ရန်ကုန်မြို့ စီးပွားရေးတက္ကသိုလ်ရှေ့တွင် ကျောင်းသူ၊ ကျောင်းသားများကို တွေ့ရစဉ်( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )
ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် တက္ကသိုလ်၊ ကောလိပ်များမှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ရာထူးနေရာ ၃၀ ခန့်ကို ပြောင်းလဲတာဝန်ပေးအပ်လိုက်သည်။
မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့၏ ပါမောက္ခချုပ်ရာထူးကို ဧပြီလတွင် ပြန်တမ်းထုတ်ပြန်၍ ပြောင်းလဲပြီးနောက် ယခုလတွင် ဒုတိယပါမောက္ခချုပ်များအား နေရာရွှေ့ ပြောင်းခြင်းဖြင့် ပါမောက္ခများအား ဒုတိယပါမောက္ခချုပ်ရာထူး တိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
‘‘အရင်တုန်းကလည်း ရာထူးအပြောင်းအလဲတွေရှိပေမယ့် ဒီလောက် မများဖူးဘူး။ ဒီတစ်ခါရာထူးအပြောင်းအလဲ တော်တော်များတယ်’’ ဟု ပညာရေးဝန်ကြီးဌာန အရာထမ်းတစ်ဦးက ပြောသည်။
တက္ကသိုလ် အဆင့်မြင့်ရာထူး အပြောင်းအလဲတွင် ဒုတိယပါမောက္ခချုပ်ရာထူးနှင့် ကောလိပ်ကျောင်းအုပ်ရာထူး ပူးတွဲ ထမ်းဆောင်စေသော တာဝန်ပေးအပ်မှုများ ပါဝင်လာခြင်းသည် ထူးခြားမှုဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဆရာတစ်ဦးက ဆိုသည်။
‘‘တက္ကသိုလ်တစ်ခုမှာ ဒုတိယပါမောက္ခချုပ် တာဝန်ထမ်းဆောင်စေသလို ကောလိပ်တစ်ခုမှာလည်း ကျောင်းအုပ်ကြီးအနေနဲ့ ခန့်ထားတယ်။ အဲဒီတော့ ဘယ်ကျောင်းကို ဖွံ့ဖြိုးတိုးတက်အောင် အဓိက ဆောင်ရွက်မလဲဆိုတာ မေးစရာဖြစ်နေတယ်’’ ဟု အ ထက်ပါဆရာက ပြောကြားသည်။
မန္တလာကောလိပ်မှ ကျောင်း အုပ်ကြီး ဒေါက်တာဝင်းဆွေအားရွှေဘို တက္ကသိုလ်၏ ဒုတိယပါ မောက္ခချုပ် တာဝန် ပူးတွဲထမ်း ဆောင်စေသလို မိတ္ထီလာစီးပွား ရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာတင်တင်ထွေး (၂)အားရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် အမျိုး သားစီမံခန့်ခွဲမှု ပညာကောလိပ် ၏ ကျောင်းအုပ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဒုတိယပါမောက္ခချုပ်သုံးဦးနှင့် ကျောင်းအုပ်ကြီးတစ်ဦးကိုလည်း နယ်မြို့ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းသည် ပြစ်ဒဏ်ပေးသည့်သဘော သက်ရောက်ကြောင်း အထက်ပါ တက္ကသိုလ်ဆရာက ဆိုသည်။
‘‘ကျွန်တော်တို့ဆီမှာက မြို့ ပေါ်ကနေ ရာထူးတူ ရွှေ့ပြောင်းတယ်ဆိုရင် ပြစ်ဒဏ်ပဲ။ နယ် တက္ကသိုလ်ကနေ ရန်ကုန်က တက္ကသိုလ်ပို့တယ်ဆိုရင် ရာထူးတိုးပေးတာပါပဲ’’ ဟု ၎င်းက ဆိုသည်။
ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များ၏ အဆင့်မြင့် ရာထူးနေရာများကို ပြောင်းလဲခဲ့သည့်အပြင် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန် မာပြည်)နှင့် (အောက်မြန်မာပြည်) တို့၏ အဆင့်မြင့်ရာထူးနေရာများ ကိုလည်း ဖြည့်ဆည်းခန့်အပ်ခဲ့ကြောင်း သတင်းရရှိသည်။
7day daily


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။