Ads (728x90)



Author: မင်းဒင်

(၁)
‘ဃရာဝါသော ဗဟုကိစ္စော’ကိစ္စမြားမြောင်လူတို့ဘောင် ဟု ပညာရှိတို့  ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင်တစ်ယောက် လောကီအရေးတို့ကို  အထိုက်အလျောက် အာရုံနည်းလာသည်ကားအမှန်ဖြစ်၏။ သျှောင်တစ်ထုံးအဆုံးခံကာ စိပ်ပုတီးနှင့် ရိပ်ကြီးခိုလိုသော်ငြား ‘တောခိုချင်စိတ်ကယ်နဲ့ သပိတ်ကိုလွယ်သရေနွယ်ကွဲ့ရှာတုန်း။ ချောင်အနီးမှာလ။ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့ဦး’ဟူ၍ စာချိုးကာ အဖော်ခေါ်ရမည်ဖြစ်လေရာ ဖ၀ါးခြေထက်ကြပ်မကွာရေပူရေချမ်းကမ်းလှမ်းရန်လိုက်ပါကြမည့် မော်ဒယ် အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား ဧကစာရီတောမှီလိုသည့် မဟာအလောင်းတော်တို့၏ စိတ်ထားမျိုးကို အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။

  ထိုသို့လျှင် ဆြာဒင်တစ် ယောက်ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့်  တတ်နိုင်သမျှ ကင်းအောင်ရှောင် ကာ ယိုးဒယားပြည် ဖူးခက်မြို့ အမ်မခန်အရပ်ရှိ နှစ်ထပ်အိမ်အို ကြီးပေါ်တွင် မြင်မြင်သမျှသင်္ခါရ  ပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန်တစ်ခုသော နံနက်ခင်းတွင် အိမ်အောက် ထပ်ဆီမှ အုန်းအုန်းကျွက်ကျွက်ဆူညံသော ငြင်းခုံသံများကြားရလေရာ   လက်စွဲတော်တပည့်ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို  တွေ့မြင်ရလေ၏။ ဆြာဒင်၏  အိမ်ဂေဟာကား ၎င်းတို့အတွက် သာလာယံဇရပ်မျှသာတည်း။

‘‘ပြင်စရာမလိုဘူးလေ’’

‘‘ပြင်မှဖြစ်မှာပေါ့ဗျာ’’

‘‘မပြင်လို့ ဘယ်ဖြစ်မလဲ’’

‘‘ခင်ဗျားတို့ ဆြာဒင့်အားကိုး ၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မ ကျင့်ကြနဲ့နော်။ ဘာမှပြင်စရာမ လိုဘူးဗျ။ ဒီအတိုင်းပဲကောင်းပါ တယ်’’

သူ့လူကိုယ့်လူ အချေအတင် ဖြစ်နေချိန်ဖြစ်ရကား ကြားဝင်ရန် လက်လှသဖြင့် ဆြာဒင်ခမျာ လှေ ကားခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ အဖြစ်သနစ်စုံ ကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက် မေးမြန်းသမှုပြုရလေ၏။

  ‘‘မကောင်းရင်ပြင်ပေါ့။ ကောင်းရင် ဒီအတိုင်းထားလိုက် ကြပေါ့မောင်တို့ရာ။ ဒါနဲ့ ဘာကို ပြင်မှာတုံး။  ဘာကိုမပြင်ချင်တာ တုံး မြွက်ကြပါစံ့’’

 ‘‘အာ ခေတ်နောက်ကျပါ့ ဆြာဒင်ရယ်။ ခြေဥလေဗျ။ ခြေဥ’’

ရုတ်တရက်အရင်းမရှိ အ ဖျားမရှိဆိုလာသော ဖေကြည်ခေါ် အာရုံ၏ စကားတစ်စွန်းတစ်စအဖြေကို ဆြာဒင်တွေးမရသဖြင့် မျက်မှောင်ကိုကြုတ်လိုက်မိ၏။

