Ads (728x90)

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/t1/p403x403/1958077_10202634764302652_151172527_n.jpg
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပကာ အစိုးရအဖွဲ့သစ်တစ်ရပ်က အုပ်ချုပ်ခဲ့သည်မှာ သက်တမ်းတစ်ကျော့၏ အနှောင်းပိုင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်ဆိုလျှင် ဒုတိယသက်တမ်း တစ်ကျော့အတွက် ရွေးကောက်ပွဲများ စတင်တော့မည်။ ရွေးကောက်ပွဲကျင်းပရုံ သက်သက်ဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီဟု မဆိုနိုင်ဘဲ ဒီမိုကရေစီစနစ်နှင့် လျော်ညီသော ပြုပြင်ပြောင်းလဲမှုများ မလွဲမသွေ လိုအပ်သည်။ ယခုအချိန်အခါ၌ ဒီမိုကရေစီနှင့် လျော်ညီသော ပြည်သူ့အခွင့်အရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြေခံလူတန်းစားများ ဆင်းရဲမွဲတေမှုမှ ပပျောက်ရေး အစရှိသော နိုင်ငံအတွက် အရေးကြီးလှသော ကိစ္စများနှင့် ပြည့်နှက်နေသည်။ စတုတ္ထမဏ္ဍိုင်ဟုဆိုသော မီဒီယာများ အနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ လုပ်ရပ်များကို စောင့်ကြည့်ကာ အမှားအမှန် ထောက်ပြနိုင်ရန်နှင့် လိုအပ်သည်များကို ပြည်သူများအား သတိပေးရန် လိုအပ်သည်။ ယင်းကဲ့သို့သော အချိန်မျိုးတွင် နိုင်ငံအတွက် အရေးကြီးသော ကိစ္စများကို လျစ်လျူရှုကာ ဒီမိုကရေစီကို အထင်သေးအောင် ရည်ရွယ်ချက်ရှိရှိ အာရုံလွှဲနေကြသူများ ရှိနေသည်။

ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း၌လည်း အကျိုးအကြောင်းဆီလျော်သော ထိန်းချုပ်ကန့်သတ်မှုများရှိသည်။ သို့အတွက် ကျိုးကြောင်းဆီလျော်သော စည်းမျဉ်းစည်းကမ်းများ ရှိရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ‘လွတ်လပ်စွာ ဖော်ထုတ်ပြပိုင်ခွင့်’ (Freedom of Expression) သည် အရေးကြီးလှသည်။ သို့သော် ဒီမိုကရေစီဟူသည် လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းရှိ စနစ်တစ်ရပ်သာ ဖြစ်သောကြောင့် ဒီမိုကရေစီ၏ လွတ်လပ်မှုသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်ချက်ဘောင်များကို မဖြစ်မနေ လေးစားလိုက်နာရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်မှုဟူသည် စည်းလွတ်ဝါးလွတ် မဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ ကန့်သတ်ချက်ဘောင်များ အတွင်း၌သာ ရှိသည်။ Freedom of Expression ဟုဆိုကာ အများပြည်သူရှေ့ မလျော်မကန် ပြောဆိုပြုမှုများ၊ မီဒီယာများ၌ မလျော်မကန် ရေးသားဖော်ပြမှုများ ပြုလုပ်ခြင်းသည် ‘ဒီမိုကရေစီကို ပုံဖျက်ခြင်း’ (Distortion of Democracy) သာဖြစ်သည်။

ဥပမာအားဖြင့် ပြည်သူလူထုအတွက် မည်သည့်အကျိုးမျှမရှိဘဲ မိမိတို့၏ စာစောင်ရောင်းကောင်းရုံ အဖွအရှုပ် အတင်းအဖျင်းများ ရေးသားခဲ့သည့် ‘သူရိယနေ၀န်း’ ကဲ့သို့သော စာစောင်မျိုး၏ လုပ်ရပ်သည် ဒီမိုကရေစီကို အထင်သေးအောင် ပြုလုပ်သည့် Distortion of Democracy သာဖြစ်သည်။ ယင်းသည် အရေးကြီးသော ပင်မဒီမိုကရေစီ လမ်းကြောင်းမှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် အာရုံလွှဲခြင်းဖြစ်သည်။ (‘သူရိယနေ၀န်း’ အား နောက်ကွယ်မှ ငွေကြေးထောက်ပံ့ကာ ဆောင်ရွက်စေခဲ့သူမှာ မည်သူမည်ဝါ ဖြစ်သနည်း။ Eleven Media Group အနေဖြင့် တိတိကျကျ ဖော်ထုတ်ရေးသားရန် တာဝန်ရှိလာသည်)

နိုင်ငံအတွက် အရေးတကြီးကိစ္စများနှင့် ပြည့်နှက်နေချိန်တွင် မီဒီယာအချို့၏ အကူအညီဖြင့် လိင်တူချင်းလက်ထပ်ခွင့်ကို ရှေ့တန်းတင်လာခြင်းမှာလည်း ဒီမိုကရေစီကို အထင်သေးအောင် အာရုံလွှဲခြင်းတစ်မျိုးပင် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဥပမာတစ်ရပ်မှာ မိမိကိုယ်မိမိ ‘ဂေး’ တစ်ဦးဖြစ်ကြောင်း တရားဝင် ကြေညာထားပြီး အမျိုးသမီးချင်း အတူနေသူ သြစတြေးလျဝန်ကြီး ပင်နီဝန်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်ခဲ့သည့် ၀န်ကြီးချုပ် ဂျူလီယာဂီးလတ်၏ လုပ်ရပ်ကို ကိုယ်တိုင်ဂေးဖြစ်သူ ပင်နီဝန်းက ထောက်ခံခဲ့သည်။ ယင်း၌ ပင်နီဝန်း၏ ပြောစကားမှာ “လက်ထပ်ခြင်း အကြောင်းအရာနဲ့ ပတ်သက်ရင် ကျွန်မတို့ လေးစားလိုက်နာရမယ့် ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနဲ့ သမိုင်းဆိုင်ရာ အမြင်တွေက ဒီနေရာမှာ တကယ့်အရှိတရားပါပဲ” ဟူ၍ဖြစ်သည်။

ထို့ကြောင့် နိုင်ငံအတွက် အရေးကြီးသော ကိစ္စများနှင့် ပြည့်နှက်နေသည့် ယခုအချိန်အခါတွင် ဒီမိုကရေစီကို အထင်သေးအောင် ပြုလုပ်လျက် အာရုံလွှဲနေကြသူများ၏ အန္တရာယ်ရှိနေကြောင်း The Daily Eleven သတင်းစာက သတိပေး ရေးသားအပ်ပါသည်။
ref: ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...