Ads (728x90)

အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်၊ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါတို့သည် ကူးစက်တတ်သောရောဂါများ  ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် ထို ကူးစက်ရောဂါကြီးများကို အဓိကထားကုသပေးရန် ဆေးပညာရှင်များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ရန်ပုံငွေမြောက်မြားစွာ အကုန်အကျခံပြီး တိုက်ဖျက်နေကြသည်မှာ အထင်အရှားဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၏ ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင် (MDG)အရလည်း ထိုကူးစက်ရောဂါများ တိုက်ဖျက်ရေးကို အဓိက ရည်မှန်းချက်များအဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် သတ်မှတ်လှုပ်ရှားနေသည်ကို လူတိုင်းအသိပင်ဖြစ်၏။ ယခုမူ MDG၏ ရည်မှန်းချက်ကိုပင် ပြောင်းရမလို အခြေအနေ ဆိုက်ရောက်နေပြီ။ ကူးစက်ရောဂါများကြောင့် လူအသေအပျောက်နှုန်းထက် 'ကူးစက်တတ်ခြင်းမရှိသော နာတာရှည်ရောဂါများ' (Non Communicable  Diseases) (NCDs)ကြောင့် သေဆုံးလူဦးရေက ကမ္ဘာတစ်လွှားတွင် တစ်နေ့ တခြားများလာ၍ဖြစ်သည်။ NCDs တွင် အဓိကရောဂါ ၄ ခုနှင့် အခြားရောဂါ ၇ခုတို့ ပါဝင်သည်။ အဓိကရောဂါ ၄ ခုမှာ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နှလုံးသွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါတို့ ဖြစ်သည်။ အခြားရောဂါ ၇ ခုမှာ ထိခိုက်ဒဏ်ရာရခြင်း၊ နားလေးခြင်း၊ မြွေကိုက်ခြင်း၊ စိတ်ရောဂါ၊ မျက်မမြင်ရောဂါ၊ သက်ကြီးရွယ်အိုရောဂါနှင့် ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်းတို့ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်၊ မတ် လ ၁ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သော အရှေ့တောင်အာရှ ဒေသတွင်း ကူးစက်တတ်ခြင်းမရှိသော နာတာရှည်ရောဂါများ၏ စိန်ခေါ်မှု အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များကို ကြည့်လျှင် ထိတ်လန့်စရာ ကောင်းလှ၏။ ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးနေသော လူဦးရေ၏ ၆၃ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃၆ သန်းမှာNCDsရောဂါကြောင့် သေဆုံးရခြင်း ပင်ဖြစ်သည်။ ထိုသေဆုံးသူ ၃၆ သန်းအနက် ၉ ဒသမ ၁ သန်းသည် အရွယ်မတိုင်မီ ကွယ်လွန်ကြသူများဖြစ်၏။ အသက် ၆ဝ မတိုင်မီသေဆုံးသူပေါင်း ၂၅ ရာခိုင်နှုန်းမျှထိရှိ၏။ ထို သေဆုံးသူများထဲ၌ ၉ဝ ရာခိုင်နှုန်းမှာ ဝင်ငွေနိမ့်ကျသော၊ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှ ဖြစ်ကြောင်းလည်း သိရသည်။
'ကူးစက်တတ်ခြင်းမရှိသော နာတာရှည်ရောဂါများ ကာကွယ်နှိမ်နင်းရေး'နှင့်ပတ်သက်သော အစည်းအဝေးကို ၅-၈-၂ဝ၁၁နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ဤအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။
"NCDsရောဂါများဟာ ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အနေနဲ့သာ ရှုမြင်ရမှာမဟုတ်ဘဲ နိုင်ငံတစ်ခုရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေတာဖြစ်ပါ တယ်။ ဒီနေ့ကမ္ဘာမှာ စုစုပေါင်း သေဆုံးမှုရဲ့ ၆ဝ ရာခိုင်နှုန်းဟာ NCDsရောဂါတွေကြောင့်ဖြစ်ပြီး ဒီသေဆုံးမှုရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေကဖြစ်ပါတယ်" ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့၏။
