Ads (728x90)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့အနီးမှ တရုတ်နိုင်ငံ ထိန်းချုံးခရိုင် ကူရုံးမြို့သို့ သွားနေသည့် သစ်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြန်မာ့သစ်များ တရုတ်နိုင်ငံသို့ ခိုးထုတ်ရာတွင် သစ်တစ်တန်ချင်း ၀ယ်ယူမှုထက် တောင်အလုံးလိုက် ၀ယ်ယူ၍ သစ်ခိုးထုတ်နေခြင်းဖြစ်ပြီး ထိုသို့ သစ်ခိုးထုတ်ရန် ၀ယ်ယူနေမှုများအား ပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ၀ယ်ယူနေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Environ-mental Investigation Agency (EIA) မှ Forest Team Leader Faith Doherty နှင့် Vicky Lee က ပြောကြားသည်။

“သစ်တစ်တန်ချင်း ၀ယ်ယူမှုထက် တောင်အလုံးလိုက် ၀ယ်ယူပြီး သစ်ခုတ်လာကြတယ်။ ဒီလို သစ်ခုတ်ရာမှာ ၀ယ်ယူတဲ့ တောင်အလုံးလိုက်အတွက် ငွေပေးချေမှုက သက်ဆိုင်တဲ့ နယ်မြေအလိုက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ ရတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဝယ်ယူသလို ပြည်သူ့စစ်တွေလို အစိုးရ အဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး ၀ယ်တယ်” ဟု Faith Doherty က ဆိုသည်။

ကချင်ပြည်နယ်အတွင်း တောင်အလုံးလိုက် သစ်ခိုးခုတ်ရန် တရုတ်လုပ်ငန်းရှင်များက ၀ယ်ယူရာတွင် ရွှေချောင်းများဖြင့် ငွေပေးချေပြီး ခိုးခုတ်လာသည့် တရားမ၀င် သစ်များအား တရုတ်နိုင်ငံသို့ သယ်ယူရာတွင် စစ်ဆေးရေးဂိတ်ပေါင်းများစွာအား လာဘ်ပေး၍ ကျော်ဖြတ်ရပြီး သစ်ခိုးခုတ်မှုများ လျှော့ချနိုင်ရန် ထိုသို့ အကျင့်ပျက် လာဘ်စားမှုများကို ကြပ်မတ်နိုင်ရန် လိုအပ်သည်ဟု Faith Doherty က ဆိုသည်။

“လဆန်အော်ဝပိုင်တဲ့ နယ်မြေအတွင်းက ဂွီတောင်နဲ့ ၀ူတိုင်တောင် နှစ်လုံးကို ၂၀၁၄-၂၀၁၅ ရာသီအတွက် တရုတ်တိန်ချောင် အခြေစိုက် သစ်ကုမ္ပဏီက သစ်ခုတ်ခွင့် ၀ယ်ယူခဲ့တယ်။ ကြားလူကလည်း မြန်မာလွှတ်တော် အမတ်တစ်ဦးနဲ့ ပတ်သက်နေတယ်” ဟု Vicky Lee က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းမှ သစ်များအား အဓိက ခိုးထုတ်ရာတွင် နယ်မြေမငြိမ်းချမ်းသည့် မြန်မာနိုင်ငံဘက်ခြမ်းထက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ရှိ မြို့များတွင် သိုလှောင်ထားသည်။ အဆိုပါ အခြေအနေများအတွက် မည်သည့်အခွန်အခမျှ ပေးဆောင်စရာ မလိုဘဲ ယူနန်ပြည်နယ်မှ အခြားပြည်နယ်များသို့ သယ်ဆောင်မှသာ တစ်တန်လျှင် အခွန်ဒေါ်လာ တစ်ထောင်ခန့် ကောက်ခံသည်ဟု သိရသည်။

