Ads (728x90)


Economist Intelligence Unit (EIU)  မှ ထုတ်ပြန်သည့် အာရှပစိဖိတ်ဒေသ တရားမ၀င် ကုန်သွယ်ရေးတားဆီးမှု အဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံအနက် မြန်မာနိုင်ငံက အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

အဆိုပါအစီရင်ခံစာကို ဥရောပ ကုန်သည်ကြီးများအသင်းက ပံ့ပိုးခဲ့ခြင်းဖြစ်ပြီး ဗြိတိန်အခြေစိုက် The Econoomist သတင်းဌာန၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော EIU မှ စီးပွားရေးပညာရှင်များအဖွဲ့က အစီရင်ခံ ဖော်ပြခြင်းဖြစ်သည်။ အစီရင်ခံစာထဲတွင် တရားမ၀င် ကုန်သွယ်ခြင်း၊ ကုန်ပစ္စည်းအတုများ ပြုလုပ်ရောင်းချခြင်း၊ ကုန်သွယ်မှု အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ခြင်း၊ အကြမ်းဖက် လုပ်ငန်းများအတွက် တရားမ၀င် ကုန်သွယ်မှုမှရရှိသော ရန်ပုံငွေများကို အသုံးပြုခြင်း၊ ဆင်စွယ်မှအစ ဆေးဝါးကုသရေး လုပ်ငန်းအဆုံး မှောင်ခိုပြုလုပ်နေသော ရာဇ၀တ်မှု လုပ်ငန်းများကို ထည့်သွင်းတွက်ချက်
သုံးသပ်ထားခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာတွင် အာရှပစိဖိတ် နိုင်ငံ ၁၇ နိုင်ငံ၏ တရားမ၀င် ကုန်သွယ်ရေးများကို တားဆီးနိုင်သည့်အခြေအနေများကို  သုတေသနပြု လေ့လာသုံးသပ်ပြီး အဆင့်များ သတ်မှတ်ခြင်းဖြစ်ပြီး ဥာဏပစ္စည်းပိုင် ဆိုင်မှု၊ ကုန်သွယ်ရေး ပွင့်လင်းမြင်သာရှိမှု၊ အခွန်အကောက်ဆိုင်ရာ အခြေအနေနှင့် ၀ယ်လိုအား၊ ရောင်းလိုအား အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ဥာဏပစ္စည်းပိုင်ဆိုင်မှုတွင် ရမှတ် သုည-အဆင့် ၁၇၊ ကုန်သွယ်ရေး ပွင့်လင်းမြင်သာရှိမှုတွင် ရမှတ် ၁၁ ဒသမ ၈ မှတ်-အဆင့် ၁၆၊ အခွန်အကောက်ဆိုင်ရာ အခြေအနေတွင် ရမှတ်   ၁၁ ဒသမ ၁ မှတ်- အဆင့် ၁၆၊ ၀ယ်လိုအား၊ ရောင်းလိုအား အခြေအနေတွင် ရမှတ် ၂၀ ဒသမ ၄ မှတ်-အဆင့် ၁၇ ရရှိခဲ့ပြီး အဆိုပါကဏ္ဍများကို ပေါင်းစုသတ်မှတ်ချက်အရ ရမှတ် ၁၀ ဒသမ ၈ မှတ်-အဆင့် ၁၇ သာရရှိခဲ့ရာ အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော နိုင်ငံပေါင်း ၁၇ နိုင်ငံ အနက် အောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အာရှပစိဖိတ်ဒေသ တရားမ၀င် ကုန် သွယ်ရေးတားဆီးမှု အဆင့်သတ်မှတ်ချက်တွင် သြစတြေးလျက အဆင့် ၁-ရမှတ် ၈၅ ဒသမ ၂၊ နယူးဇီလန်က အဆင့် ၂-ရမှတ် ၈၁ ဒသမ ၈၊ ဟောင်ကောင်က အဆင့် ၃-ရမှတ် ၈၁ ဒသမ ၄၊  ဂျပန်က အဆင့် ၄-ရမှတ် ၇၅ ဒသမ ၉၊ တောင်ကိုရီးယားက အဆင့် ၅ ရမှတ် ၇၁ ဒသမ ၈၊ မလေးရှားက အဆင့် ၆- ရမှတ် ၇၁ ဒသမ ၈၊ ထိုင်ဝမ်က အဆင့် ၇- ရမှတ် ၆၉ ဒသမ ၈၊ စင်ကာပူက အဆင့် ၈- ရမှတ် ၆၉ ဒသမ ၈၊ တရုတ်က အဆင့် ၉-ရမှတ် ၆၁ ဒသမ ၆၊ အိန္ဒိယက အဆင့် ၁၀-ရမှတ် ၅၄ ဒသမ ၁၊ ထိုင်းက အဆင့် ၁၁-ရမှတ် ၅၃ ဒသမ ၁၊ ဖိလစ်ပိုင်က အဆင့် ၁၂-ရမှတ် ၅၀ ဒသမ ၄၊ ဗီယက်နမ်က အဆင့် ၁၃-ရမှတ် ၄၉ ဒသမ ၄၊ အင်ဒိုနီးရှားက အဆင့် ၁၄-ရ မှတ် ၄၆ ဒသမ ၁၊ ကမ္ဘောဒီးယားက အဆင့် ၁၅-ရမှတ် ၂၃ ဒသမ ၉၊ လာအိုက အဆင့် ၁၆-ရမှတ် ၁၂ ဒသမ ၉၊ မြန်မာက အဆင့် ၁၇-ရမှတ် ၁၀ ဒသမ ၈ ရရှိခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ  UN Office Drugs & Crime  (UNODC) မှ အာရှပစိဖိတ်ဒေသ ဌာနေကိုယ်စားလှယ် Jeremy Douglas က “ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ စိန်ခေါ်မှုတွေ အများကြီးပါပဲ။ ဒါပေမဲ့ အစိုးရသစ်အနေနဲ့ ဒါကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရားမ၀င် ကုန်သွယ်မှုတွေကို တားဆီးနိုင်ဖို့ ပထမဦးဆုံး အရေးတကြီး လုပ်ဆောင်ရမယ့် အရာတစ်ခုကတော့ လူဦးရေနဲ့ လျော်ညီတဲ့ ရဲတပ်ဖွဲ့ရှိဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံဖြတ်ကျော် တရားမ၀င်ကုန်သွယ်မှုနဲ့  မှုခင်းတွေကို တားဆီးနိုင်ဖို့ ရှိနှင့်ပြီး ရဲတပ်ဖွဲ့တွေကိုလည်း အရည်အသွေးမြှင့်တင်ဖို့ လိုပါတယ်” ဟု ယင်းအစီရင်ခံစာတွင် ထင်မြင်ချက်ပေးထားသည်။

 <ဒီနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...