Ads (728x90)

ရန်ကုန်မြစ်ကမ်း တစ်နေရာတွင် သစ်လုံးများ စုပုံထားသည့် နေရာတစ်ခုကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ်(Photo- AFP)
ဒီနှစ်က မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်ကို တော်တော်လေး ခံစားရတယ်လို့ ဆိုရမယ် ထင်ပါတယ်။ ရေကြီးမှု၊ မြေပြိုမှု၊ တောင်ပြိုမှု၊ ကမ်းပါးပြိုမှု၊ လမ်းပန်းဆက်သွယ်ရေး ကားလမ်း၊ ရထားလမ်း ပျက်စီးမှုတွေနဲ့ လူတွေ တော်တော်ကို ဒုက္ခရောက်ကြ ရပါတယ်။ ဒါဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းပြီး သစ်တော ပြုန်းတီးမှုတွေကြောင့်လို့ ပညာရှင်များက ထောက်ပြကြပါတယ်။ သစ်ပင်သစ်တော ဧရိယာ နည်းပါးမှုကြောင့် ဆင်တွေတောင် မျက်စိလည်လမ်းမှားပြီး လူတွေကြားထဲ ရောက်လာတဲ့ အထိပါပဲ။
သစ်တောဧရိယာ ဘယ်လောက်အထိ ပြုန်းတီးလာသလဲဆိုတာကို အခုရက်ပိုင်းမှာပဲ သတင်းတွေမှာ ဖတ်ရပါတယ်။ ဆယ်စုနှစ်တစ်ခု အကျော်အတွင်း မြန်မာနိုင်ငံဟာ သစ်တောဧရိယာ ဟက်တာ ၁ ဒသမ ၇ သန်းကျော် ဆုံးရှုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မတိုင်မီက တစ်နှစ်ဟက်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာမှ ယခုအချိန် မှာတော့ ဟက်တာ ၁၈၅၀၀၀ ကျော် အထိ နှစ်ဆတိုး ဆုံးရှုံးလာနေတယ်လို့ ဆိုထားပါတယ်။
၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အကြား သစ်ကုန်သွယ်မှုဟာ ကုဗမီတာ ၃၀၀၀၀၀ ၀န်းကျင်သာ ရှိရာမှ ၂၀၀၅ ခုနှစ်မှာ ကုဗမီတာ ၁ ဒသမ ၆ သန်းဝန်းကျင်သို့ ရောက်ရှိလာပြီး တန်တစ်သန်းဝန်း ကျင်မှာ ယူနန်နယ်စပ်မှ တစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း ၊ ၂၀၁၃ ခုနှစ်ရောက်ချိန်မှာတော့ ကုဗမီတာ ၁ ဒသမ ၇ သန်း ၀န်းကျင်ဖြင့် စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ ၉၄ ရာခိုင်နှုန်းမှာ ကူမင် အကောက်ခွန်ဌာနမှ ဖြတ်သန်း ရောက်ရှိခြင်း ဖြစ်ကြောင်း၊ တရားမ၀င် သစ်ကုန်သွယ်မှုဟာ အခုချိန်မှာ နှုန်းပြည့်ဖြင့် စီးဆင်းနေကြောင်း အစီခံစာ တစ်ခုမှာ ဆိုထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံ သစ်တော စီမံမှုခန့်ခွဲမှုစနစ် ညံ့ဖျင်းမှုနဲ့ နှစ်စဉ် သစ်ခုတ်ယူနိုင်သော ပမာဏထက် ပိုသော ထုတ်ယူမှု ပိုမိုနေခြင်းအားဖြင့် စနစ်တကျ သဘာဝရင်းမြစ်များကို အလွန်အကျွံ ထုတ်ယူသုံးစွဲတယ် ဆိုတာ ငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအခြေအနေဟာ သစ်အလုံး လိုက်တင်ပို့ခွင့် မပိတ်မီကာလမှာ အထူးသဖြင့် သိသာထင်ရှားပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ သစ်အလုံးလိုက်တင်ပို့မှု ပိတ်ပင်အပြီးမှာ သုံးလအတွင်း သစ်တန်ချိန် ၂၀၀၀၀ ကျော် ဖမ်းမိခဲ့သေးတာ ဖြစ်ပါတယ်။
ဒီသစ်ပင်တွေ အလွန်အကျွံခုတ်တဲ့ သတင်းတွေ ဖတ်ရတော့ ငယ်ငယ်တုန်းက ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကို သွားသတိရမိပါတယ်။ မိမိ ငယ်ငယ်တုန်းက ရွာမှာ မနေရသေးပါဘူး။ ရွာနဲ့ အတော်လေးလှမ်းတဲ့ ယာတောမှာ တဲအိမ်ဆောက်ပြီး နေကြတာပါ။ မိမိတို့ ယာတဲနဲ့ သစ်တောသေးသေးလေး ခြားထားတဲ့ အသိမိတ်ဆွေဖြစ်တဲ့ ဦးတင်ဝတို့ ယာတဲ တစ်တဲရှိပါတယ်။ ဒီလိုပဲ မိမိတို့ဆီမှာ ယာတဲတွေကို ပိုင်ရှင်တွေရဲ့ နာမည်တွေနဲ့ ဟိုဘက်မှာ ဘယ်သူ့တဲ၊ ဒီဘက်မှာ ဘယ်သူ့တဲ စသည်ဖြင့် ခေါ်ကြတာပါ။
အဲဒီ ဦးတင်ဝက ရေမန်း မန်းတာ နာမည်ကြီးပါတယ်။ မိမိတို့ ကလေးတွေ လန့်တာ ဖျားတာစတဲ့ နေမကောင်းဖြစ်တဲ့ အခါမျိုးမှာ သူ့ရေမန်းက အတော်လေး သက်သာတယ်လို့ ယုံကြည်ကြပါတယ်။ သောက်ရေ အိုးစင်က ရေတစ်ခွက်ခပ်ပြီး ဘုရားစင်ရှေ့မှာ ထိုင်ပြီး ဘုရားအာရုံပြုကာ ရေခွက်ကို သူ့ပါးစပ်နားတေ့ပြီး တတွတ်တွတ်နဲ့ မန်းတာ မကြာခဏ တွေ့ဖူးပါတယ်။ သူ့တံတွေးတွေ ရေခွက်ထဲ စဉ်ကုန်တာ သိပေမယ့် မရွံမရှာ သောက်ခဲ့ရတာပါပဲ။ လိုအပ်လို့ အမေက ရေမန်းသွားတောင်းတဲ့ အခါ လိုက်လိုက်သွားရပါတယ်။  ကြားထဲက သစ်တောလေးကို ဖြတ်ရတဲ့အခါတိုင်း အင်ကြင်းပင်ကြီး အောက်က နတ်စင် သေးသေးလေး နားရောက်ရင် ဖိနပ်ချွတ်ချွတ် သွားရပါတယ်။ အမေပြောပြလို့ အင်ကြင်မောင်နှမ တောစောင့်နတ်စင်လို့ သိရပါတယ်။
အဲဒီ နတ်စင်လေးဘေးမှာ ဆူးလောက်ခွ လေးတစ်ချောင်း (ဆူးလောက်ခွဆိုတာ ယာစည်းရိုးတွေ လုပ်တဲ့အခါ ဆူးပင်တွေကိုလုံးပြီး မတင်တဲ့အခါ အသုံးပြုတဲ့ လေးခွပုံစံလို သစ်ပင်ခွကိုခေါ်တာပါ) ထောင်ထားလို့ စိတ်ထဲထူးဆန်းနေလို့ အမေ့ကို ဘာအတွက် ထောင်ထားတာလဲလို့ မေးကြည့်တဲ့အခါ အမေက “အဲဒါက ရွာထဲက ဦးတင်မောင်လေ မပြောမဆိုနဲ့ ဒီနတ်စင်နားက အဲဒီ ဆူးလောက်ခွကို ခုတ်လာတာ အိမ်ပြန်ရောက်လို့ နောက်ရက် အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်ပြီး ဖျားတာပေါ့ ဆေးသောက် ဆေးထိုးလည်း မသက်သာတော့ နတ်ကတော်ကို မေးတဲ့အခါ အဲဒါဆူးလောက်ခွခုတ်လို့  နတ်ကိုင်တာလို့ထွက်လို့ အဲဒီဆူးလောက်ခွကို နတ်စင်နားမှာ ပြန်ထားပြီး ကန်တော့်ပွဲနဲ့ ပြန်တောင်းပန်ထားတာလေ၊ အဲဒီကျမှပဲ သက်သာပျောက် ကင်းတော့တာ” လို့ ပြောပါတယ်။
လက်ကောက်ဝတ်လောက် မရှိတရှိခွပါတဲ့ ဒီသစ်ပင်လေး တစ်ပင်ကို ခုတ်တာနဲ့ နတ်ကိုင်တယ်ဆိုတော့ အပင်အကြီးကြီးတွေများ ခုတ်ရင် ဘယ်လိုနေမလဲ မသိဘူးလို့ အဲဒီတုန်းက စဉ်းစားကြည့်နေခဲ့ ပါသေးတယ်။ တစ်နှစ်က ရွာပြန်ရောက်လို့ အဲဒီသစ်တောကို သွားကြည့်တော့ ဟိုဘက်ဒီဘက်ယာတွေက သစ်ပင်ခုတ် သစ်မြစ်နုတ်ပြီး ယာတွေချဲ့ထားတာ တွေ့ရပါတယ်။ သစ်တောက နည်းနည်းလေးပဲ ကျန်ပါတော့တယ်။
သစ်တွေ အလွန်အကျွံခုတ်ပြီး သစ်တွေခိုးထုတ်နေတယ် သတင်းတွေ ဖတ်ရတော့ ဘာဖြစ်လို့ သူတို့ကို တောစောင့်နတ် တောင်စောင့်နတ်တွေက နတ်မကိုင်တာပါလိမ့်လို့ တွေးနေမိပါသေးတယ်။ ခုတ်လှဲတဲ့ သူတွေ အရေအတွက် များလွန်းလို့ နတ်က မကိုင်နိုင်ဘဲ လက်မှိုင်ချနေတာနဲ့ တူပါရဲ့ ကိုယ့်ဟာကိုယ်တွေးမိပြီး ပြုံးမိပါတယ်။
ဒီရက်ပိုင်း အတွင်းမှာပဲ တရုတ် ကုမ္ပဏီများက မြန်မာနိုင်ငံက သစ်တွေကို ခိုးယူနေဆဲ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်နေရပါတယ်။ သတင်းတွေမှာ ဖော်ပြထားတာတွေကတော့ မြန်မာ့သစ်များ အဓိက ခိုးထုတ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်များက သစ်ကုန်သည်များအား တရားမ၀င်သစ်များ တင်ပို့ခြင်းကို လေးလပိတ်ပင်ကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ထိုအဆင့်မျှနှင့် ရမည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို တရုတ်နိုင်ငံ အနေဖြင့် လိုက်နာရန် လိုအပ်မည်ဟု Environmental Investigation Agency (EIS) က ထုတ်ပြန်ထားတဲ့ သတင်းနဲ့ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ တမလန်းသစ်များကို တရုတ်နိုင်ငံက ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုးခန့် တရားမ၀င် ထုတ်ယူခဲ့ပြီး အရေးတကြီး မကာကွယ်နိုင်ပါက မြန်မာပြည်၌ တမလန်းသစ်များ ၁၀ နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း EIA  က သတိပေးထားတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သစ်တွေကို အလွန်အကျွံ ခိုးယူသွင်းယူနေပေမယ့် သူ့နိုင်ငံမှာတော့ သစ်တောတွေကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့တဲ့သူ တစ်ယောက်က မြန်မာနိုင်ငံက တချို့အပင်တွေကို အပင်လိုက် နုတ်ယူပြီး သူ့နိုင်ငံမှာ ပြန်စိုက်ထားတယ်လို့တောင် ဆိုပါတယ်။
သစ်ပင်ခုတ်တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသိမိတ်ဆွေ ဦးဇင်းတစ်ပါး ပြောပြတဲ့ အဖြစ်အပျက်လေးကို သတိရမိပါသေးတယ်။ သူက သူအန္တရာယ်ကင်း ပရိတ်ရွတ် ဆွမ်းစား သွားစားခဲ့ရတဲ့ အကြောင်းပြောပြတာပါ။ မြေနီကုန်းနားက တော်လှန်ရေး ပန်းခြံအနီးမှာရှိတဲ့ Strategy First Institute အမည်နဲ့ အင်္ဂလိပ်စာ ၊ စီမံခန့်ခွဲမှု စတဲ့သင်တန်းတွေ ဖွင့်ထားတဲ့ သင်တန်းတစ်ခု ရှိပါတယ်။ အဲဒီသင်တန်းကို လူကုံထံတွေက ကိုယ်ပိုင်ကားတွေနဲ့ သင်တန်းလာတက်တဲ့အခါ ကားရပ်ဖို့ ကားပါကင် မလုံလောက်တာကြောင့် ဘေးက တော်လှန်ရေး ပန်းခြံထဲမှာ ကားပတ်ကင်လုပ်ဖို့ သစ်ပင် အချို့ကို ခုတ်လှဲ ရှင်းလင်းတဲ့အခါ အဲဒီထဲမှာရှိတဲ့ အစောင့်လူနေအိမ်ပေါ်မှာ မိုးနေတဲ့ သက်တမ်းရင့် ကုက္ကိုပင်ကြီးကို လေနဲ့ မိုးနဲ့ လာတဲ့အခါ အိမ်ပေါ်ကျိုးကျမှာ ကြောက်လို့ အကိုင်းတွေကို ခုတ်ဖြတ်ကြတယ်တဲ့။  ကိုင်းအကြီးကြီးတွေကို တဖြည်းဖြည်း ခုတ်နေတာပါ။ အပင်လိုက် ကြီးမလှဲရသေးခင်မှာပဲ ညတစ်နာရီလောက်မှာ အဲဒီအစောင့်ကို ကုက္ကိုပင်စောင့်နတ်က ၀င်ပူးပြီးပြောသတဲ့။ သူဟာ ဒီကုက္ကိုပင်ကြီးမှာ နေလာတာ ၉၇ နှစ် ရှိပြီဖြစ်တဲ့အကြောင်း ဘယ်သူကိုမှ အန္တရာယ်မပေးခဲ့ကြောင်း၊ အခုလို သူနေတဲ့ အပင်ကြီး ခုတ်လှဲတဲ့အတွက် အပင် အစားပြန်ပေးဖို့ တောင်းဆိုတဲ့အကြောင်း ပူးပြီးပြောရတာ ဖြစ်ပါတယ်တဲ့။
ဒါကြောင့် သင်တန်းက ဆရာက သစ်ပင်တစ်ပင် ၀ယ်ပြီး အစားပြန်ပေးဖို့ အန္တရာယ်ကင်း ပရိတ်ရွတ်ပြီး ဆွမ်းပင့်ကပ်ကာ ရုက္ခစိုးနတ်ကို သစ်ပင်အစား ပြန်ပေးတဲ့အနေနဲ့ ပြုလုပ်ပြီး ဆွမ်းပင့်ကပ်တာမို့ ထူးခြားမှုတစ်ခု အနေနဲ့ မိမိကိုပြောပြတာ ဖြစ်ပါတယ်။
Writer: 
စိုးခိုင်ညိန်း
 
Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...