Ads (728x90)


ဇူလိုင် ၃၀ ရက်က တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာကြစဉ်
နာမည်ကြီး မဂ္ဂဇင်းတစ်စောင် ဖြစ်တဲ့ The Economist က တရုတ်ကုမ္ပဏီများဟာ မြန်မာနိုင်ငံက သစ်တွေကို ခိုးယူနေဆဲ ဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ဖော်ပြလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ တရားမ၀င် သစ်အကြီးအကျယ် ခိုးထုတ်နေမှုကို မြန်မာ့တပ်မတော်ဘက်က ၀င်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား အလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ မြန်မာဘက်က  သစ်ခိုးထုတ် တရုတ်နိုင်ငံသားတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်မှုတွေ ပြုလုပ်ခဲ့ပြီး တရုတ်အစိုးရရဲ့ အပြင်းအထန် ကန့်ကွက်မှုနဲ့ ရင်ဆိုင်လိုက်ရတယ်။ အဲဒီ နောက်မှာပဲ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာမှုနဲ့ အတူ သစ်ခိုး တရုတ်နိုင်ငံသားတွေ စီရင်ချက်ချပြီး ရှစ်ရက်ခန့် အကြာမှာပဲ လွတ်မြောက်သွား ကြခဲ့ပါတယ်။ ဒီဖြစ်စဉ်ပေါ် အခြေခံပြီး The Economist က မြန်မာနိုင်ငံက သစ်တွေကို တရုတ်ကုမ္ပဏီတွေက ခိုးယူနေဆဲပဲဆိုတဲ့ ရှုထောင့်ကနေ ရေးသား ဖော်ပြခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာတော့ နေပြည်တော်မှာ တရားမ၀င် သစ်ကုန်သွယ်မှု တားဆီးရေး
မြန်မာ-တရုတ်ဗဟို အဆင့်တာဝန်ရှိသူများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သစ်ခိုးထုတ်မှုကို နက်နက်ရှိုင်းရှိုင်း တိုက်ဖျက်သွားမယ်လို့ တရုတ်ဘက်က ကတိပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတတွေဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ လေလွင့်ပျက်စီး ဆုံးရှုံးမှုတွေနဲ့  စိုးရိမ်ဖွယ် ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရဲ့ သဘာဝသစ်တော လက်ကျန် ရာခိုင်နှုန်းကလည်း အစီရင်ခံစာတွေအရ သိသိသာသာ လျော့ပါးသွားခဲ့ရပါတယ်။ ဒါတွေကို အစိုးရအဆက်ဆက် မထိန်းသိမ်းဘူးဆိုရင် နောက်ဆက်တွဲရလာမယ့် ဆိုးကျိုးက ကြီးမားလှပါတယ်။ ဒါကြောင့် အခုတစ်ပတ် သတင်း သုံးသပ်ချက် ကဏ္ဍမှာ နာမည်ကြီး The Economist မဂ္ဂဇင်းရဲ့ ဖော်ပြချက်နဲ့အတူ တရုတ်ဘက်က သစ်ခိုးထုတ်မှုတွေကို နက်နက်ရှိုင်းရှိုင်း တိုက်ဖျက်သွားမယ်ဆိုတဲ့ ကတိစကားတွေနဲ့ ပတ်သက်တဲ့ အမြင်၊ သတင်းတွေကို ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် မူးယစ်ဆေးပြားတွေ ဆက်တိုက်ဖမ်းဆီးရမိမှု သတင်းကိုလည်း ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တရုတ်က ပေးတဲ့ကတိ
စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာလုပ်တဲ့ မြန်မာ-တရုတ်  ဗဟိုအဆင့် တာဝန်ရှိသူများ ဆွေးနွေးပွဲမှာ သစ်ခိုးထုတ်မှုကို နက်နက်ရှိုင်းရှိုင်း တိုက်ဖျက်သွားမယ်လို့ တရုတ်ဘက်က ကတိပြုခဲ့ပါတယ်။အဲဒီမတိုင်မီ စက်တင်ဘာ ၁၉ ရက် မှာ The Economist မဂ္ဂဇင်းက တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက သစ်တွေကို ခိုးယူနေဆဲပဲဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
တကယ်တော့ မြန်မာနဲ့တရုတ် နယ်စပ်မျဉ်းဟာ အတော်လေး ရှည်လျားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ၁၉၈၈ ခုနှစ်ကာလ နောက်ပိုင်းမှာ အနောက်ဘက် တံခါးက မလုံခြုံခဲ့သလို အရှေ့ဘက် တံခါးပေါက်တွေကနေလည်း သယံဇာတတွေ ခိုးယူခံခဲ့ရပါတယ်။
အခု အစိုးရသစ် လက်ထက်အထိ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံက သစ်တွေကို ခိုးယူနေကြဆဲပဲ ဖြစ်ပါတယ်။ EIA အစီရင်ခံစာအရ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အကြား သစ်တောဟက်တာ ၁ ဒသမ ၇သန်း ဆုံးရှုံးခဲ့ပြီး ဒီထဲက များပြားတဲ့ ပမာဏဟာ နယ်စပ်ဖြတ်ကျော် လမ်းတွေကနေ တရုတ်နိုင်ငံ ယူနန်ဘက် ခိုးထုတ်ခဲ့ကြတယ်လို့ ဆိုပါ တယ်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နှစ်စဉ်ပျမ်းမျှ သစ်တောဆုံးရှုံးမှု ပမာဏဟာ အကြမ်းအားဖြင့် နှစ်ဆ တက်လာခဲ့ပါတယ်။
သစ်မှောင်ခိုဂိုဏ်းနဲ့ တရုတ်သစ်ခိုးထုတ်သူတွေကို တပ်မတော်က အမှတ်မထင် တွေ့ရှိပြီး နှိမ်နင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ မီဒီယာနဲ့ တွေ့ဆုံတဲ့အချိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တပ်မတော်အနေနဲ့  ကြီးမားကျယ်ပြန့်တဲ့ နယ်နိမိတ်မျဉ်းနဲ့ ဧရိယာ အတော်များများကို ထောက်လှမ်း စစ်ဆေးနိုင်ဖို့ မလွယ်ဘူးလို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားထားပါတယ်။
ဒီလို အခြေအနေတွေအပေါ် တရုတ်သစ်ခိုးဂိုဏ်းတွေက အခွင့်ကောင်းယူပြီး လက်နက်ကိရိယာ နည်းပညာ တန်ဆာပလာအစုံနဲ့ မြန်မာ့သယံဇာတတွေကို စည်းလွတ်ဝါးလွတ် ခိုးယူနေခဲ့ကြတာ ဖြစ်ပါတယ်။
သယံဇာတတွေကို ခိုးယူတဲ့ တရုတ်နိုင်ငံသားတွေအပေါ် ရှစ်ရက်နဲ့ ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရတဲ့ သမ္မတဦးသိန်းစိန် အစိုးရဟာ လူထုရဲ့ အကြီးအကျယ် ဝေဖန်ပြစ်တင်မှုခံခဲ့ ရပါတယ်။အခုချိန်မှာ ပြုန်းတီးနေပြီဖြစ်တဲ့ မြန်မာ့သစ်တောကို မဖြစ်မနေ ထိန်းသိမ်းရပါတော့မယ်။ သယံဇာတတွေကို အိမ်နီးချင်း နိုင်ငံတွေက ခိုးယူနေမှုအပေါ် ပြတ်ပြတ်သားသား တားဆီးကာကွယ် ရပါတော့မယ်။
ဆွေးနွေးပွဲတွေလုပ်၊ ကတိပြုပါတယ် ဆိုရုံနဲ့ မဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ မဟာဗျူဟာတွေ ချမှတ်ပြီး ဖြစ်နိုင်ရင် ဥပဒေအရ အခြားနိုင်ငံတွေရဲ့ အကူအညီတွေလည်း ရယူသင့်ပါတယ်။ မဟုတ်ရင်တော့ အားနည်းချက် ယိုပေါက်တွေ အပေါ်နင်းပြီး မြန်မာ့သယံဇာတတွေကို သူတို့ ခိုးယူနေကြတာဟာ ရပ်တန့်ဖို့ မရှိလောက်ပါဘူး။