‘‘ဘာတုံးဟ ခြေဥ။  တော်သေးတာပေါ့ကွာ။ လက်ဥ မဖြစ်လို့’’

‘‘ဒုံးကတော့ ဝေးချက်ဆြာ ဒင်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြောနေတာဗျ။ တကတည်း ဗျာ။ ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ် က သတင်းတွေမဖတ်ဖူးထင်ပါ့’’

တင်္ခဏုပ္ပတ္တိဉာဏ်နှင့်ပြည့်စုံ ၍  အကင်းပါးလှသောဆြာဒင် သည် ကပ္ပလီငယ်၏ တဲ့တိုးအဖြေစကားအဆုံးတွင် ချက်ဆိုနားခွက် ကမီးတောက်ခဲ့လေပြီတကား။သို့ နှင့်ပင် အဆိုပါနက်နဲလှသော ပု စ္ဆာပဟေဠိ၏အဖြေကို သဘာဝ ယုတ္တိ၊ အာဂမယုတ္တိတို့ဖြင့် အဖြေ တွက်ထုတ်နိုင်ရန်အလို့ငှာ မုတ် ဆိတ်မွေးကင်းမဲ့နေသော မေးစေ့ ကို ညာလက်ဖြင့်အသာပွတ်ရင်း လေးနက်စွာ စဉ်းစားခန်းဝင်မိခဲ့ ပြန်ချေသည် တမုံ့တကား။

(၂)
အဆိုပါမျက်နှာစိမ်းလူငယ် ၏ အမည်မှာ ၀င်းကျော်ခိုင်ဖြစ်၍ ဖူးခက်ပါတောင်ကမ်းခြေတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ထိုင်းနိုင်ငံတွင် လာရောက်အခြေ ကျစီးပွားလမ်းဝင်ငွေဖြောင့်နေ သည့်  ဘွဲ့ရလူငယ်တစ်ဦးဖြစ်ချေ ၏။  သူ၏ ဖခင်မှာ ဗမာ့တပ်မ တော်တွင် ဒုတိယဗိုလ်မှူးကြီးဖြစ် ခဲ့၍ ရဟန်းဘ၀နှင့်အရိုးထုတ်သွား ခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့် ဟသော သူ့ဘ၀ဇာတ်ကြောင်း တစ်စွန်းတစ်စမှ ဆြာဒင်သိရပါ၏။

 စင်စစ် ဆြာဒင့်မျက်စိရှေ့ တွင် လူငယ်ဘာဝ အငြင်းပွားနေကြသည့် ကိစ္စပြဿနာသည် ဆြာဒင်၏ ရင့်သန်လှသော ဉာဏ်ပဋိဘာန်နှင့် နှိုင်းစာသော် ရေးကြီးခွင်ကျယ် ကိစ္စရပ်မဟုတ်သော်ငြား မင်းဘူးဆရာတော်ဦးသြဘာသ၏  မဟော်သဓာဇာတ်တော်ကြီးတွင် ဖော်ပြထားသောအောက်ပါစာပုဒ်သည် ဆြာဒင်၏ အတွေးအိမ်တွင်းသို့ ရုတ်ခြည်းအမှတ်မထင် ၀င်ရောက်လာလေ၏။

‘‘မင်းကြီးအား ဤရှားလှံတံ တစ်ထွာမျှလောက်ကို အရင်းအ ဖျားသိရုံဖြင့် အဘယ်အသုံးဝင်အံ့ နည်း။ ငါ့အား ပညာစမ်းစေလွှတ် သည်သာဖြစ်မည်’’ဟု ကြံပြီးလျှင် ‘‘ ဖခင် ။ ဤရှားလှံတံကိုဆောင်ယူ ခဲ့လော့။ အကျွန်ုပ်အရင်းအဖျား ကို သိလတ္တံ့’’ဟုဆို၍ ရှားလှံတံ ကို ဆောင်ယူစေပြီးသော် ဘုရား လောင်းသည် လက်ဖြင့်ရှားလှံတံ ၏အလယ်၌ ကိုင်၍ချီကာမျှဖြင့် ‘‘ဤကားအရင်း၊ ဤကားအဖျား’’ ဟု သိငြားသော်လည်း အများအား ထင်ရှားစေခြင်းငှာ  ရေတခွက် ကို ဆောင်ယူစေပြီးလျှင် ရှားလှံ တံ၏ အလယ်ချက်တည့်တည့်၌  ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်က ကိုင်စေလျက် ရေအပြင်၌ တင် ကားထား၏။  (မူရင်းသတ်ပုံအ တိုင်း)

