Ads (728x90)

--------------------------------------------------------------

၂၀၁၄ မြန်မာနေရှင်နယ်လိဂ် MNL MYANMAR 2014 (Week 5) ပွဲစဉ်များကို ယနေ့ ညနေ (၄း၀၀)နာရီက မုံရွာ၊ မန္တလေးနှင့် ရန်ကုန် မြို့များတွင် တစ်ချိန်တည်း ကျင်းပခဲ့သည်။ ပွဲစဉ် (၂၇) အဖြစ် ရန်ကုန်မြို့၊ Y.T.C ကွင်း၌ ချင်းယူနိုက်တက် အသင်းနှင့် ဇွဲကပင် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဇွဲကပင် ယူနိုက်တက် အသင်းကို ၀-၄ ရလဒ်ဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါပွဲတွင် ချင်းယူနိုက်တက် အသင်းက ကိသ်၊ ချစ်စုမိုး၊ ချန်ယာဂင် စသည့် အဓိက, ကစားသမား များကို ပွဲထုတ်ခဲ့ပြီး၊ ဇွဲကပင် အသင်းကလည်း ကန်တာရို၊ ဂျနိုစီယန်၊ အမော်ဘီ အစရှိသည့် ကစားသမားကောင်း အစုံအလင်ဖြင့် ချင်းယူနိုက်တက် အသင်းကို ရင်ဆိုင်ကစား ခဲ့သည်။ ပထမပိုင်းတစ်ပိုင်းလုံး ဇွဲကပင် အသင်းမှ ပိုမိုဖိ ကစားခဲ့ပြီး (၈) မိနစ်တွင် နံပါတ်(၁၀) ကစားသမား အမော်ဘီက ဘယ်တောင်ပံ ဖြတ်တင်ဘောကို အသာအယာ ပိတ်သွင်းယူပြီး အသင်း အတွက် ဗွေဆော်ဦး ဂိုးသွင်းယူခဲ့သည်။ ချင်းယူနိုက်တက် အသင်းမှ ဇွဲကပင် အသင်းဘက်ကို တန်ပြန် တိုက်စစ်ဖြင့် ပြန်လည်ထိုးဖောက် ကစားသော်လည်း အခွင့်အရေး ကောင်းများကို အပိုင် အသုံးမချနိုင် သဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။

(၂၇) မိနစ်တွင် ဇွဲကပင်အသင်း နံပါတ်(၁၃) ကစားသမား ဂျနိုစီယန်က ပင်နယ်တီမှ တဆင့် အသင်းအတွက် ဒုတိယ မြောက်ဂိုးကို သွင်းယူ ပေးခဲ့သည်။ ဒုတိယပိုင်း မှာလည်း ဇွဲကပင် အသင်းကပင် ပိုမိုဖိကစားခဲ့ပြီး (၅၅) မိနစ်တွင် ဂျပန်နိုင်ငံသား ကွင်းလယ် ကစားသမား နံပါတ်(၇) ကန်တာရိုက ချင်းယူနိုက်တက် အသင်းဂိုးဧရိယာ အတွင်း အပြင်းကန်သွင်း ယူပြီး အသင်းအတွက် တတိယမြောက် ဂိုးသွင်းယူခဲ့သည်။ ချက်ခြင်း ဆိုသလိုပင် ဇွဲကပင် အသင်းမှ တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် (၆၃) မိနစ်တွင် နံပါတ်(၈) ညီညီမင်းက စတုတ္ထ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ချင်းယူနိုက်တက် အသင်းမှ ပွဲပြီးခါနီးတွင် ပင်နယ် တီ ပြစ်ဒဏ်ဘောကန် သွင်းခွင့် ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ချေပဂိုးနှင့် လွဲချော်ခဲ့သည်။ လက်ကျန် မိနစ်များတွင် ဇွဲကပင် အသင်းကပင် ဆက်လက် ဖိအားပေးကစားခဲ့သော်လည်း ထပ်မံဂိုးသွင်းယူ နိုင်ခြင်း မရှိတော့သည့် အတွက် ချင်းယူနိုက်တက် ၀-၄ ဇွဲကပင် ယူနိုက်တက် ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

တစ်ချိန်တည်း ယှဉ်ပြိုင် ကစားခဲ့ကြသည့် မုံရွာကွင်း ပွဲစဉ်တွင် အိမ်ရှင် ဇေယျာရွှေမြေ အသင်းက ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ အက်ဖ်စီ အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။ အိမ်ရှင်အတွက် နောက်ခံလူ ဇော်လင်းထွန်းက ပွဲချိန် မိနစ် (၃၀)တွင် ဦးဆောင် ဂိုးသွင်းယူ ပေးခဲ့ပြီး ပထမ ပိုင်းအပြီးထိ (၁-၀) ဂိုးဖြင့် ဇေယျာရွှေမြေ အနိုင်ရ နေသည်။ ဒုတိယ ပိုင်းတွင် ပွဲမှာ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် မှုများဖြင့် အကြိတ်အနယ် ရှိလာခဲ့ပြီး မနောမြေ တိုက်စစ်မှူး အဆာလေနှင့် အိမ်ရှင် ကစားသမား အချို့ အနည်းငယ် အချေအတင် ဖြစ်သည်အထိ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် ဇေယျာရွှေမြေ အတွက် ချူကွာဇူက ဒုတိယ အနိုင်ဂိုး သွင်းယူပြီး အိမ်ရှင် (၂-၀)ဂိုးဖြင့် ပွဲကို ဆက်လက် ဦးဆောင် နေခဲ့သည်။ ယခင်နှစ် ကထက် ခြေစွမ်း ပိုမိုကောင်းမွန် လာသော မနောမြေ အသင်းမှာ ဒုတိယပိုင်း (၆၈) မိနစ်တွင် တစ်လုံးတည်းသော ချေပဂိုး ရရှိခဲ့ပြီး အာဖရီကန် ကစားသမား တစ်ဦးဖြစ်သူ နောက်တန်းလူ အီဗရာဟင်က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။

