Ads (728x90)

ကချင်ပြည်နယ် ကန်ပိုက်တည်မြို့မှ သယ်ဆောင်သွားသည့် မြန်မာနိုင်ငံမှ သစ်များကို တရုတ်ပြည်တွင်း တစ်နေရာ၌ တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းလင်းအောင်)
တရုတ်နိုင်ငံ၏ သစ်ခိုးထုတ်မှုကြောင့် ကချင်ပြည်နယ်ဘက်တွင် သစ်တောများ ကုန်သလောက်ဖြစ်နေပြီး လက်ရှိတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သစ်များအား တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ကြိုးပမ်းနေကာ အဆိုပါဒေသရှိ သစ်တောများမှာ ကချင်ပြည်နယ်ကဲ့သို့ ဆုံးရှုံးနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး အကြီးအကျယ် ခြိမ်းခြောက်ခံလာ နေရကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ(EIA) မှ သတင်းရရှိသည်။
“အရင်တုန်းက နယ်စပ် တစ်ကြောကနေ ထွက်တယ်။ အခုကျတော့ စစ်ကိုင်းက တမလန်းတွေ တရုတ်ဘက်ကို ၀င်လာတယ်။ ရှမ်းပြည်နယ်ဘက်က ကျွန်းသစ်တွေ တရုတ်ဘက်ကို ၀င်လာနေတယ်။ ကချင်ပြည်နယ်ဘက်က သစ်တွေကတော့ ကုန်သလောက် ဖြစ်နေပါပြီ” ဟု EIA မှ Mr.Vicky Lee က ဆိုသည်။
တရုတ်နိုင်ငံ အတွင်းသို့ တရားမ၀င်သစ်များ စီးဝင်ရာတွင် မြန်မာနိုင်ငံမှ သစ်များအား အဓိက ခိုးသွင်းနေကြခြင်းဖြစ်ပြီး ထိုသို့ ခိုးသွင်းရာတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်တပ်များ၊ စစ်ဆေးရေး ဂိတ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အဆင့်ဆင့်ကို ကျော်ဖြတ်ရသည်။ ထိုသို့ ကျော်ဖြတ်ရာတွင် လာဘ်ငွေများ ပေးအပ်၍ ဖြတ်သန်းရသည်။  ထိုသို့  မြန်မာ့သစ်များအား တရုတ်နိုင်ငံသို့ ခိုးထုတ်ရာတွင် တရုတ်နိုင်ငံသားများက သစ်ခိုးဂိုဏ်းများဖြင့် မြန်မာပြည်တွင်းရှိ လက်နက်ကိုင်များနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံသို့ ခိုးသွင်းနေခြင်းဖြစ်ပြီး ထိုသို့ ခိုးသွင်းသည့် သစ်များအပေါ် တရုတ်အစိုးရက သစ်တစ်တန်လျှင် တရုတ်ယွမ် ၇၀၀ မှ ၂၀၀၀ အကြား အခွန်ကောက်ခံသည် ဟု Vicky က ဆိုသည်။
“စစ်ကိုင်းဒေသက သစ်တွေက အကြီးအကျယ် ခြိမ်းခြောက်ခံနေရတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ကချင်ပြည်နယ်မှာလိုပဲ သစ်တွေကုန်သွားမယ်”ဟု Faith Doherty က ဆိုသည်။
တရုတ်နိုင်ငံက သစ်များခိုးထုတ်ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ တမလန်း သစ်အမျိုးအစားများ၊ ရှမ်းပြည်နယ်မှ ကျွန်းသစ်များကို အဓိက ခိုးထုတ်လာနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ဘက်ရှိ ကျွန်းသစ်များမှာ နှစ်ပေါင်း ရာနှင့် ချီ၍ သက်တမ်းရှိသည့်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေပြီး အဆိုပါ ကျွန်းပင်ကြီးများမှာ မြန်မာ့သစ်များ အဓိက ခိုးထုတ်နေသည့် တရုတ်နိုင်ငံ သာမက တစ်ကမ္ဘာလုံးကပါ မျက်စိကျနေသည့် အတွက် အထူးတလည်  ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း Vicky က ဆက်လက်ပြောကြားသည်။
၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ  Close Forest ဟုခေါ်ဆိုသည့်  မြန်မာနိုင်ငံ တစ်ဝန်းရှိ ပိန်းပိတ်နေသည့် သစ်တောကောင်းများကို လေ့လာခဲ့ရာ ၁၀ နှစ်အတွင်း သစ်တောဆုံးရှုံးမှုမှာ ဟက်တာပေါင်း ၂ ဒသမ၂ ဘီလျံ ကျော်ရှိသည်ဟု စိမ်းလန်း အမိမြေ၏ ဥက္ကဌ ဦးဝင်းမျိုးသူက ပြောကြားသည်။ ထိုသို့ ပြုန်းတီးရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစရှိသည့် ဒေသများမှာ သစ်တောပြုန်းတီးမှု အများဆုံး ဖြစ်နေသည်။
၂၀၀၂ ခုနှစ်တွင် လေ့လာချက်အရ သစ်တော ဟတ်တာပေါင်း ၁၈၆၂၉၃၀၉ ဒသမ ၂၅ ရှိပြီး ၂၀၁၃ ခုနှစ်တွင် သစ်တော ဟတ်တာပေါင်းမှာ ၁၆၃၄၉၃၀၈ ဒသမ ၁၆ သာ ကျန်ရှိတော့ပြီး သစ်တောဆုံးရှုံးမှု ပမာဏမှာ ၂၂၈၀၀၀၁ဒသမ ၀၀၉ အထိ ဖြစ်ပေါ်နေပြီး စုစုပေါင်း သစ်တောဆုံးရှုံးမှုမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း အထိ ရှိနေသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။
တရားမ၀င်နှင့် တရားဝင် သစ်ခုတ်မှုများကြောင့် ၂၀၀၂ ခုနှစ်တွင် ၂၅၆၀၅၉၁၂ ဒသမ ၅၁ ဟက်တာမှ ၂၀၁၃ ခုနှစ်တွင် ၂၅၇၁၁၃၁၈ ဒသမ  ၅၂  သာ ကျန်ရှိတော့ပြီး ၁၁ နှစ်အတွင်း  ၁၀၅၄၀၆ ဒသမ ၀၁ ဟတ်တာ လျော့နည်းသွားကာ ရော်ဘာ၊ ဆီအုန်း စသည့် သစ်တောများ အစားထိုး စိုက်ပျိုးရန် ခုတ်ယူမှုကြောင့် ဟက်တာပေါင်း ၅၇၀၉၄၅ ဒသမ ၇၅ ဟတ်တာ ဆုံးရှုံးခဲ့ကြောင်း ဦးဝင်းမျိုးသူက ပြောကြားသည်။
“၁၉၈၈ ခုနှစ် ၁၉၉၉ ခုနှစ် လေ့လာမှုတွေအရ ၁ ဒသမ၁ ရာခိုင်နှုန်းပဲ သစ်တေ ပြုန်းတီးမှု ရှိတယ်။ အခုက ၁ ဒသမ ၂  ဆိုတော့ သစ်တောပြုန်းတီးမှု အရမ်းများနေတယ်။ ၁ ဒသမ ၁ ရာခိုင်နှုန်းတုန်းက လေ့လာခဲ့တာက သစ်တောညံ့တွေရော သစ်တောကောင်းတွေရောပါ။ အခု ကျွန်တော်တို့ လေ့လာခဲ့တာက သစ်တောကောင်းသီးသန့်ပဲ ရှိပါသေးတယ်။ သစ်တောညံ့တွေပါ လေ့လာပြီးရင် ဒီပမာဏက ပိုများသွားနိုင်ပါသေးတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ သစ်များ ခိုးထုတ်နေသဖြင့် ၂၀၀၀ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း သစ်အလုံးလိုက် ခိုးထုတ်မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ  ၇ ဘီလျံ ဖိုးခန့် အကျိုးအမြတ် ရရှိခဲ့ကာ တမလန်းသစ်များ ခိုးထုတ်၍ လက်လီနှင့် သစ်အချောထည်အဖြစ် ပြောင်းလဲနိုင်မှုကြောင့် ၂၀၁၄ခုနှစ် တစ်ခုတည်းတွင်ပင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ဖိုးခန့်အထိ အကျိုးအမြတ် ရရှိနိုင်ကြောင်း EIA မှ တွက်ချက်ထားသည်။ ထို့ပြင် မြန်မာ့သစ်များ ခိုးထုတ်၍ တရုတ်နိုင်ငံအတွင်းရှိ သစ်များအား ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သည့် FOA ၏ ကမ္ဘာ့သစ်တော ပြန်လည်ဖုံး လွှမ်းမှု မြင့်တက်သည့် နိုင်ငံများ စာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ သော် လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများစာရင်းတွင် ကမ္ဘာ့သစ်တော ပြုန်းတီးမှု အဆိုးဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။                                                     
Writer: ဖြိုးဝေ
 
Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...