ဤတွင် မသိတာမရှိ။ စုံစီန ဖာ၊ အနုံညာတပညာရှိဆြာဒင် သည် ကြီးစွာသောဆင်ခြင်ဉာဏ် ဖြင့် စွယ်စုံမုန်သောက်လေသည့် မဟာပညာကျော်အိုက်တင်ဖြင့် အောက်ပါအတိုင်းမြွက်ဟကြေ ညာလေ၏။

‘‘အို .. အမောင်တို့ ခြေဥဟူ သည်ကား လူထုနှင့်အစိုးရချုပ်ဆို အပ်သော နှစ်ဖက်သဘောတူစာ ချုပ်ဟုဆိုကြပါကုန်၏။ အစိုးရ မင်းတို့ကား မပြင်လိုကြ။ လူထု ကြီးကမူ ပြင်လိုကြကြောင်းလူထု ခေါင်းဆောင်များက အင်အားပြ ကြကုန်၏။ ဤအစွန်းထွက်သော ပြဿနာ၏ အဖြေကိုဆြာဒင်ဒက် ခနဲသိသော်ငြား အများအားဖြင့် ထင်ရှားစေခြင်းငှာ ခိုင်လုံသောသက်သေသာဓကတို့ဖြင့် ပြမှသာ တရားနည်းလမ်းကျပေအံ့။  ကျွန်ုပ်အပါအ၀င် အမောင်တို့ အားလုံးသည် အဆိုပါခြေဥအတည်ပြုစဉ်ကာလက ယိုးဒယားပြည်သို့ရောက်ရှိနေကြကုန်သည်ဖြစ်၍ ပြဿနာ၏အဝေးမှနေ၍ မချဉ်းကပ်စကောင်း။ သို့ဖြစ်၍ မိမိနေရင်းအရပ် ရွှေနိုင်ငံတော်အရပ်တွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းကာ အဖြေရှာခြင်းသည် အကောင်းတကာ့အကောင်းဆုံးဖြစ်ပေသောကြောင့်ခုမကြာ ခရီးနှင်ကြရလေအောင် ပေါက်ဖော်တို့ နောက်တော်ကလိုက်ခဲ့ကြပေကရော့။

(၃)
တစ်ကျိပ်၏ ထက်ဝက်ဖြစ်သော ဆြာဒင်နှင့်အဖွဲ့သည်ကုန်ကျစရိတ်ကို ခြိုးခြံချွေတာသည့်အနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ကို အဝေးမှဖယ်ကြဉ်လျက် ဖူးခက်မှသည် ကားနှင့်တစ်သွယ်၊ ကုန်းကြောင်းတစ်နည်း ခရီးပြင်းနှင်လာကြရာ ရွှေပြည်ဌာန၏ နယ်စပ်တံခါးပေါက် မြ၀တီမြို့မှတစ်ဆင့် မွန်ပြည်နယ် ဘီးလင်းမြို့အနီးသို့  ဆိုက်ရောက်လာကြလေသည်။ ခရီးကလည်းကြမ်း၊ လူလည်းပန်းကြသည်ကြောင့် ဟာနေသော ၀မ်းတစ်ထွာကို ဖြည့်လျက်ပါစကမီး ငြှိမ်းရန်အလို့ငှာ လမ်းခရီးတစ်နေရာမှ အတန်ငယ်သန့်ရှင်းသပ်ရပ်သည့် ‘‘အောင်ပြည့်စုံ’’အမည်ရှိ စားသောက်ဆိုင်တစ်ခုအတွင်းသို့ မတိုင်ပင်ဘဲခြေဦးလှည့်ဝင်ရောက်မိကြပြီးသကာလ  ဘီယာနှင့်စားဖွယ်စုံတို့ကို ဖြည့်တင်းမှီဝဲပြီးသည်တွင်  လာရင်းကိစ္စကို သတိပြန်လည်လာကြပြန်၏။

