ့ ဧည့်သည်တွေကို အော်စလိုတက္ကသိုလ်က တာဝန်ရှိသူများက စားသောက်ဆိုင် ကောင်းကောင်းမှာ နေ့လည်စာတည်ခင်း ဧည့်ခံကျွေးမွေးပါတယ်။
နေ့လည်စာစားပြီးအပြန်မှာ အဆောက်အဦးတစ်ခုရှေ့ရောက်တော့ အော်စလိုတက္ကသိုလ် ဥပဒေပညာမဟာဌာနက အကြီးတန်းသုတေသနအရာရှိက “အဲဒါက အရက်ဆိုင်ပါ၊ အော် စလိုတစ်မြို့လုံးမှာ အရက်ဆိုင်သုံးဆိုင်ပဲ ရှိတယ်”လို့ မိမိကို ပြောပြပါတယ်။ အရမ်းပဲ အံ့ သြမိသွားပါတယ်။
စိတ်ဝင်စားပြီး လေ့လာသင့်တာဖြစ်လို့ မေးမြန်းစုံစမ်းကြည့်လိုက်တော့ နော်ဝေနိုင်ငံရဲ့မြို့ တော်ဖြစ်တဲ့ အော်စလိုမြို့တော်မှာ အရက်ဆိုင်သုံးဆိုင်ပဲ ရှိတယ်လို့ သိရှိရပါတယ်။ နော် ဝေတစ်နိုင်ငံလုံးမှာမှ အရက်ဆိုင် (၃၀၆)ဆိုင်သာ ရှိပါတယ်တဲ့။ အရက်ဆိုင်အားလုံးက အ စိုးရပိုင်ဖြစ်ပါတယ်တဲ့။ ရန်ကုန်တစ်မြို့ထဲမှာတင်တောင် အရက်ဆိုင် တစ်ထောင်အထက် မှာ ရှိမယ်ထင်ပါတယ်။ မြောက်ဥက္ကလာအ၀ိုင်း ပတ်ဝန်းကျင်မှာတင်ပဲ အရက်ဆိုင်က (၁၀) ဆိုင်မက ရှိပါတယ်။
နော်ဝေအစိုးရက ဘီယာဆိုရင် အယ်လ်ကိုဟောလ်ဓာတ်ပမာဏ ၄.၅ရာခိုင်နှုန်းပဲ အမြင့် ဆုံး ပါဝင်ခွင့်ပြုပါတယ်တဲ့။ အရက်ပြင်းဆိုရင် အယ်လ်ကိုဟောလ်ဓာတ်ပမာဏ နှစ်ဆယ် ရာခိုင်နှုန်းကနေ ခြောက်ဆယ်ရာခိုင်နှုန်းအထိပဲ အမြင့်ဆုံးပါဝင်ခွင့်ပြုပါတယ်တဲ့။ မြန်မာနိုင် ငံအစိုးရကတော့ အရက်ဝေးလို့ မစားမဖြစ်တဲ့ စားသောက်ကုန်များကိုတောင်မှ အရည်အ သွေး သတ်မှတ်စစ်ဆေးမပေးနိုင်ပါဘူး။
နော်ဝေနိုင်ငံမှာ အယ်လ်ကိုဟောလ်ဓာတ်ပမာဏ ၄.၅ရာခိုင်နှုန်းသာ အမြင့်ဆုံးပါရှိတဲ့ ဘီ ယာများကိုပဲ ပုဂ္ဂလိကစတိုးဆိုင်များမှာ ရောင်းချခွင့်ပြုပါတယ်တဲ့။ အယ်လ်ကိုဟောလ် ဓာတ်ပမာဏ နှစ်ဆယ်ရာခိုင်နှုန်းကနေ ခြောက်ဆယ်ရာခိုင်နှုန်းအထိ အမြင့်ဆုံးပါဝင်ခွင့်ပြု ထားတဲ့ အရက်ပြင်းများကိုတော့ ပုဂ္ဂလိကစတိုးဆိုင်များမှာ ရောင်းချခွင့် လုံးဝမပြုပါဘူးတဲ့။ အစိုးရကသာ အရက်ဆိုင်သီးသန့်ဖွင့်ပြီးတော့ ရောင်းချပေးပါတယ်တဲ့။ မြန်မာနိုင်ငံမှာ တော့ အရက်ပြင်းရော ဘီယာရော လမ်းထိပ်က စတိုးဆိုင်မှာတင် ကြိုက်တဲ့အမျိုးအစားကို ကြိုက်သလောက် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။
