Ads (728x90)

Photo: Zero Discrimination Day မှာ အနိုင် (၃)မှတ်နဲ့ အောင်ပွဲခံတဲ့ မကွေး
---------------------------------------------------------------------

၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၂၅) MNL Myanmar 2014 (Week 5)အဖြစ် မတ်လ(၁) ရက်နေ့၊ ညနေ (၄) နာရီ၌ မကွေးအသင်းနှင့် ကမ္ဘောဇ အသင်းတို့ YTC ကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရာ မကွေးအသင်းက ကမ္ဘောဇ အသင်းကို ၃-၁ ဖြင့် အနိုင် ရရှိခဲ့သည်။

မကွေးနှင့် ကမ္ဘောဇတို့ ပွဲစဉ် မစတင်မီ United Nation မှဖွဲ့စည်းထားသည့် UNAIDS အဖွဲ့အစည်း၏ အစီအစဉ် တစ်ရပ်ဖြစ်သော Zero Discrimination အစီအစဉ်ကို ၄ မိနစ်ခန့် ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါ အစီအစဉ်သည် HIV ဖြင့် ဘ၀ရပ်တည် ရှင်သန် နေရသူများ အတွက် ပြုလုပ်ပေးခြင်း ဖြစ်ပြီး " ခွဲခြားနိမ့်ချ ဆက်ဆံမှု သုည " (Zero Discrimination) ဆောင်ပုဒ်ဖြင့် မတ်လ (၁)ရက်နေ့ အား ယင်းနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်လျက် ရှိသည်။ UNAIDS  အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)နှင့် ညှိနှိုင်းတိုင်ပင်ကာ မတ်လ(၁)ရက်နေ့ (ယနေ့)တွင် ကျင်းပခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်၌ အဆိုပါ အစီအစဉ်ကို ထည့်သွင်း မိတ်ဆက် ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လိဂ်ပြိုင်ပွဲ များအနက် Zero Discrimination အစီအစဉ် အား ပထမဆုံး ထည့်သွင်းကျင်းပသည့် လိဂ်ပြိုင်ပွဲအဖြစ် မှတ်တမ်း ၀င်ခဲ့သည်။ Zero Discrimination ထည့်သွင်း ကျင်းပခြင်း အတွက် ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသည့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ကစားသမား များနှင့် နည်းပြများ၊ အသင်း တာဝန်ရှိသူများ ကိုလည်း UNAIDS အဖွဲ့အစည်း၏ ဌာနေ ကိုယ်စားလှယ်မှ ကျေးဇူးတင် စကားဆိုခဲ့သည်။