‘‘ဗျို့ ဆြာဒင်။ ပြည်တွင်း ရောက်နေပြီလေဗျာ။ မေးမြန်းစုံ စမ်းရမယ့် လုပ်ငန်းစတော့လေ ဗျာ။ အဖြေကို သိချင်လှပြီ’’

အစားပိတ်အနေဖြင့် ထိုင်း နိုင်ငံထုတ် ချန်းဘီယာလေးမြုံ့နေ သော ဆြာဒင်မှာ တပည့်ကျော်၏ သတိပေးစကားကြောင့်   ရုတ်ခြည်းသတိဝင်လာလျက် စားပွဲ ပေါ်မှ စားကြွင်းစားကျန်ပန်းကန် ခွက်ယောက်တို့ကို သိမ်းဆည်းနေ သည့် ဘိုကေဆံပင်၊ စစ်စွပ်ကျယ် ချိုင်းပြတ်နှင့် အသက်ခပ်ကြီးကြီး စားပွဲထိုးအား ဆိုင်းမဆင့်ဗုံမဆင့် ကောက်ကာငင်ကာမေးခွန်းထုတ် လိုက်လေသည်။

‘‘ဒီမယ်နောင်ကြီးရဲ့ စကား မစပ်ဗျာ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်၊မပြင်သင့်နောင် ကြီးရဲ့ အမြင်လေးသိပါရစေခင် ဗျာ’’

စစ်တဘက်တစ်တည်ကို ပ ခုံးပေါ်တင်ထားသည့်  စားပွဲထိုးကြီးသည် ဆြာဒင့်ကို ဆတ်ခနဲခေါင်းမော့ကြည့်၏။ သူ့မျက်နှာတွင် သရော်ပြုံးတစ်ချက်ကို လှစ်ခနဲမြင်လိုက်ရပြီး လေသံခပ်အေးအေးဖြင့်  ဆြာဒင့်အမေးကို ခွန်းတုံ့ပြန်၏။

   ‘‘၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံသလား။ မထောက်ခံ ဘူးလားဆိုတာ ဖြေရမှာလား’’

‘‘ဒီသဘောပါပဲ နောင်တော် ကြီးရယ်။ ထောက်ခံတယ်ဆိုရင် ဖြင့် ပြင်စရာမလိုဘူးပေါ့’’

‘‘သိပ်ရှည်ရှည်ဝေးဝေးဖြေစ ရာမလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာ လူတွေဘာမှန်းတောင်မ သိမှ မသိလိုက်ကြဘဲ အတင်းအ တည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံကြီးပဲ’’

ကပ္ပလီ၊ ဖေကြည်နှင့် လေ မင်းသားတို့၏ မျက်နှာအသီးသီး ကား ၀င်းပကြည်လင်သွားကြ၏။ ၀င်းကျော်ခိုင်ကမူ ကျေနပ်ဟန်မ ပြဘဲ ဆိုင်မှအထွက်တွင်စကား တစ်ခွန်းဆိုသည်။

  ‘‘ဆြာဒင် လူရွေးမမေးနဲ့ လေ။ အဲဒါစားပွဲထိုးမဟုတ်ဘူး နော်။ နိုင်ငံတော်စာရင်းစစ်ချုပ် အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်ဗျ။ ဦး သိန်းစိန်အစိုးရ လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ငွေစာရင်းကွာဟချက်တွေကို စစ် ဆေးတွေ့ရှိခဲ့တဲ့သူ။ မီဒီယာတွေ ဆီသတင်းပေါက်ကြားလို့ ရာထူး က အနားပေးခံခဲ့ရတာဗျ’’

