Ads (728x90)


အာဆီယံ (အရှေတောင်အာရှ နိုင်ငံများအသင်း) နိုင်ငံအချို့နှင့် တရုတ်နိုင်ငံအကြား လွန်ခဲသော ၁၀ နှစ်ကျော်က စတင်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ် အရေး ဖြေရှင်းရာတွင် ပါဝင်သင့်သည့် အခြေခံမူများကို မြန်မာနိုင်ငံ အပါဝင် အရှေတောင်အာရှ နိုင်ငံများအသင်းမှ အဆင့်မြင့် အရာရှိကြီးများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေး နန်းတော်ရာ ခန်းမကြီးတွင် ယနေ့ မနက် ၉ နာရီခန့်တွင် စတင် ဆွေးနွေးလျှက် ရှိသည်။

ယခု ကျင်းပနေသည့် ၁၉ ကြိမ်မြောက် အာဆီယံနှင့် ဒေသတွင်း နိုင်ငံများ ဆွေးနွေးပွဲတွင် အာဆီယံမှ ထိုအခြေခံမူများကို စတင် အကောင်အထည်ဖော်ရန် အတွက် ကြေညာချက် တစ်ရပ် ထွက်ပေါ်လာဖွယ် ရှိကြောင်း အာဆီယံ အတွင်းရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာမှ အာဆီယံရေးရာ ညွန်ကြားရေးမှူးချုပ် ဦးအောင်မြင့်လည်း တက်ရောက်သည်ကို တွေ့ရှိရသည်။

ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးရွာခန်းမ ၄ ထပ် အဆောက်အအုံတွင် ကျင်းပနေသည့် ယင်းအစည်းအဝေးမှ အချက်များကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက် ဆွေးနွေးကြပြီး လာမည့် နိုဝင်ဘာထိပ်သီး ဆွေးနွေးပွဲတွင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များကို အတည်ပြုနိုင်ရန် တင်ပြလိမ့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ် ကိစ္စ အငြင်းပွားမှုတွင် တိုက်ရိုက် ပါဝင် ပတ်သက်မှု မရှိသော်လည်း အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ၂၀၁၄ မတိုင်မီ ထိုပြဿနာကို ကောင်းမွန်စွာ သိရှိ သဘောပေါက်ထားရန် လိုသည်ဟု အကဲခတ်များက ပြောဆိုကြသည်။

ပြဿနာမှာ အာဆီယံ နိုင်ငံအချို့နှင့် တရုတ်နိုင်ငံကြား အငြင်းပွားမှု ဖြစ်ပေါ်နေသော တောင်တရုတ် ပင်လယ် အတွက် ဖြေရှင်းရာတွင် ပါဝင်သင့်သည့် အခြေခံမူများကို တရုတ်နိုင်ငံက ပါဝင် ဆွေးနွေးရန် ရှိမရှိ ဆိုသည့်အချက် ဖြစ်ကြောင်၊း တရုတ်နိုင်ငံ မပါဘဲ အငြင်းပွားမှု ဖြစ်ပေါ်နေသော တောင်တရုတ် ပင်လယ် အတွက် ဖြေရှင်းရာတွင် ပါဝင်သင့်သည် အခြေခံမူများကို ရေးဆွဲခြင်းသည် သဲထဲ ရေသွန်သလို ဖြစ်သည်ဟု အာဆီယံရေးရာ လေ့လာသူ စင်ကာပူ စထရိတ်တိုင်းမှ သတင်းစာ ဆရာတစ်ဦးက ပြောသည်။

တောင်တရုတ် ပင်လယ် အတွက် ဖြေရှင်းရာတွင် ပါဝင်သင့်သည့် အခြေခံမူများကို ၂၀၀၂ ခုနှစ်က စတင်၍ ဆွေးနွေးနေကြခြင်း ဖြစ်ပြီး ယနေ့အချိန်အထိ မည်သည်အချိန်တွင် အပြီးသတ် နိုင်မည်ကို မသိရှိသေးပေ။

ဗီယက်နမ်က ထိုပင်လယ်ပြင်ကို အရှေ့ဗီယက်နမ် ပင်လယ်ပြင် ဟုခေါ်ပြီး ဖိလစ်ပိုင်က အနောက် ဖိလစ်ပိုင် ပင်လယ်ဟု ခေါ်ကြသည်။

တောင်တရုတ်ပင်လယ်သည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း ပေါ်တွင် ရှိပြီး စီးပွားရေး၊ နိုင်ငံရေး မဟာဗျူဟာမြောက် တည်ရှိရုံသာမက ရေနံနှင့် သဘာဝဓာတ်ငွေ့များ ခိုအောင်းနေနိုင်မှု တို့ကြောင့် သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုမှာ အရှိန်မြင့်လျှက် ရှိခြင်း ဖြစ်သည်။

သစ်ထူးလွင်(Blog)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...