တကယ်တော့ NCDsများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သေဆုံးမှုမြင့်မားလာခြင်းသည် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် အငတ်ဘေးနှင့် ဆင်းရဲမှု ပပျောက်ရေးနှင့် အခြားကျန်းမာရေးနှင့်ပတ်သက်သော ရည်မှန်းချက်များ ပြည့်မီရေးအတွက် ကြီးမား သောအဟန့်အတားဖြစ်နေသည်။ ဥပမာ မိသားစုတစ်ခုအတွင်း ပုဂ္ဂိုလ်တစ်ဦးက သွေးတိုးရောဂါဖြစ်နေမည် ဆိုပါစို့။ သွေးတိုးကျဆေးဆိုသည်မှာ သေတပန်သက်တစ်ဆုံးစားရ မည်ဖြစ်ရာ ဆေးဖိုးဝါးခကုန်စရာ တစ်သီတစ်တန်းကြီး ရှိမည်။ မိသားစုဝင်သုံးဦးလေးဦးသာ သွေးတိုးရောဂါဖြစ်ပြီဆိုပါက ကုန်လိုက်မည့်ဆေးဖိုးက တစ်သက်လုံး။ သွေးတိုးရောဂါ ပြင်းထန်လာပြီး ဦးနှောက်သွေးကြော ပြတ်၊ လေဖြတ်သွားလျှင်ကား မိသားစုအတွက် ဘာမှ လုပ်ဆောင်ပေးနိုင်တော့မည်မဟုတ်။ သူ့ ကို ဝိုင်းဝန်းပြုစုကြသည့် လုပ်အား များလည်း လျော့သွားမည်။ တစ် နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုပါက လုပ်အားတွေများစွာလျော့ပါးသွားမည်။ ဆင်းရဲတွင်းတွေ နက်ကုန်မည်။
ရန်ကုန်ဆေးတက္ကသိုလ် ၂ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ တင့်ဆွေလတ်က ဤအစည်းအဝေးတွင် NCDsများမဖြစ်အောင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး နည်းလမ်းများကို တင်ပြသွားသည်။
ဆရာကြီး ဒေါက်တာတင့်ဆွေလတ်၏ စကားဖြင့်ပြောရလျှင် 'လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူ့ ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ကူးစက်မဟုတ်သော ရောဂါများဟုခေါ်သည်'ဟုဆို၏။ ဆရာကြီးဒေါက်တာ တင့်ဆွေလတ်၏ ဟောပြောပွဲနှစ်ခု နားထောင်ဖူးသည်။ ဟာသများဖောက်ဖောက်ပြီး အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ပြောတတ်သူဖြစ်၍ ပရိသတ်တွေ တစ်ဝါးဝါးနှင့် မနားရ အောင်ရယ်ရင်းမှ ကျန်းမာရေးပညာပေးကို ပါးပါးလေးပေးသွားတတ်၏။ ဆရာကြီးက စကားပြောကောင်းသလို စာရေးလည်းကောင်း၏။ ဆရာကြီး၏ ဆောင်းပါးအချို့ ကို ကျွန်တော်ဖတ်ဖူးပြီး သဘောကျမိသည်။
ကူးစက်ခြင်းမရှိသော နာတာရှည်ရောဂါများ (NCDs) သည် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ စသောဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၆၅ နှစ်ကျော်မှ ဖြစ်တတ် သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၄၅ နှစ်မှ ၆၀ကြားတွင် ဖြတ်တတ်သည်ကိုလည်း ကြောက်ခမန်းလိလိ သိရသည်။ အသက် ၂ဝ ကျော် ဆယ်ကျော်သက်များ တွင်ပင် ဤရောဂါရှိတတ်သည်ကို တွေ့ရတော့ အချိန်မီမကာကွယ် မတားဆီး၍မရတော့။ ယခင်တုန်းကမူ NCDsသည် ချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အဖြစ်များပြီး အသက်အရွယ်ကြီးရင့်သူများသာ ဖြစ်တတ်သည်ဟူသော အယူအဆ၊ ဤရောဂါများကို ကာကွယ်တားဆီး၍မရဟူသော အယူအဆတို့မှာ ယခုမမှန် တော့။ NCDsရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဖြစ်များကာ ဆင်းရဲချမ်းသာမရွေး ဖြစ်တတ်လာသည်ကိုတွေ့ရ၏။ NCDs၏ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း မှာ ကူးစက်ရောဂါများကဲ့သို့ပင် ကာကွယ်တားဆီး၍ရ၏။NCDsဖြစ်ပွားရသော အကြောင်းအရင်းကို ယနေ့တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ၄င်းတို့ဖြစ်လာနိုင် သော အန္တရာယ်အမူအကျင့် (Behavioral  Risk  Factors) များကိုမူ သိရှိကြပြီးဖြစ်သည်။ ၄င်းအဓိကအချက်များမှာ – (၁) ဆေးလိပ်သောက်၊ ဆေးရွက်ကြီးငုံ၊ ကွမ်းစားခြင်း၊ (၂) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များစားခြင်း၊ (၃) ကိုယ်ကာယလေ့ကျင့်ခန်း လှုပ်ရှားမှုနည်းခြင်း၊ (၄) အရက်အလွန်အကျွံ သောက်ခြင်းတို့ဖြစ်သည်။ ဤအချက် ၄ ချက်ကို မရှောင်နိုင်လျှင် (၁) သွေးတိုးခြင်း၊ (၂)သွေးအတွင်း အချိုဓာတ်မြင့်ခြင်း၊ (၃)သွေးအတွင်း အဆီဓာတ်မြင့်ခြင်း၊ (၄) အဝလွန်ခြင်းတို့ဖြစ်ပွားကာ ဆက်စပ်ရောဂါတွေ တစ်သီတစ်တန်းကြီး ခံစားလာရမည်ပင် ဖြစ်သည်။
ဃျြီ ရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက်ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကို ချင့်ချိန်သောက်၊ ကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို နေ့ စဉ်နာရီဝက်ခန့် မှန်မှန်လုပ်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားဖို့ဆိုသော 'ဘဝနေထိုင်မှုပုံစံ' (Life Style) ပြောင်းလဲပစ်ဖို့လိုသည်။ အထူး သဖြင့် နေ့စဉ်အစားအသောက်တွင် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက် များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီစသော အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီစားသုံးသင့်သည်။ အဆီမျိုးစုံကို ဆင်ခြင်၍ စားရ မည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှ ရှောင်သင့်သည်။ အငန်ကိုဆင်ခြင်ပြီး အိုင်အိုဒင်းဆား များကိုသာ စားရမည်။ အချိုရေကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ဃျြီ ရောဂါဖြစ်ပွားနှုန်း နှင့်သေနှုန်းကို လျှော့နိုင်မည်ဖြစ်၏။
၅-၈-၂ဝ၁၁က ကျင်းပသော ဃျြီ နှင့်ပတ်သက်သော အစည်းအဝေးတွင် နောက်ဆုံး၌ အဖွဲ့ ၄ ဖွဲ့ခွဲကာ NCDs ၏ အမျိုးသားပေါ်လစီ (မူကြမ်း) ၁၂ ချက်ကို ဆွေးနွေး ညှိနှိုင်းကြသည်။ ပေါ်လစီ၏ ပန်းတိုင်မှာ 'ကူးစက်မဟုတ်သော ရောဂါများကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပွားမှု၊ မသန်စွမ်းဖြစ်မှုနှင့် အရွယ်မရောက်မီ သေဆုံးမှု များ လျော့နည်းစေရန်' ဖြစ်သည်။ ဆေးပညာရှင် ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ အခြားဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ NGO များမှ ကိုယ်စားလှယ်များ၊ WHO ဌာနေ ကိုယ်စားလှယ်ရုံးမှဌာနေ ကိုယ်စားလှယ်နှင့် ကျွန်တော်တို့မီဒီယာအသီးသီးမှ အယ်ဒီတာချုပ်များ၊ အယ်ဒီတာများ ပါဝင်ဆွေးနွေးကြ၏။
ဤဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ကူးစက်တတ်ခြင်းမရှိသော နာတာ ရှည်ရောဂါများ (NCDs) ၏ ဝန်ထုပ်ဝန်ပိုးလျော့နည်းသက်သာစေ ရေးပေါ်လစီ မကြာမီပေါ်ထွန်းလာ ကာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှုများကို အချိန်မီ ကာကွယ်နိုင်မည်သာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် 'ကူးစက်တတ်ခြင်းမရှိသော နာတာရှည်ရောဂါများ' (NCDs) ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အစည်းအဝေးကို ကျွန်တော်တို့မီဒီယာများ လည်းတက်ရောက်ခွင့်ရရှိခဲ့ကြရာ ပြည်သူတစ်ရပ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင် ရန် နှီးနွှယ်ဝန် ကြီးဌာနများ၊ NGOများနှင့်အတူ ကြိုးပမ်းလုပ်ဆောင် သွားရမည်သာ ဖြစ်ပါသည်။
ဟိန်းလတ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...