‘‘ဟုတ်ပါပြီမောင်ရဲ့။ ဗိုလ် ချုပ်ဟောင်းပြောကာမျှနဲ့လည်း အတည်မယူသေးပါဘူး။ ရှေ့ခရီး ဆက်ကြဦးစို့ရဲ့။  ကားကြုံလေး သာတားပါလေ’’

(၄)
 ဆြာဒင်နှင့်အဖွဲ့ကား ရွှေ ပြည်ဌာန၊ ဒုတိယမြို့တော်ရန် ကုန်ဆီသို့ရောက်ကြသည်တွင် နီးစပ်ရာ   တွေ့တွေ့သမျှရဟန်းရှင်လူပြည်သူတို့အား ခြေဥပြင်ရေး၊ မပြင်ရေး အမေးပုစ္ဆာကိုမေးခဲ့ကြသည်ချည်းဖြစ်ပါ၏။ သို့သော် အဖြေတို့ကား ယောင်ဝါးဝါး နိုင်လှချေသည်။

  ‘‘ရပ်ကွက်လူကြီးထည့် လိုက်တယ်ပြောတာပဲဗျာ’’

‘‘အချိန်ကုန်ခံပြီး မဖြေပါရ စေနဲ့။ သည်းခံလော့ဒကာ။ သီတင်သုံးနေတဲ့ကျောင်းလေး ဘူဒိုစာလက်ချက်မိသွားလို့ပါ’’

‘‘နေပါဦး။ ၂၀၀၈ တုန်းက အဲဒီဥပဒေကို ကန့်ကွက်လို့ရရဲ့ လားဗျာ။ လမ်းဘေးဈေးသည် ဘဝကနေ အင်းစိန်တောရရောက် သွားတော့မပေါ့’’

   ‘‘ရုံးတွေမှာပဲစုပြီးထည့် လိုက်ကြတာပါပဲ။ မထောက်ခံလို့ မှမဖြစ်ဘဲကိုး’‘

  အဆိုပါအဖြေတို့အပေါ် လိုရာဆွဲတွေးလျက်ကောက်ချက် ချနိုင်သော်ငြား အစွန်းတရားကင်း လိုသော ဆြာဒင်သည် ခရီးကို ရှေ့ဆက်နှင်ပြန်လေရာ ခရီးလမ်း ကြောင်းသည် ဧရာဝတီတိုင်းဆီ သို့ဖြစ်၏။ ခြေဥပြင်သင့်၊ မပြင် သင့်ကိစ္စရပ်နှင့်ပတ်သက်၍ ဆြာ ဒင်တို့အဖွဲ့  ဧရာဝတီတိုင်းသို့ ရောက်ရှိလာသည်ကိုကြိုတင် သတင်းရဟန်တူသည့် တိုင်းဝန် ကြီးချုပ်သည် ၎င်းစံမြန်းရာအိမ် တော်သို့ ဆြာဒင်နှင့်အဖွဲ့ကိုဖိတ် ခေါ်ကာ လွန်စွာလက်ရာမြောက် လှသော ဧရာမ ကျွန်းကနုတ်ဆက်တီပေါ်တွင် အမိန့်သားထိုင်လျက် လေးလေးနက်နက်မိန့်ဆို မှတ်ချက်ပြုသည်ကား. . .

‘‘ဒီဖွဲ့စည်းပုံရေးဆွဲစဉ်က တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေ ပါတယ်။ လူမှုရေးအဖွဲ့အစည်း ပေါင်းစုံပါတယ်။ မပါချင်တဲ့ပါတီ မပါတာကတော့ မတတ်နိုင်ဘူး။ ခုမှလာပြီး တောင်အော်မြောက် အော်မအော်နဲ့’’ဟူသတည်း။