ယင်းနောက် မကွေးနှင့် ကမ္ဘောဇတို့ ပွဲစဉ်ကို အစီအစဉ် အတိုင်း ဆက်လက် ကျင်းပခဲ့သည်။ ယနေ့ ပွဲစဉ်တွင် မကွေးအသင်းသည် မန်ဆာ၊ ထူးထူးအောင်၊ မာဒမ်ဂူ စသည့် အဓိက ကစားသမား များကို ထည့်သွင်း အသုံးပြုခဲ့ပြီး ကမ္ဘောဇ အသင်းကလည်း စိုးမင်းဦး၊ ဇစ်ကိုဗစ်၊ ကင်နှင့် ဟန်ဆန် အစရှိသည့် ကစားသမား များဖြင့် မကွေးအသင်းကို ရင်ဆိုင် ကစားခဲ့သည်။ ပွဲစသည်နှင့် ကမ္ဘောဇအသင်းက မကွေးအသင်း ဘက်ကို ဖိအားပေး ကစားခဲ့ပြီး ပွဲချိန် (၅) မိနစ်မှာပင်  ဇစ်ကိုဗစ် ဘယ်တောင်ပံ မတင်ပေးပို့မှုမှ အပိုင် ခေါင်းတိုက် သွင်းယူုပြီး ကမ္ဘောဇ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ မကွေးအသင်းချေပဂိုး ရရှိရေးအတွက် ကြိုးပမ်းခဲ့ရာ ပွဲချိန် (၁၀) မိနစ်တွင် နံပါတ်(၂၉) မဒင်ဂူးက ကမ္ဘောဇအသင်း ဂိုးဧရိယာအတွင်း အနိမ့်ဘော အပြင်းကန်သွင်းပြီး ချေပဂိုးသွင်းယူခဲ့သည်။ ယင်းနောက် မကွေးနှင့် ကမ္ဘောဇ အသင်းတို့ အပိုင် ဂိုးသွင်းခွင့်များ လွဲချော်နေခဲ့သဖြင့် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ပဲ ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း အစပိုင်းတွင် မကွေးအသင်း ကစားပုံ ပိုကောင်းလာပြီး ပွဲချိန်(၅၈) မိနစ်တွင် နံပါတ်(၂၉) ကစားသမား မာဒမ်ဂူကပင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ပွဲချိန်(၈၃)မိနစ်တွင် မကွေးနံပါတ်(၂၁) ကစားသမား ဆိုင်လာ က အသင်း အတွက် တတိယမြောက်ဂိုးကို မြေမကျသွင်းယူ ခဲ့ပြန်သဖြင့် ကမ္ဘောဇတို့ ချေပဂိုး ရရန် ပိုမိုခက်ခဲ သွားခဲသည်။ ကမ္ဘောဇ အသင်းမှာ ၇၅ မိနစ် နောက်ပိုင်း အပိုင် ကန်သွင်းခွင့် (၃)ကြိမ်အထိ ရှိခဲ့သော်လည်း နောက်ခံလူ ဟန်ဆန်၏ ကန်သွင်းချက် ဂိုးဘားပေါ် နှစ်ကြိမ်တိုင် ကျော်သွားခဲ့ သလို စိုးမင်းဦး၏ ကန်ချက်လည်း လွဲချော်ခဲ့ပြန်သည်။ လက်ကျန် မိနစ်များတွင် မကွေးအက်ဖ်စီ အသင်းက လူစားလဲမှု အချို့ ထပ်မံပြုလုပ်ပြီး အနိုင် (၃)မှတ်ကို စနစ်တကျ ရယူသွားခဲ့သည်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဇ အက်ဖ်စီ နည်းပြချုပ် ဦးသန်းထိုက်က KBZ FC အနေဖြင့် ယခုရာသီ ချန်ပီယံဖြစ်ရေး အတွက်သာ အစစအရာရာ ကြိုးပမ်း ပြင်ဆင်ခဲ့ကြောင်း၊ သို့သော်ပွဲစဉ်(၅)ပွဲ ကစားပြီးချိန်တွင် ရလဒ်ကောင်းမွန်ခြင်း မရှိခဲ့သည့် အတွက် မိမိအား လူငယ်အသင်း နည်းပြအဖြစ်သာ လွဲပြောင်း တာဝန်ပေးရန် အသင်းနာယက ဦးအောင်ကိုဝင်း ထံသို့ မေတ္တာရပ်ခံ သွားမည်ဖြစ်ကြောင်း မီဒီယာများအား ရှင်းလင်းပြောကြား ခဲ့သည်။ အနိုင်ရရှိ ခဲ့သည့် မကွေးအက်ဖ်စီ နည်းပြ ဦးကြည်လွင်ကမူ လာမည့် ပွဲစဉ်များတွင် ရတနာပုံ၊ ရန်ကုန် တို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် ယနေ့ပွဲအား အမှတ်ရရှိရန် ရည်ရွယ်ခဲ့ကြောင်း၊ ကစားသမားများ ကြိုးပမ်းအားထုတ် မှုကို အသိအမှတ် ပြုပါကြောင်း၊ ရာသီကုန်တွင် မည်သည့် အဆင့် ရရှိစေရမည် ဟုမျှော်လင့်နေမည် မဟုတ်ဘဲ တစ်ပွဲချင်းစီသာ အနိုင်ရရှိရေး၊ ရလဒ် ကောင်းမွန်ရေး အတွက် ကြိုးပမ်း ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref ; #MFF

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...