ကိုယ့်နိုင်ငံအတွင်းမှာလည်း အုပ်ချုပ်ရေးပိုင်း အဆင့်အဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အတူ အပြည့်အ၀ တာဝန်ယူ လုပ်ဆောင်သင့်တဲ့အပြင် အရေးကြီးဆုံးကတော့ အကျင့်ပျက် ခြစားမှုကိုလည်း စနစ်တကျ ကိုင်တွယ် ရှင်းလင်းရပါလိမ့်မယ်။ မဟုတ်ရင်တော့ ဒီလိုခိုးယူမှုတွေဟာ အချုပ်အခြာအာဏာကို သွယ်ဝိုက်သောနည်းနဲ့ ထိပါးနေကြတာ၊ စိန်ခေါ်နေကြတာလို့ပဲ မှတ်ယူရတော့မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ စာရိတ္တကို တည့်မတ်အောင် လုပ်ဆောင်ပြီး ၀င်လာမယ့် အန္တရာယ်တွေကို ကာကွယ် ပိတ်ဆို့သွားကြဖို့သာ အမှန်ဆုံး ဖြစ်ပါလိမ့်မယ်။
အံ့သြစရာကောင်းတဲ့ မူးယစ်ဖမ်းဆီးမှုများ
ဇေကမ္ဘာဝင်းအတွင်းမှာ ဒေသတွင်း များပြားလှတဲ့ စံချိန်တင် စိတ်ကြွဆေးပြားတွေ ဖမ်းမိပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို မူးယစ်ဆေးပြားတွေ ပမာဏ တော်တော်များများ ဖမ်းဆီးရမိခဲ့ ပြန်ပါတယ်။ စက်တင်ဘာ ၂၁ ရက်မှာ ဒဂုံအရှေ့မြို့ နယ်နေ အိမ်တစ်အိမ်အတွင်းက ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြား နှစ်သန်းဝန်းကျင် ဖမ်းဆီးရမိခဲ့ပါတယ်။
ဇေကမ္ဘာဝင်းအတွင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးပြားတွေနဲ့ ဆက်စပ်တဲ့ ကွင်းစပ်တွေ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ဆက်နွှယ်သူတွေရဲ့ ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့က ဖြန့်ဝေစုံစမ်း ရှာဖွေခဲ့တယ်။ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျင်း ဒါရိုက်တာကို မြ၀တီနယ်စပ်မှာ ဖမ်းဆီးရမိခဲ့ပြီး အခုလို ဒဂုံအရှေ့မြို့နယ်အတွင်း မှာ ပမာဏများပြားတဲ့ မူးယစ်ဆေးပြားတွေကို ဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဇူလိုင်၂၆ ရက်မှာ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း ရပ်ထားတဲ့ ကွန်တိန်နာ ယာဉ်ပေါ်ကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့ရာကနေ ကြီးမားကျယ်ပြန့်တဲ့ မူးယစ်ကွန်ရက်ကြီး တစ်ခုလုံးကို ဖော်ထုတ်ဖို့ တာဝန်ရှိသူတွေက အပူတပြင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အမေရိကန် အပါအ၀င် နိုင်ငံတကာကလည်း ဒီလောက်များပြားတဲ့ ပမာဏအတွက် တုန်လှုပ်ခဲ့ပြီး စိတ်ဝင်တစား စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ဘယ်လောက်များပြား ကျယ်ပြန့်တဲ့ မူးယစ်ကုန်သွယ်မှု ရှိနေပြီလဲဆိုတာ လူထုက စိုးရိမ်စွာဖြင့် မေးခွန်းထုတ်နေကြပါပြီ။          
Writer: ကျော်ဇောလင်း
 
Eleven

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...