ခရီးစဉ်တစ်လျှောက်ဖတ်ရှုရသည့်သတင်းစာနှင့် ဂျာနယ်များ တွင်  ဖော်ပြထားချက်များအရ သမ္မတကြီးအနေဖြင့်  ခြေဥပြင် ဆင်ရေး  လှုံ့ဆော်စည်းရုံးပွဲများ သည် တိုင်းပြည်ကိုဆူပူမှုဖြစ်ပွား စေနိုင်သဖြင့် ပူပန်မိကြောင်းသိရှိ ရ၏။ ကြံ့ဖွံ့အသင်းကြီး၏ တာဝန် ရှိပုဂ္ဂိုလ်ကြီးတစ်ဦးကမူ အခြေခံ  ဥပဒေကို  တစ်ယောက်တည်း အတွက် မပြင်ဆင်နိုင်ဟုဆို၏။ အာဏာရပါတီမှ လွှတ်တော်အမတ်အများစုနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကား ၉၂ ရာခိုင်နှုန်း ကျော်လူထုဆန္ဒဖြင့် ထောက်ခံထားခဲ့သည်ဖြစ်၍ မပြင်လိုကြောင်းအသံကုန်ဟစ်ကြ၏။ ဤသို့လျှင် ဆြာဒင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ် ကဒုံ၊ ကနိ၊ဧရာ၊ အမာစသော ပင်လယ်နှင့်ထိစပ်နေသည့် ဒေသများဆီသို့ ရောက်ခဲ့ကြပြန်လေရာ သောင်မတင်ရေမကျဖြစ်နေဆဲပုစ္ဆာ၏အဖြေကို  တွက်ထုတ်နိုင်ရန်အလို့ငှာ  ဆက်လက်လုံးပန်းကြရပြန်ပါ၏။

(၅)
‘ခြေဥပြင်သင့်၊ မပြင်သင့်’ ဟူသောကိစ္စနှင့်ပတ်သက်၍ မေး မြန်းနိုင်ရန်အလို့ငှာ ရပ်မိရပ်ဖတို့ ကို မေတ္တာရပ်ခံတောင်းပန်လေ ရာ  တစ်ခုသောကွင်းပြင်ကွက် လပ်ကြီးတစ်ခုဆီသို့  တက် ရောက်လာကြသော ပြည်သူပရိ သတ်တို့ကား သောင်းဂဏန်းမျှ ပင်ရှိအံ့ထင်၏။   ဆြာဒင်ကား ခွေးခြေငယ်တစ်ခုပေါ်တွင် မတ် တတ်ရပ်ရင်း စုရုံးရောက်ရှိလာ သောလူထုကြီးအား လိုတိုရှင်းပင် မေးမြန်းသမှုပြုခဲ့ရချေသည်။

‘၂၀၀၈ ခြေဥကိုပြင်သင့်၊ မပြင်သင့် ကိုရင်တို့ထင်မြင်ချက် လေးသိပါရစေခင်ဗျာ’’

လူထုပရိသတ်သည် ဆြာဒင်၏အသံကြောင့် မီးကိုရေနှင့်ဖျန်း သကဲ့သို့ ခေတ္တမျှငြိမ်သက်သွား ပြီးနောက် အသံတချို့ကွက်ကြား ကွက်ကြားထွက်ပေါ်လာ၏။

‘‘ဟာ...ဒီလူတွေအူကြောင် ကြောင်နဲ့ ဘာတွေလာမေးနေပါ လိမ့်’’

‘‘အေးလေကွာ။ ဘောင်းဘီ တွေ၊ ရှူးဖိနပ်တွေနဲ့ဆိုတော့ နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့ကများလားလို့။ လက်စသတ်တော့ . . .’’

‘‘တော်တော်အလိုက်ကန်း ဆိုးမသိတဲ့လူတွေပဲ’’

မည်သို့ပင်တီးတိုးရေရွတ် စကားဆိုနေကြစေကာမူ ဆြာဒင် ကား စိတ်ပျက်အားလျော့ခြင်း မရှိဘဲ ဒုတိယမ္ပိမေးခွန်းထုတ်မိ ပြန်၏။ မေးခွန်းအဆုံးမှာပင် လူထုကြီးထံမှ ကျယ်လောင်လှသော ‘‘အီး အီး အီး ရွှတ် ရွှတ်’’ဟူသည့် ငိုချင်းချသံကြီးသည် အထက် ဘဝဂ်တိုင်လောက်အောင် မြည် ဟည်းဆူညံလျက် ဒေါသတကြီး ကြိမ်းမောင်းသံတို့ပါ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

