Ads (728x90)




ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုတွင် အသုံးပြုလျက်ရှိသော ATR လေယာဉ်တစ်စင်းအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်း ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်သစ်ခြောက်စင်း ဝယ်ယူရန်နှင့် ရန်ကုန်လေဆိပ်တွင် ATR လေယာဉ်အကြီးစား ပြင်ဆင်စက်ရုံဖွင့်လှစ်ရန် MoU အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“မြန်မာ့လေကြောင်းအနေနဲ့ ATR လေယာဉ်ကုမ္ပဏီကနေ လေယာဉ်ခြောက်စီး ဝယ်ယူဖို့နဲ့ ATR လေယာဉ်အကြီးစား ပြင်ဆင်စက်ရုံ တည်ဆောက်ဖို့အတွက် မေ ၆ ရက်က MoU ရေးထိုးခဲ့ပါတယ်။ ဒုတိယအဆင့်အနေနဲ့ သဘောတူစာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့လေကြောင်း မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း က ပြောကြားသည်။

မြန်မာ့လေကြောင်းနှင့် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်း၍ ရန်ကုန်လေဆိပ်တွင် ATR လေယာဉ်အကြီးစားပြင်ဆင်စက်ရုံ ဖွင့်လှစ်မည်ဖြစ်ကာ ATR လေယာဉ်ခြောက်စင်းအား ဝယ်ယူသွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများသည် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်များကို အများဆုံးအသုံးပြု၍ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

ထို့ကြောင့် အဆိုပါ ATR လေယာဉ်များအား ပြုပြင်ပြင်ဆင်မှု ပြုလုပ်ရသည့်အခါတိုင်းတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ATR လေယာဉ် ပြင်ဆင်မှုစက်ရုံများတွင် သွားရောက် ပြင်ဆင်နေရသည်။ မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစားပြင်ဆင်စက်ရုံ ဖွင့်လှစ်ပြီးပါက ပြည်တွင်းလေကြောင်းလိုင်းများမှ ATR လေယာဉ် များ၏ လုပ်ငန်းအပ်နှံမှုအပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဟု သတင်းရရှိသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ATR လေယာဉ်ကုမ္ပဏီမှ ATR 72-600 လေယာဉ် ခြောက်စင်းအား ထပ်မံဝယ်ယူသွားမည် ဖြစ်သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာမှ စတင်တည်ထောင် ပျံသန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် ခရီးသည်တင် လေယာဉ်များအဖြစ် ATR-72 သုံးစင်း၊ ATR-42 တစ်စင်း၊ Beech 1900D သုံးစင်း၊ Embraer 190 နှစ်စင်း စုစုပေါင်း လေယာဉ်ကိုးစင်းဖြင့် မြို့ပေါင်း ၂၆ မြို့ သို့ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။ ယင်း ပြင်သစ်ကုန်တင် သီးသန့်လေယာဉ်များအဖြစ် MA 60 တစ်စင်းနှင့် F-28 တစ်စင်းတို့အား အသုံးပြုလျက် ရှိသည်။

Eleven Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...