Ads (728x90)


မေး။ ။ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီမှာ အဖွဲ့ဝင်အဖြစ် အရွေးချယ်ခံရတယ်ဆိုတော့ အဲဒီကော်မတီအနေနဲ့ ဘာတွေလုပ်ဆောင်သွားဖို့ရှိသလဲဆိုတာ ပြောပြပေးပါဆရာ။

ဦးအောင်သိန်း။ ။အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဥပဒေကြမ်း ကော်မတီရဲ့လုပ်ဆောင်ချက်တွေကတော့ ဥပဒေတွေကို ပြင်ဆင်မယ်၊ ဥပဒေအသစ်ရေးဆွဲမယ်၊ ပြည်သူ့လွှတ်တော် ဘက်ကအဲလိုမျိုး ရေးဆွဲလာတဲ့ဟာတွေကို အမျိုးသားလွှတ်တော်ဘက်ကနေ ပြန်ပြီးချိန်ထိုးပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းအဖြစ်တင်သွင်းဖို့ဆောင်ရွက်ရမယ့်တာဝန်ပေါ့။ ပြီးခဲ့တဲ့လွှတ်တော်က မပြီးပြတ်သေးတဲ့ ဥပဒေတွေရှိတယ်။ ရှိပြီးတဲ့ ဥပဒေတွေမှာလဲ ဥပဒေအချို့ကို ပြန်ပြီးတော့ review လုပ်ဖို့လိုရင်လဲ လုပ်ရမယ် ပြီးတဲ့အခါမှာ ဥက္ကဌနေတဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ဒီဟာကတော့ ဥပဒေဖြစ်သင့်တယ် ဒါဟာပြင်သင့်တယ် ဒါဟာ အစားထိုးသင့်တယ်လို့ သတ်မှတ်ရင် သူက အစိုးရကို အကြောင်းကြားမယ်။ အစိုးရအနေနဲ့ ဥပဒေကို သမ္မတကနေ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်တယ်ပေါ့ အဲလိုသဘောပါ။

မေး။ ။ လူ့အခွင့်အရေး ရှေ့နေတယောက်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ နှစ်ပေါင်းများစွာ ကူညီပေးခဲ့ဘူးတဲ့ သူတယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်လာတဲ့အခါမှာ အဲဒီအတွေ့အကြုံတွေကို ဘယ်လိုမျိုး အသုံးချသွားမယ်လို့ ရည်ရွယ်ထားပါလဲ။