‘‘ကိုချစ်စူရေ၊ ရှင့်အလောင်း ကိုမကောက်ဘဲ ရှင့်လက်ဗွေကို ဇွတ်နှိပ်ပြီး အတည်ပြုဖြစ်သွားတဲ့ ဥပဒေကြီးကိုလာကြည့်လှည့်ပါဦး တော့’’

‘‘နာဂစ်ဖြစ်ပြီလည်းဆိုရော ဘာမှပါမလာ။ လက်ချည်းသက် သက်အခြေအနေလာကြည့်သွား တဲ့လူတွေရဲ့ဥပဒေကြီးပေါ့’’

‘‘၂၀၀၈ မှာ သူတို့ပွဲပျက်မှာ စိုးလို့ နာဂစ်လာမှာသိသိချည်းနဲ့ သတင်းမှောင်ချထားခဲ့ကြတာကွ’’

‘‘အမေရိကန်က ထောက်ပံ့ ရေးသင်္ဘောတွေ အဝင်မခံခဲ့ဘူး တဲ့ကွာ။ ရိုင်းချက်ကတော့ ကမ်း ကုန်တယ်’’

‘‘အေးလေကွာ။ မေးစရာမှ မလိုတာ’’

‘‘မမေးသင့်တဲ့မေးခွန်းလာ မေးနေတယ်။ ကြာတယ်ကွာ။ ဝိုင်းရိုက်ကြ’’

‘‘ဟုတ်တယ်။ ရိုက်ကွ။ ချကွ။ နာနာလေးသာရိုက်’’

‘‘ခဲနဲ့ထု၊ တုတ်နဲ့ပစ်ကြဟေ့။ ဆော်ကြကွာ၊ ဆော်ကြ’’

နောက်ကျသောဖနောင့် သည် ဆြာဒင်တို့၏သစ္စာဖောက် ပေတည်း။ ဆရာတပည့်အားလုံး ဘွတ်ဖိနပ်ကိုယ်စီကျွတ်ကျကျန်ခဲ့ သည်ကိုပင်  မကောက်အား။ နောက်မှ လိုက်ပါလာသောလူ အုပ်ကြီးနှင့်ဝေးရာသို့ တင်ပါးကို ဂျက်တပ်ကာ ခြေကုန်သုတ်ကြရ ၏။ ဦးခေါင်းထက်ဆီမှ တဝီဝီဝဲပျံ နေသည့် ဖိနပ်စုတ်၊ တုတ်အပိုင်း အစ၊ အုတ်ခဲကျိုးတို့ကို ကျွမ်းကျင် စွာရှောင်တိမ်းပြေးလွှားနေသော ဝင်းကျော်ခိုင်ထံမှ အမောဖောက် သံကြီးနှင့်အတူ ဝန်ခံစကားတစ် ခွန်းသည် မြန်နှုန်းမြင့်ခြေအစုံဖြင့် အသားကုန်ပြေးနေသောဆြာဒင့် နားစည်တွင်းသို့ လေအဟုန်ဖြင့် ဝင်လာခဲ့လေ၏။

 ‘‘၉၂ ရာခိုင်နှုန်းမကလို့ ရာနှုန်း တစ်သောင်းကျော်ရင် လည်း သေချာပေါက်ပြင်သင့်တာ ပေါ့ဆြာဒင်ရယ်။ ပြေးနိုင်မှလွတ် မယ်ဆြာဒင်ရေ့’’

ဤသို့လျှင် ခြေဥတရားစီရင် ခန်းအပြီး၌ ဆြာဒင့်အပေါ်တပည့် ကျော်တို့၏ကောင်းချီးမင်္ဂလာသည် တစ်ကြိမ်ဖြစ်ပြန်လေသတည်း။

(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်)

7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...