နော်ဝေနိုင်ငံမှာ အစိုးရအရက်အရောင်းဆိုင်များက မနက်ရှစ်နာရီကနေ ညနေခြောက်နာရီ အထိသာ ရောင်းချပေးပါတယ်တဲ့။ ညနေခြောက်နာရီကျော်ရင် လုံးဝမရောင်းတော့ပါဘူး တဲ့။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အရက်ဆိုင်များအားလုံးကို ပိတ်ပါတယ်တဲ့။ မြန်မာနိုင်ငံ မှာကတော့ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ မိုးလင်းမိုးချုပ် ၀ယ်ချင်တဲ့အချိန်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။
နော်ဝေနိုင်ငံမှာ အများပြည်သူပို်င်ဆိုင်တဲ့ ပန်းခြံ၊ ပင်လယ်ကမ်းခြေ၊ ရေချိုးဆိပ်၊ ဘတ်စ် ကားမှတ်တိုင်၊ ရထားဘူတာ၊ လေယာဉ်ကွင်းလိုနေရာတွေမှာ အရက်သောက်သုံးခွင့် လုံး ၀မရှိပါဘူးတဲ့။ အကယ်၍ သောက်သုံးခဲ့ရင် နော်ဝေငွေ ခရိုနာတစ်ထောင့်ငါးရာ ဒဏ်ရိုက် ပါတယ်တဲ့။ ခရိုနာငါးရာဆိုရင် လူတစ်ယောက်အတွက် တစ်ပတ်တိတိ ထမင်းကောင်း ကောင်း ဟင်းကောင်းကောင်း စားသောက်နိုင်ပါတယ်တဲ့။ မြန်မာနိုင်ငံမှာကတော့ အများ ပြည်သူပိုင်မရှိပဲ ပန်းခြံစတာတွေက စည်ပင် တပ်ပိုင်ဖြစ်နေလို့ ထင်ပါတယ်၊ မည်သူမဆို လွတ်လွတ်လပ်လပ် သောက်သုံးနိုင်ပါတယ်။ လှည်းတန်းဂုံးကျော်တံတားအောက်တို့ အင်း လျားကန်ဘောင်တို့မှာ အရက်ဝိုင်း ဘီယာဝိုင်းတွေ ညပိုင်းမှာဆိုရင် ပလုံစီနေတာပဲလို့ လှည်းတန်းမှာနေတဲ့ ဒကာတစ်ယောက်က ပြောပြဖူးပါတယ်။ နော်ဝေနိုင်ငံမှာ အရက်ကို မိမိအိမ်၊ သူငယ်ချင်းအိမ်၊ ပါတီတို့မှာသာ သောက်သုံးခွင့်ပြုပါတယ်တဲ့။ မြန်မာနိုင်ငံမှာက တော့ ပိုက်ဆံရှိရင် ကြိုက်တဲ့နေရာမှာ သောက်လို့ ရပါတယ်။ ကန်တော်ကြီးထဲမှာတောင် အရက်ရောင်းတဲ့ဆိုင်တွေ ရှိပါတယ်။
နော်ဝေနိုင်ငံမှာ အရက်သောက်ထားရင် ကားမောင်းခွင့် လုံးဝမပြုပါဘူးတဲ့။ စစ်ဆေးလိုက် လို့ အယ်လ်ကိုဟော်လ်ပမာဏ ၀.၂ရာခိုင်နှုန်း စစ်ဆေးတွေ့ရရှိရင် အရက်သောက်ထား တယ်လို့ သတ်မှတ်ပြီးတော့ ခြောက်လတိတိ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရပါတယ် တဲ့။ သုံးကြိမ်တိုင်တိုင် အရက်သောက်ပြီး ကားမောင်းတာကို စစ်ဆေးတွေ့ရှိပါက ယာဉ် မောင်းလိုင်စင်ကို တစ်သက်တာလုံး ရာသက်ပန် ပိတ်သိမ်းခံရပါတယ်တဲ့။ ရန်ကုန်မှာတော့ ဘတ်စ်ကားသမားတွေက နေ့လည်နေ့ခင်း ထမင်းစားခဏနားရင် အရက်သောက်ကြတော့ တာပါပဲ။ တချို့ဘတ်စ်ကားမောင်းသူတွေဆိုရင် အရက်နံ့က တထောင်းထောင်းနဲ့ပါပဲ။ အ ဝေးပြေးကားသမားတွေဆိုရင်လည်း လမ်းမှာထမင်းစားနားတဲ့အခါ ထမင်းဆိုင်က အရက် ဘီယာတို့နဲ့ ကားသမားတွေကို ဧည့်ခံကြပါတယ်။ ကားသမားတွေကလည်း သောက်ကြ တာပါပဲ။
နော်ဝေနိုင်ငံမှာ အရက်တစ်ပုလင်းရဲ့တန်ဖိုးက လူတစ်ယောက် တစ်ပတ်တိတိ ဟင်းထ မင်းကောင်းကောင်း ချက်ပြုတ်စားသောက်နိုင်တာဖြစ်လို့ ဘယ်သူကမှ အရက်ကို စည်းမဲ့ ကမ်းမဲ့ မသောက်သုံးကြပါဘူးတဲ့။ မြန်မာနိုင်ငံမှာတော့ အရက်တစ်ပုလင်းက ရေသန့်တစ် လီတာဗူး တစ်ဗူးလောက်တောင် တန်ကြေးမရှိပါဘူး။
နော်ဝေနိုင်ငံမှာ အသက်တစ်ဆယ့်ရှစ်မပြည့်ရင် အရက်ဆိုင်များက အရက်လုံးဝ မရောင်းပါ ဘူးတဲ့။ မှတ်ပုံတင် ယာဉ်မောင်းလိုင်စင်စတဲ့ အိုင်ဒီကဒ်တစ်ခုခု ပြပြီးတော့မှ ၀ယ်ရပါတယ် တဲ့။ မြန်မာနိုင်ငံမှာတော့ တောရောမြို့ပါ အသက်ဆယ်နှစ်ဝန်းကျင် ကလေးငယ်တွေကအ စ အရက်ဝယ်ယူနေကြပါတယ်။ စိတ်မကောင်းစရာပါပဲ။ သင်္ကြန်ဆိုရင်လည်း ကလေးငယ် တွေ သင်္ကြန်းမဏ္ဍပ်တွေနားမှာ ဘီယာအရက် စီးကရက်ကွမ်းစတာတွေကို လိုက်လံရောင်း ချနေကြတာပါပဲ။
လူထုအတွက်ရော တိုင်းပြည်အတွက်ပါ ဘေးအန္တရာယ်များလှတဲ့ အရက်များကို စည်းမရှိ ကမ်းမရှိ ထုတ်လုပ်ရောင်းချ ၀ယ်ယူခွင့်ပြုနေတာတွေကို အစိုးရအနေနဲ့ တရားဥပဒေများနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ်သင့်နေပါပြီ။ အကျည်းတန်ရုပ်ဆိုးလှတဲ့ ယမကာ သင်္ကြန်ကနေ ယဉ်ကျေးလှပတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ဖြစ်အောင် အစိုးရအနေနဲ့ ထိန်း ချုပ်သင့်နေပါပြီ။ ငွေတစ်မျက်နှာထဲကိုပဲ ကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင်တော့ မြန်မာပြည် လူထုအတွက် ဘေးအန္တရာယ်အတိပါပဲ။
 (မိုးသု-မန္တလေး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...