ဦးအောင်သိန်း။ ။နှစ်ပေါင်းသုံးဆယ်ကျော် ဆရာက ရှေ့နေတယောက်အနေနဲ့လုပ်ခဲ့တယ် လူ့အခွင့်အရေးအမှု တွေဆိုရင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအမှုတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့အမှုတွေ အစုံပေါ့လေ တော်တော်များများကို ဆရာလိုက်ပါဆောင်ရွက်ခဲ့တယ်ပေါ့ ဒါပေမယ့်အဲဒီအတွေ့အကြုံတွေအရ အမှုလိုက်ပါ ဆောင်ရွက်ရတဲ့ ကိစ္စမျိုးနဲ့တော့ မတူဘူးပေါ့နော်။ အခုဟာက ဥပဒေတခုကို ဘယ်လိုပြုပြင်ဖို့လိုမယ် ဘယ်လိုဥပဒေကို အစားထိုးမလဲ ဘယ်လိုဥပဒေကို ပြဌာန်းမလဲ၊ ရှိပြီးသား ဥပဒေတွေမှာဆိုရင်လဲ ဘယ်လိုဥပဒေတွေက မကျင့်သုံးပဲ ဒီအတိုင်းရပ်ထားရတဲ့ဟာတွေဖြစ်သလဲဆိုတာတွေ အဲဒါတွေကို ပြန်လည်ပြီးတော့ သုံးသပ်ရတဲ့ တာဝန်တခုဟာ ဥပဒေကြမ်း ကော်မတီတခုအနေနဲ့ ပေါ်ပေါက်တဲ့ကိစ္စရပ်ပေါ့။ အဲဒီတော့ အမှုလိုက်တဲ့ ပုံစံမျိုးနဲ့တော့မတူဘူး သို့သော်လည်း အတွေ့အကြုံများအရ ဥပဒေတွေမှာ ပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေ တချို့အမှုတွေက တရားရုံးတွေနဲ့ ဖြတ်သန်းရတာတွေရှိတယ် တချို့ကိစ္စရပ်တွေက အုပ်ချုပ်ရေးနဲ့ ဖြတ်သန်းရတဲ့ ဥပဒေမျိုးတွေရှိမယ်။ တရားရုံးနဲ့ ပတ်သတ်တဲ့ ဥပဒေအနေနဲ့ ပတ်သတ်ရင်တော့ ဆရာတို့က အတွေ့အကြုံရှိတယ်ပေါ့နော် အဲဒီအတွေ့အကြုံများအရ ထိန်းညှိပြီးတော့ လုပ်ဆောင်သင့်တာကို လုပ်ပေးဖို့တော့ အကြံပြုနိုင်တာပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေတဲ့ မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတာ တရားဥပဒေစိုးမိုးရေးပဲ။ အဲလိုဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ဖို့ ဘာတွေလုပ်သွားဖို့ရှိလဲ။
ဦးအောင်သိန်း။ ။တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ရေးဟာ လွှတ်တော်နှစ်ရပ်လုံးမှာလဲ တာဝန်ရှိသလို အစိုးရအဖွဲ့မှာလဲ တာဝန်ရှိတာပေါ့လေနော။ တရားဥပဒေစိုးမိုးမှသာလျှင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကရော လုပ်ငန်းဆောင်တာ တွေကအဆင်ပြေမှာလေ တရားဥပဒေစိုးမိုးမှုမရှိဘူး တရားဥပဒေဟာ ယိမ်းယိုင် နေပြီဆိုရင်တော့ အုပ်ချုပ်ရေး ယန္တရားပါ ထိခိုက်ပျက်စီးလာမှာ ဓမ္မတာပဲ။ အဲဒီတော့ တရားဥပဒေစိုးမိုးရေး အတွက်ဆိုရင် ဆရာတို့ဘက်က လွှတ်တော်တရပ်အနေနဲ့ ပါဝင်လုပ်ဆောင်ရမယ့် ကိစ္စရပ်က အဓိကကတော့ ဥပဒေပြုရေးအဆင့်ကို ကြိုးစားပြီးဆောင်ရွက်ရတဲ့ အလုပ်တာဝန်ပါပဲ။ တရားဥပဒေစိုးမိုးရေးဟာ ထဲထဲဝင်ဝင် ဖြစ်လာပြီဆိုရင် သန့်ရှင်း တည်ငြိမ်တဲ့ အစိုးရတရပ်အနေနဲ့ ပိုပြီးတော့ ခိုင်မာတဲ့ အစိုးရတရပ်ဖြစ်တယ် လို့ပြောလို့ရတာပေါ့။ အခုဒေါ်အောင်ဆန်းစုကြည်က ရက်၁၀၀ စီမံကိန်းဆိုပြီးတော့ အစိုးရအဖွဲ့ ၀န်ကြီးတွေကို ပြောဆိုထားတယ်ပေါ့။ ရက်၁၀၀ စီမံကိန်းမှာ ၀န်ကြီးတွေအနေနဲ့သူတို့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ကြမလဲ အလွယ်ဆုံးနဲ့ အမြန်ဆုံးလုပ်နိုင်မယ့် အောင်မြင်မှုအများဆုံးရနိုင်မယ့် လူထုအတွက်အထိရောက်ဆုံးနဲ့ အကျိုးရှိဆုံးဟာတွေကို သူတို့ရက် ၁၀၀အတွင်းမှာ ဘယ်လောက်လုပ်နိုင်မလဲတဲ့ အစီအစဉ်ချထားတယ်လို့ ဆရာတို့ကြားရပါတယ်။