အနှစ် ၂၀ ကျော်ကြာ တရုတ်နိုင်ငံ၏ သစ်ခိုးခုတ်မှု ခံနေရသည့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်အတွင်း သစ်တောဧရိယာ ဟတ်တာ ၁ ဒသမ ၇ သန်း ကျော်ဆုံးရှုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မတိုင်မီက တစ်နှစ်ဟက်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာမှ ယခုအချိန်တွင် ဟက်တာ ၁၈၅၀၀၀ ကျော်အထိ နှစ်ဆတိုး ဆုံးရှုံးလာနေကြောင်း Environmental Investigation Agency (EIA) က ထုတ်ပြန်သည့် “မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား တရားမ၀င် ကုန်လမ်းကြောင်း သစ်ကုန်သွယ်မှု” အစီရင်ခံစာအရ သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာအစိုးရသည် သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သော်လည်း တရုတ်နိုင်ငံသို့ သစ်အလုံးလိုက် တင်ပို့မှုမှာ ပိုမိုလာနေသည်ကို တွေ့ရပြီး တရုတ်သို့ သစ်တင်ပို့မှု စံချိန်တင်ခဲ့သည့် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် အဆိုးဆုံး ဖြစ်လာပြီး ကုဗမီတာ ၉၀၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း၊ ဥပဒေကို သိသိသာသာ မျက်နှာလွှဲကာ နယ်စပ်ဖြတ်ကျော်ပြီး သစ်လုံးများကို ပြောင်ပြောင်တင်းတင်း တင်ပို့နေကြောင်း၊ ယူနန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်အကြား သစ်ကုန်သွယ်မှုမှာ ကုဗမီတာ ၃၀၀၀၀၀ ၀န်းကျင်သာ ရှိနေရာမှ ၂၀၀၅ ခုနှစ်တွင် ကုဗမီတာ ၁ ဒသမ ၆ သန်းဝန်းကျင်သို့ ရောက်ရှိလာပြီး တန်တစ်သန်း ၀န်းကျင်မှာ ယူနန်နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်ရောက်ချိန်တွင် ကုဗမီတာ ၁ ဒသမ ၇ သန်းဝန်းကျင်ဖြင့် စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ ၉၄ ရာခိုင်နှုန်းမှာ ကူမင်းအကောက်ခွန်ဌာနမှ ဖြတ်သန်းရောက်ရှိခြင်းဖြစ်ပြီး တရားမ၀င် သစ်ကုန်သွယ်မှုသည် ယခုအချိန်တွင် နှုန်းပြည့်ဖြင့် စီးဆင်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ သစ်တောစီမံခန့်ခွဲမှု စနစ်တွင်လည်း နှစ်စဉ် သစ်ခုတ်ယူနိုင်သော ပမာဏထက်ပိုသော ထုတ်ယူမှု ပိုမိုနေခြင်းအားဖြင့် စနစ်တကျ သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူမှုခဲ့မှုကို တွေ့ကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြသည်။

၎င်းအခြေအနေမှာ သစ်အလုံးလိုက် တင်ပို့ခွင့် မပိတ်မီ ကာလတွင် အထူးသဖြင့် သိသာနေကြောင်း၊ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာ သစ်တောဦးစီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်ခွင့် ၁၂၀၀၀ ပင်သာ ရှိချိန်တွင် ကျွန်းပင်ပေါင်း ၆၀၀၀၀ ကျော်ကို ခုတ်ယူခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ခဲ့သော သစ်အလုံးလိုက် တင်ပို့မှု ပိတ်ပင်အပြီး သုံးလအတွင်း သစ်တန်ချိန် ၂၀၀၀၀ ကျော်ကို ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။

နယ်စပ်ဖြတ်ကျော် သစ်ခိုးကုန်သွယ်မှုသည် ၁၉၉၀ ပြည့်နှစ်များမှ စပြီး ၂၀၁၅ ခုနှစ်အထိ လျင်မြန်စွာပြန့် ပွားလာခဲ့ကြောင်း၊ ယင်းနောက် တရုတ်ဘက်မှ ထိန်းချုပ်မှုအချို့ ပြုလုပ်ခဲ့ခြင်းကြောင့် ယာယီအားဖြင့် လျော့ကျသွားသော်လည်း လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုမှာ စံချိန်တင်နီးပါးသို့ ပြန်လည်ရောက်ရှိလာနေကြောင်းလည်း သိရသည်။

Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...