Photo: YUFC Media
ယခုအပတ် ပွဲစဉ်၏ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ပွဲစဉ်ဟု ဆိုရမည့် အစဉ်အလာ ပြိုင်ဘက် ရတနာပုံနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် အိမ်ရှင် ရတနာပုံ အက်ဖ်စီ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ အဆိုပါ ပွဲစဉ်အား မန္တလေးမြို့ ဒေသခံ ပရိသတ်များ အပြင် ရန်ကုန်မြို့မှ ရန်ကုန်ယူနိုက်တက် ပရိသတ် အချို့လည်း သွားရောက် အားပေးကြည့်ရှု ခဲ့ကြပြီး ဗထူးကွင်းပြည့်သည် အထိ ပရိသတ် အားပေးမှု ရှိခဲ့သည်။

ပွဲစဉ်(၄)ပွဲ ကစားပြီးချိန် အမှတ်ပေး ဇယား ပထမနေရာနှင့် ဒုတိယ နေရာတွင် ကိုယ်စီ ရပ်တည် နေကြသော အသင်းများပီပီ တစ်သင်းနှင့် တစ်သင်း ခြေစွမ်း ကွာဟမှု မရှိဘဲ (၇၀) မိနစ် ကျော်သည်အထိ ဂိုးမရှိ သရေဖြစ်နေသည်။ အိမ်ရှင်၏ ကိုလံဘီယာ နိုင်ငံသား တိုက်စစ်မှူး ဖွန်ဆေကာ၊ ဂျပန် ကွင်းလယ်လူ ရှင်းပိုင်၊ အိုင်ဗရီကိုစ် ခံစစ်အကူ မက်ဇင်မန်၊ နိုင်ဂျီးရီးယား ခံစစ်မှူး ဟက်ပီးနက်စ်နှင့် ရန်ပိုင်၊ ကောင်းစည်သူ၊ အောင်မြင့်အေး၊ ဇော်မင်းထွန်းတို့ ကြိုးပမ်းမှု များကို ရန်ကုန် နောက်ခံလူ ကာဇူကီ၊ အောင်သိုက်နှင့် အလက်ဇန္ဒား အတွဲ၊ အသင်းခေါင်းဆောင် ခင်မောင်လွင်၊ ရန်အောင်ကျော်တို့ အကောင်းဆုံး ကာကွယ် ဟန့်တား နိုင်ခဲ့ကြသလို ကျော်ကိုကို၊ ဆီဇာ၊ ဒေးဗစ်ထန်၊ အီမာဆင်တို့ တိုက်စစ် ဆင်မှုများကလည်း ရတနာပုံ နောက်တန်းကို အလုပ်ရှုပ်စေ ခဲ့သည်။

ရတနာပုံ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၇၅ မိနစ်တွင် ဖွန်ဆေကာ ကအားပါသော ကန်ချက်ဖြင့် သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်း ချေပဂိုးအတွက် ကြိုးစားခဲ့သော်လည်း ၉၀ မိနစ်တွင် ရန်အောင်ကျော် ကန်ချက် ဂိုးဘားပေါ် ကျော်သွားခဲ့ရသည်။ ထပ်ဆောင်း အချိန်ပိုတွင် ဆီဇာ ပေးပို့မှုမှ ကျော်ကိုကို ရင်ဘတ်ဖြင့် ထိန်းပြီး ဂိုးဧရိယာ အတွင်း အပိုင်ကန်သွင်းခဲ့ရာ ရတနာပုံ ဂိုးသမား သီဟစည်သူ ပုတ်ထုတ် ကာကွယ်လိုက်သဖြင့် ချေပဂိုး ရရန် နစ်နာသွားခဲ့သည်။

ရတနာပုံ အက်ဖ်စီ အနေဖြင့် အိမ်ကွင်းတွင် အစဉ်အလာ ပြိုင်ဘက် ရန်ကုန် ယူနိုက်တက် အသင်းကို အနိုင်ရရှိ ခဲ့သောကြောင့် MNL Myanmar 2014 (Week 5) ကစားအပြီး ရမှတ် (၁၃)မှတ်ဖြင့် အမှတ်ပေး ဇယားကို စတင် ဦးဆောင် သွားနိုင်ခဲ့သည်။ တစ်ပတ် အတွင်း AFC Cup နှင့် MNL စစ်မျက်နှာ နှစ်ခု ဖွင့်ခဲ့ရသော ရန်ကုန် ယူနိုက်တက် အသင်းမှာမူ ရမှတ် (၁၀)မှတ်ဖြင့် တတိယ နေရာသို့ ဆင်းပေးလိုက် ရပြီး မုံရွာ အခြေစိုက် ဇေယျာရွှေမြေ အက်ဖ်စီက ရမှတ် ၁၂ မှတ်ဖြင့် ဒုတိယ နေရာသို့ ရောက်ရှိလာသည်။ မနက်ဖြန် မတ်လ ၃ ရက်နေ့တွင် နေပြည်တော် အက်ဖ်စီ အသင်း ပွဲစဉ် ကျန်ရှိနေရာ အမှတ်ပေး ဇယား ပထမ နေရာမှလွဲ၍ ဒုတိယ၊ တတိယနှင့် စတုတ္ထ နေရာတို့ အပြောင်းအလဲ ဖြစ်ဖွယ်ရှိ နေသည်။

Ref ; #MFF
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...