မေး။ ။ အခုဆိုရင် ၀န်ကြီးဌာန ၃၆ရှိတဲ့ဟာကို ၂၁ခုထိ လျှော့ချလိုက်တယ် ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်တဲ့အခါမှာလဲ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်တွေ ပါလာတယ် အဲဒီအပေါ် အမြင်လေးကိုလဲ ပြောပြပေးပါဦး။

ဦးအောင်သိန်း။ ။ကောင်းပါတယ် Genderအရတော့ ခွဲခြားဆက်ဆံမှုမရှိဆိုတဲ့သဘော ပေါ်တာပေါ့။ ဒါပေမယ့် ပြည်ထောင်စုအစိုးရမှာတော့ အမျိုးသမီးပါတာတော့မတွေ့သေးဘူး။ နောက်တော့လဲမပြောတတ်ဘူး ပေါ့လေနော်။ ၀န်ကြီးဌာနတွေလျှော့ချတယ်ဆိုတာကတော့ ၀န်ကြီးဌာနတွေဟာ ဌာနတာဝန်ထက် ၀န်ကြီးဦးရေဟာ ဖောင်းပွ နေတယ်လိုမြင်လို့လဲ သူတို့လျော့ချပြီး လုပ်ဆောင်ကြည့်တာပေါ့လေ။ ၀န်ကြီးဌာနတွေ ပေါင်းလိုက်တယ် ၀န်ကြီးအရေအတွက် ကိုလည်း ချုံ့လိုက်တယ် အဲလိုဆိုတော့ ၀န်ကြီးတွေအနေနဲ့တော့ တာဝန်တော်တော် ကြီးမားတာပေါ။့ ဌာနတခုနဲ့တခု ပေါင်းလိုက်ဖို့ဆိုတာကလဲ ၀ုန်းဒိုင်းထပေါင်းလို့ လွယ်တာတော့မဟုတ်ဘူး။ သို့သော်လည်း မပေါင်းမဖြစ်လို့ ပေါင်းရပြီဆိုပြန်တော့လဲ သေချာဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဌာနတိုင်းမှာ ညွှန်ချုပ်ဆိုတာတွေရှိတယ်။ ဒုတိယညွှန်ချုပ်တွေရှိတယ် ညွှန်ကြားရေးမှူး တွေရှိတယ်။ အဲဒီတော့ နှစ်ခု တစ်ခုပေါင်းရင် ဘယ်သူ့ကို အရင်တင်မလဲဆိုတဲ့ ပြဿနာတွေ တစ်ဌာနထဲမှာ ညွှန်ချုပ်နှစ်ယောက် ရှိလို့မရဘူးလေ။ အဲဒါတွေကလည်း နောက်အချိန်မှာ စိန်ခေါ်မှုတရပ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ သို့ပေမယ့် ဒီဟာကတော့ ငါးနှစ်တာ သက်တန်းအတွင်းမှာ လုပ်နိုင်သမျှကို အကောင်းဆုံးဖြစ်အောင် ဒီဝန်ကြီးတွေ အနေနဲ့လုပ်ဆောင်ကြဖို့ ဒီဝန်ကြီးတွေအနေနဲ့ ချိုးခြံချွေတာပြီး အသုံးပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလမ်းညွှန်မှု တရပ်အနေနဲ့ ပြောဆိုခဲ့တာတွေရှိပါတယ်။

မေး။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သတ်ပြီး အခုအချိန်မှာလဲ ရဲစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတဲ့အမှုကို လတ်တလောလေးကပဲ သတင်းတွေမှာ ကြားသိရတယ်။ အဲလိုမျိုးကိစ္စရပ်တွေ အန်ကယ်တို့ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေတွေမှာ ဖြစ်ပွားတာမျိုးရှိလာခဲ့ရင် ဘယ်လိုမျိုး အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ လက်တွဲ ဖြေရှင်းသွားမလဲ။ ညှင်းပန်းနှိပ်စက်မှု ပပျောက်ဖို့ ဥပဒေတွေ ရေးဆွဲဖို့ UNCAT (Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment) ကို လက်မှတ်ရေးထိုးသွားဖို့ စီစဉ်ဆောင်ရွက်သွားဖို့တွေကော ရှိလာမလား။

ဦးအောင်သိန်း။ ။အဲဒါတွေကတော့ နိုင်ငံတကာနဲ့ အစိုးရသစ်နဲ့ နောက်ပိုင်းချိတ်ဆက်လုပ်သွားမယ့် ကိစ္စရပ်တွေရှိမှာပေါ့ ဆရာတို့အနေနဲ့တော့ ကြိုပြောနိုင်တဲ့အနေအထားတော့ မရှိဘူးပေါ့။ သို့သော်လည်း ဆရာတို့အနေနဲ့ အုပ်ချုပ်ရေးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကကျတော့ အုပ်ချုပ်ရေးဆိုတာ ၀န်ကြီးဌာနတွေကို ပြောတာပေါ့လေ။ ၀န်ကြီးဌာနတွေရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေက လွှတ်တော်ကို ပေါ်ပေါက်လာရင် လွှတ်တော်ကို တင်ပြရမယ့်တာဝန်ရှိတာပေါ့။ လွှတ်တော်ကလဲ ၀န်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ သတင်းရသည်ဖြစ်စေ အကြောင်းချင်းရာဖြစ်စေ ဥပဒေပြဿနာဖြစ်ဖြစ် ပေါ်ပေါက်တဲ့ကိစ္စရပ်တွေကို လွှတ်တော်ကို တင်ပြဖို့လိုရင် တင်ပြရမယ့်တာဝန်ရှိတာပေါ့လေ။ ဒီအစိုးရကလဲ NLD ကဖွဲ့စည်းပေးလိုက်တဲ့ အစိုးရပဲ။ ဒီလွှတ်တော်ကလဲ NLD ကိုယ်စားလှယ်တွေနဲ့ ပါဝင်တည်ဆောက် ထားတဲ့ လွှတ်တော်ပဲ။ သို့သော်လဲ တာဝန်ယူမှုနဲ့ တာဝန်ခံမှု အပိုင်းတွေမှာ ကွာသွားတာပေါ့လေ။ စည်းနှစ်စည်းက ခြားသွားတာပေါ့။ လွှတ်တော်ပိုင်းနဲ့အုပ်ချုပ်ရေးပိုင်းဆိုတဲ့ဟာမျိုး စည်းခြားသွားတာပေါ့။ အဲဒီအပေါ်မှာရှေ့ဘယ်လို ဆက်ပြီးသွားကြမလဲ ရှေ့ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတာကတော့ ပူးပေါင်းဆောင်ရွက်တာထက် အမှားအမှန်ကို ပိုင်းခြားဝေဖန်ပြောဆိုရမယ့်တာဝန်က ဆရာတို့လွှတ်တော်မှာ ပိုပြီးတော့ရှိတယ်။ အဲဒီအတွက်ကိုလဲ အန်ကယ်တို့လုပ်ဆောင်မှာပဲဖြစ်တယ်။

မေး။ ။လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ အခုလိုမျိုး အပြောင်းအလဲတွေဖြစ်သွားတဲ့အပေါ်မှာ တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်လာတဲ့အပေါ် အမြင်လေးပြောပြပေးပါ။

ဦးအောင်သိန်း။ ။ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်တယ်လို့ပြောလို့မရသေးဘူး။ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ စပြီး လျှောက်ဖို့ကြိုးစားတယ်လို့ပြောရမယ်။ ပြီးခဲ့တဲ့ ၅နှစ်ကလဲ ကြားကာလဆိုပြီး လုပ်သွားတာပဲ အဲကြားကာလက ပြီးဆုံးသလားဆိုတော့ ပြီးခဲ့တဲ့အစိုးရကို လှမ်းမေးကြည့်လဲ သူဖြေမှာပဲ အဲကြားကာလက မပြီးဆုံးသေးဘူးလို့။ အန်ကယ်တို့အခုသွားနေတဲ့ဟာက ကြားကာလလို့ပြောတဲ့ဟာထက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အရပ်သားအစိုးရစစ်စစ်အနေနဲ့ စပြီးလျှောက်လှမ်းရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ အဲဒီလိုအခါမျိုးမှာတော့ စိန်ခေါ်မှုအရပ်ရပ်ကို ရင်ဆိုင်ရမှာတော့မလွဲမသွေပါပဲ။ ဒါပေမယ့် ဒီပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ကို အဓိကထားပြီး ဆောင်ရွက်နေတယ်လို့ မြင်ရင်တော့ ဆရာတို့ သွားရမယ့်ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ ဆောင်ရွက်ရတဲ့ အစိုးရ ဆောင်ရွက် ရတဲ့ လွှတ်တော်အနေနဲ့ တာဝန်ကျေလိမ့်မယ်ပေါ့နော်။ အဲလိုမဟုတ်ပဲ ဒီမိုကရေစီလမ်းကြောင်းနဲ့ မညီညွတ်တဲ့ လမ်းချော်မှုတွေဖြစ်လာရင်တော့ ပြည်သူလူထုကစောင့်ကြည့်ပြီးတော့ ဒဏ်ခတ်မယ်လို့ပဲ ဆရာတို့က ယုံကြည်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကနေရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်အပေါ်မှာ လုပ်ပုံလုပ်နည်း မဟုတ်ရင်ပြည်သူက ပြန်ဒဏ်ခတ်လိမ့်မယ်ဆိုတာ လက်ခံယုံကြည်ထားပါတယ်။

မေး။ ။ လွှတ်တော်ထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေမဟုတ်တဲ့ စစ်တပ်က ကိုယ်စားလှယ်တွေရှိနေတဲ့ အတွက် သူတို့အတူအလုပ်လုပ်ကြတဲ့အခါမှာ အခက်အခဲတွေကိုရှိလာနိုင်မလား။ သူတို့တွေနဲ့ ဘယ်လိုပုံစံမျိုး ပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာလဲ သိချင်ပါတယ်။

ဦးအောင်သိန်း။ ။ လွှတ်တော်မှာက နှစ်မျိုးရှိတယ်လေ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိသလို တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဆွဲခန့်ကိုယ်စားလှယ် ပေါ့လေ။ သူတို့နဲ့ ကိုယ်နဲ့ အလုပ်တွဲလုပ်ရင် အဆင်ပြေပါ့မလား အဆင်မပြေဘူးလားဆိုတာကတော့ လွှတ်တော်က စခါစပဲရှိသေးတော့ ပြောလို့တော့မရသေးဘူးပေါ့လေ။ အရေးကြီးတာက တပ်မတော်ရဲ့ ပါဝင်ပတ်သတ်နေတဲ့ အခန်းကဏ္ဍက ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားမှုပေါ်မှာ အခြေခံတယ် သူတို့က တကယ့် ၀န်ထမ်းစစ်စစ်တွေကိုး အဲဒီတော့ သူတို့က အပေါ်က အမိန့်အတိုင်း ဆောင်ရွက်ရမှာလို့ပဲ အန်ကယ်တို့က နားလည်ထားတယ်။ အဲဒီတော့ သူတို့ဘယ်လောက်ပဲ လွတ်လပ်စွာပြောချင်ဦးတော့ တပ်မတော်ရဲ့အစဉ်အလာ အတိုင်း တစ်သွေး တစ်သံ တစ်မိန့် ပုံစံမျိုးနဲ့ သူတို့သွားမှာပဲ။ ပြီးခဲ့တဲ့ သက်တမ်းမှာတော့ အစိုးရကလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရ တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းတွေကလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်ကြတော့ သိပ်ပြီးတော့ စိန်ခေါ်မှု မရှိဘူးပေါ့လေ။ ဒီဘက်အရပ်သား အစိုးရလက်ထက်ရောက်လာတဲ့ အတိုင်းအတာမှာတော့ လွှတ်တော်မှာ တပ်မတော်ကိုယ်စား ပြုတက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုမျိုး အရပ်သားအစိုးရနဲ့ အရပ်သားလွှတ်တော် အပေါ်မှာ ဘယ်လိုသဘောထားပြီး လုပ်ဆောင်ကြမယ်ဆိုတာ စောင့်ကြည့်ုဖို့တော့ လိုလိမ့်ဦးမယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။။



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...